သူဋ္ဌေးကြီး Warren Buffett ပြောသည့်
ကျွန်တော်အရမ်းနှစ်သက်သည့်ရင်းနှီးမြှုပ်နှံမှုမျိုး
-----------------------------------
ရင်းနှီးမြှုပ်နှံခြင်းကိုအနာဂတ်မှာ ပိုမိုများပြားသည့်
ပိုက်ဆံများရရှိရန်ယခုအချိန်မှာရှိသည့်ပိုက်ဆံကို
အသုံးချမြှုပ်နှံသည့်လုပ်ရပ်ဟုများသောအားဖြင့်ဖွင့်ဆို ကြသည်။
ကျွန်တော်တို့ကပိုမိုပြည့်စုံသည့်ရှုထောင့် ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုချင်သည်။
ရင်းနှီးမြှုပ်နှံခြင်း သည် လက်ရှိအချိန်တွင်မိမိ၏ ဝယ်ယူသုံးစွဲနိုင်စွမ်း
Purchasing Power ကို အခြားအခွင့်အလမ်းများထံ
လွှဲပြောင်းပေးအပ်လိုက်ခြင်းဖြစ်သည်။ ထိုသို့ လွှဲပြောင်းပေးခဲ့၍ နောင်အခါ
မိမိထံတွင် ပိုမိုကြီးမား
သည့်ဝယ်ယူသုံးစွဲနိုင်စွမ်းတွေကိုထိုအခွင့်အလမ်းများ မှ
ပြန်လည်ရရှိရန်မျှော်မှန်းနိုင်ရပါမည်။ ထိုမှသာ
ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။ နောင်ကာလတွင်ပိုက်ဆံ များ
ပိုမိုရရှိသော်လည်း မိမိ၏ဝယ်ယူသုံးစွဲနိုင်စွမ်းက တိုးတက်မလာသော်
ရင်းနှီးမြှုပ်နှံမှုကောင်းတစ်ခု မဖြစ်နိုင်ပါချေ။ အတိုချုပ်ပြောပါက
နောင်အနာဂတ် မှာ ပိုမိုသုံးစွဲမှု စားသုံမှုများပြုရန် အခုသုံးစွဲနိုင်သည်
များကို လက်လွတ်ရင်းနှီးလိုက်ခြင်းသည်ရင်းနှီးမြှုပ်နှံ ခြင်း Investing
ပင်ဖြစ်သည်။
ကျွန်တော်တို့၏ထိုအဓိပ္ပာယ်မှ အရေးကြီးသည့်
ကောက်ချက်ထပ်မံချနိုင်ပါသည်။ ရင်းနှီးမြှုပ်နှံမှု တစ်ခု၏
ဆုံးရှုံးနိုင်ချေရှိမှု Riskiness ကို တိုင်းတာ ရာတွင်
၎င်းရင်းနှီးမြှုပ်နှံမှု၏ ဈေးနှုန်းတန်ဖိုးအတက်
အကျအပြောင်းအလဲများကိုကြည့်၍မတိုင်းတာနိုင်ပါ။
၎င်းရင်းနှီးမြှုပ်နှံမှုကြောင့်ရင်းနှီးမြှုပ်နှံသူ၏ ဝယ်ယူ
သုံးစွဲနိုင်စွမ်းသည် ကာလတစ်ခုအကြာတွင်လျော့ကျ
သွားနိုင်ခြင်းရှိမရှိကိုသာတိုင်းတာရပါမည်။
ကျွန်တော်တို့ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်မှုများ သည်
အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲ အတက်အကျဖြစ်နေပါမည်။
သို့သော်ဈေးနှုန်း အတက်အကျများဖြစ်နေရုံဖြင့် ၄င်းရင်းနှီးမြှုပ်နှံမှုများ
အား ဆုံးရှုံးနိုင်ချေများသည်ဟူ၍ ကောက်ချမချ နိုင်ပါ။
ဈေးနှုန်းများမည်မျှပင်ကျနေသည်ဖြစ်စေ ရင်းနှီးမြှုပ်နှံသူ၏
ဝယ်ယူသုံးစွဲနိုင်စွမ်းကို ကာလ တစ်ခုအတွင်း
မြင့်မားစေသောရင်းနှီးမြှုပ်နှံမှုကို အရှုံးများသည်ဟုမပြောနိုင်ပါချေ။
ထို့အပြင်ဈေးနှုန်း အပြောင်းအလဲမရှိတည်ငြိမ်နေသောရင်းနှီးမြှုပ်နှံမှုများ
သည်လည်းဆုံးရှုံးနိုင်ချေများနှင့် ပြည့်နေတတ် ပါသည်။
ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာသည် ကွဲပြား
ခြားနားမှုမျိးစုံဖြင့်တည်ရှိနေတတ်ပါသည်။ ၄င်းတို့ကို
အတန်းအစားသုံးမျိုးခွဲခြားနိုင်ပါသည်။ အတန်းအစား တစ်ခုချင်းစီ၏
လက္ခဏာများကိုနားလည်ရန် အရေး ကြီး၍ သုံးသပ်လေ့လာကြည့်သင့်ပါသည်။
၁။ ပိုက်ဆံအတိအကျပြန်ရမည့်ရင်းနှီးမြှုပ်နှံမှုမျိုး
-------------------------------------
အတိုးတစ်ခုပုံမှန်ပေးမည်ဖြစ်ပြီးကာလတစ်ခုအကြာ တွင်
ငွေအရင်းတစ်ခုကိုအတိအကျမပျက်မကွက်
ပြန်ရရှိမည့်ရင်းနှီးမြှုပ်နှံမှုအတန်းအစားဖြစ်သည်။ ဘဏ်စုငွေများ
ဘဏ်စာရင်းသေအပ်ငွေများ အစိုးရ
ငွေချေးစာချုပ်များငွေတိုက်စာချုပ်များအပေါင်စာချုပ် များ နှင့်
ကုမ္ပဏီငွေချေးစာချုပ်များစသည့်အလားတူ အတိုးရနိုင်မည့်
ရင်းနှီးမြှုပ်နှံမှုများဖြစ်သည်။ ၄င်း ရင်းနှီးမြှုပ်နှံမှုများသည်
ဈေးနှုန်းအတက်အကျ အပြောင်းအလဲမရှိသော်လည်း အမှန်တကယ်တွင် ဆုံးရှုံးနိုင်ချေ
Risk အလွန်ကြီးမားပါသည်။
ဤအတန်းအစားတွင်
ရင်းနှီးမြှုပ်နှံသူများသည် အချိန်မှန်စွာ
အတိုးနှင့်အရင်းကိုရရှိနေတတ်ပါသည်။ သို့သော်လည်း အတိတ်ကာလတစ်လျှောက်ကို
ကြည့်ပါကဤအတန်းအစားရှိရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံတိုင်းရှိ
ရင်းနှီးမြှုပ်နှံသူများ၏ ဝယ်ယူသုံးစွဲ နိုင်စွမ်းကို
လျော့ကျနည်းပါစေခဲ့ပါသည်။ ဤ အကျည်းတန်သောဖြစ်ရပ်သည် ရင်းနှီးသူတိုင်း၏
ဝယ်ယူသုံးစွဲနိုင်စွမ်းကို နည်းပါးစေရန် ထပ်မံ ဖြစ်ပေါ်နေပါဦးမည်။
အဘယ့်ကြောင့်ဆိုသော် နိုင်ငံတိုင်းရှိ အစိုးရများသည်သာ ငွေစက္ကူများထပ်မံ
ရိုက်ထုတ်ခွင့်ကိုပိုင်ဆိုင်၍ ငွေကြေးတစ်ခုတန်ဖိုးကို ၄င်းတို့သာ
သတ်မှတ်နိုင်သောကြောင့်ဖြစ်သည်။ ထို့နောက်စီးပွားရေးစနစ်၏
အကြောင်းအမျိုးမျိုးသည် အစိုးရများအားငွေကြေးဖောင်းပွမှုကိုဖြစ်ပေါ်စေသည့်
မူဝါဒများသာချမှတ်၍ဖြေရှင်းရန်အမြဲတစေသွယ်ဝိုက် တွန်းအားပေးနေမည်ဖြစ်သည်။
အချိန်တိုင်းတွင် ထိုမူဝါဒများကြောင့် ထိန်းချုပ်နိုင်သည်ထက်ပို၍
ငွေကြေးဖောင်းပွမှုများ Inflation ဖြစ်ပေါ်ခဲ့ပါသည်။
ခိုင်မာသောငွေကြေးတစ်ရပ်ကိုပြင်းထန်စွာ လိုလား သည့်
အမေရိကလိုနိုင်ငံမျိုးတွင်ပင် ကျွန်တော်က ဘက်ရှိုင်းယား Berkshire ကုမ္ပဏီကို
စတင် တာဝန်ယူသည့်ခုနှစ်၁၉၆၅ခုနှစ်မှစ၍ကန်ဒေါ်လာ၏ တန်ဖိုးသည် ယခုအခါ ၈၆
ရာခိုင်နှုန်းခန့် ကျဆင်း ခဲ့ပါပြီ။ ထိုအချိန် ၁ ဒေါ်လာသာတန်သည့်အရာကို အခု ၇
ဒေါ်လာအထက်ပေးနေရပြီဖြစ်သည်။ ဤ ငွေကြေးဖောင်းပွမှု၏အကျိုးဆက်ကြောင့်
အခွန်ငွေ မဆောင်ရသည့်ဘဏ်အပ်ငွေများ ငွေချေးစာချုပ်များ တွင်
ထည့်ဝင်ရင်းနှီးထားသော ရင်းနှီးမြှုပ်နှံသူများ သည် တစ်နှစ်လျှင်အတိုးနှုန်း
၎ဒသမ၃ ရာခိုင်နှုန်း အနည်းဆုံးရရှိရန်လိုအပ်ပါမည်။ ထိုနှုန်းထားဖြင့်
ရရှိမှသာရင်းနှီးမြှုပ်နှံသူများ၏၁၉၆၅ခုနှစ်တွင်ရှိသည့်
ဝယ်ယူသုံးစွဲနိုင်စွမ်းကို ထိန်းသိမ်းနိုင်ရုံသာရှိ သေးမည်။
၁၉၆၅ခုနှစ်တွင်ဝယ်ယူနိုင်မည့်အရာကို ယခုအချိန်တွင်
ဝယ်ယူနိုင်ရုံသာပိုင်ဆိုင်မည်ကို ဆိုလိုပါသည်။ ထိုအတိုးနှုန်းထားမှ
အမြတ်အနေဖြင့် တစ်ပြားမှရရှိမည်မဟုတ်။ ထိုနှစ်စဉ်အတိုးနှုန်း ၄ကျပ်
၃၀ပြားတွင် အမြတ်ဝင်ငွေပါသည်ဟု ယူဆပါက
မိမိကိုယ်ကိုမိမိနောက်ပြောင်နေခြင်းသာ ဖြစ်ပါသည်။ ထိုအတိုးနှုန်းသည်
ငွေကြေးဖောင်းပွမှု နှုန်းကို ကာမိရုံပင်ဖြစ်သည်။
အခွန်ပေးဆောင်ရမည့်
ခင်ဗျားတို့ ကျွန်တော်တို့လို ရင်းနှီးမြှုပ်နှံသူများအတွက်မူပိုဆိုးပါသည်။
လွန်ခဲ့ သည့် ၄၇နှစ်ကာလအတွင်းအမေရိကန်အစိုးရသည် နှစ်စဉ်အတိုးနှုန်း ၅ဒသမ၇
ရာခိုင်နှုန်းရရှိမည့် ငွေတိုက်စာချုပ်များကိုထုတ်ဝေခဲ့ပါသည်။ လက်ခံ
နိုင်လောက်သည့် အတိုးနှုန်းထားဟု ထင်မြင်စရာ ရှိပါသည်။ သို့သော်လည်း
ရင်းနှီးမြှုပ်နှံသူတစ်ဦးမှ ပေးရမည့်ဝင်ငွေခွန်သည် ဝင်ငွေ၏ ၂၅
ရာခိုင်နှုန်း ခန့် ဖြစ်ပါလျှင် ထိုငွေတိုက်စာချုပ်များ၏ အတိုးနှုန်း ၅ဒသမ၇
ရာခိုင်နှုန်းမှ အမြတ်ငွေတစ်ပြားမှမရရှိ နိုင်ပါ။ ဝင်ငွေခွန်၏ နှုန်းထားသည်
ရရှိမည့်အတိုး၏ ၁ဒသမ၄ ရာခိုင်နှုန်းကိုဝါးမျိုသွားမည်ဖြစ်ပြီး
မမြင်နိုင်သည့်ငွေကြေးဖောင်းပွမှုသည် အတိုးနှုန်း၏ ကျန်သည့်
၎ဒသမ၃ရာခိုင်နှုန်းကို သိမ်းယူသွားမည် ဖြစ်သည်။
မထင်ရှားမမြင်ရသောငွေကြေးဖောင်းပွမှု သည် သိသာသောအခွန်နှုန်းထက်သုံးဆကျော်
ပိုများနေသည်ကိုတွေ့ရပါမည်။ ထို့ကြောင့်အခွန်နှုန်း တစ်ခုတည်းသာ
ကျွန်တော်တို့ရင်းနှီးမြှုပ်နှံသူတို့၏
ဝန်ထုတ်ဝန်ပိုးမဟုတ်သည်ကိုသိရန်လိုအပ်သည်။ အမေရိကန်ဒေါ်လာတွင်
ဘုရားသခင်စီတို့ယုံကြည် ဟုပုံနိုပ်ထားသော်လည်း ငွေထုတ်စက်ကို
မောင်းနှင်သောလက်ဖြစ်သည့်အစိုးရသည် အမှား
မကင်းသည့်လူသားများဖြင့်ဖွဲ့စည်းထားသည်ကို သိရပါမည်။
သို့သော်မြင့်မားသောအတိုးနှုန်းများသည် အခုလို ပိုက်ဆံကိုအတိအကျပြန်ပေးမည့်
ရင်းနှီးမြှုပ်နှံမှုများ အား ငွေကြေးဖောင်းပွမှုကြောင့်ဆုံးရှုံးရမည့်
အန္တရာယ်မှကာကွယ်ပေးနိုင်ပါသည်။ ၁၉၈၀လွန်နှစ် များတွင်
ရှိခဲ့သည့်အတိုးနှုန်းများသည်ရင်းနှီးမြှုပ်နှံသူ များ
အတွက်အကျိုးရှိစေခဲ့ပါသည်။ မည်သို့ဖြစ်စေ ယခုကာလရှိအတိုးနှုန်းများသည်
ရင်းနှီးသူများ၏ ဝယ်ယူသုံးစွဲနိုင်စွမ်းကိုပင် အနာဂတ်တွင် တည်မြဲ အောင်
ထိန်းသိမ်းပေးနိုင်ခြင်းမရှိ၍ အထူးသတိပြု ရတော့မည်ဖြစ်သည်။
ငွေချေးစာချုပ်တိုင်းသည် အရှုံးပေါ်နိုင်သည်ဟု သတိပေးစာသားများ ရေးသားထား၍သာ
ထုတ်ဝေသင့်ပါတော့သည်။
ထို့ကြောင့် ကျွန်တော်သည် အတိုးပေါ်အခြေခံသည့်
ရင်းနှီးမြှုပ်နှံမှုမျိုးကို အခုလိုအချိန်အခါတွင် ကြိုက်
နှစ်သက်ခြင်းမရှိပါ။ မကြိုက်သော်ညားလည်း ငွေဖြစ်လွယ်မှု Liquidity ကို
ထိန်းသိမ်းရန် ကျွန်တော်တို့ဘက်ရှိုင်းယားကုမ္ပဏီသည် ကာလတို
ငွေချေးစာချုပ်များကို ဝယ်ယူကိုင်ဆောင်ထားရ ပါသည်။
ရင်းနှီးမြှုပ်နှံမှုပြုလုပ်မှုတိုင်းအတွက် အရေးကြီးသည့်
ရင်းနှီးမှုတစ်ချို့ကို လျင်မြန်စွာ ငွေကြေးအဖြစ် ပြောင်းလဲနိုင်စွမ်းသည်
ကုမ္ပဏီတိုင်း အတွက် အခရာကျပါသည်။ ထို့ကြောင့် မည်သို့ပင် တွက်ချေမကိုက်သည့်
အတိုးနှုန်းများဖြစ်နေ သော်လည်း စီးပွားရေးကမောက်ကမဖြစ်မည့်
အချိန်များတွင်အကာအကွယ်ဖြစ်စေရန်ကျွန်တော်တို့ သည် အတိုင်းအတာတစ်ခုထိ
အစိုးရငွေချေးစာချုပ် များကို အရန်ကိုင်ဆောင်ထားပါသည်။
ငွေဖြစ်လွယ်မှုနှင့် နည်းဥပဒေ၏လိုအပ်ချက်များအရ ငွေချေးစာချုပ်ကဲ့သို့
အတိုးအခြေခံရင်းနှီးမြှုပ်နှံမှုများ ကို
အကန့်အသတ်အတွင်းသာရင်းနှီးမည်ဖြစ်သော် လည်း
အကျိုးအမြတ်များပေါ်ထွန်းနိုင်မည့် အခွင့်အရေးများရှိလာလျှင်လည်း
၎င်းတို့ကို တိုး၍ ဝယ်ယူရင်းနှီးသွားပါမည်။ သို့သော်လည်း ငွေချေးစာချုပ်၏
ဈေးနှုန်း သည် အောက်ဈေးဖြင့် ဈေးကွက်တွင်ရရှိနေနိုင်မှု ၄င်းတို့၏
အတိုးနှုန်းများ အခြေအနေအရ မြင့်မား လွန်းနေမှုစသည့် အခွင့်အရေးများသည်
အခုခေတ်တွင် ရင်းနှီးမြှုပ်နှံသူများ ထံသို့လုံးဝနီးပါး မရောက်ရှိ
နိုင်တော့သည်ကိုသိရပါမည်။ ထိုကြောင့် နောင် တစ်ချိန်တွင်
ပိုက်ဆံများစွာပုံမှန်ရရှိနိုင်သော်လည်း ရင်းနှီးမြှုပ်နှံသူ၏
ဝယ်ယူသုံးစွဲနိုင်စွမ်းကို မြင့်မား အောင်မစွမ်းဆောင်ပေးသည့်အပြင်
နိမ့်ပါးသွားစေ နိုင်သည့်အတိုးအခြေခံသည့်မည်သည့်ရင်းနှီးမြှုပ်နှံမှု
မျိုးကိုမှ ကျွန်တော်မနှစ်သက်ပါ။ ရရှိလာမည့် အတိုးနှုန်းကို ဝင်ငွေခွန်နှင့်
ပိုကြောက်စရာ ကောင်းသည့်ငွေကြေဖောင်းပွမှုက နှစ်စဉ်ဝါးမျိုနေ၍ ဖြစ်သည်။
ထို့ကြောင့် ဝေါလမ်းမကြီးမှ Shelby Davis ပြောသလို အမြတ်မရ အရှုံးကို
အာမခံသည့် ငွေချေးစာချုပ်များနှင့် အတိုးအခြေခံရင်းနှီးမြှုပ်နှံမှု များမှ
ရှောင်ရှားခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါသည်။
--------------------------
Buffett ပေးစာမှ လေ့လာမှတ်သားစရာများ
၁။ ရင်းနှီးမြှုပ်နှံမှုတစ်ခု၏အကျိုးအမြတ်ကိုနောင်တွင် မည်မျှပိုက်ဆံရမည်နှင့်တိုင်းတာလို့မရ
၂။ ပိုက်ဆံများစွာပြန်ရတိုင်းလည်းရင်းနှီးမြှုပ်နှံမှု ကောင်းတစ်ခုမဟုတ်
၃။ မိမိ၏ဝယ်ယူသုံးစွဲနိုင်စွမ်းနောင်တွင် မြင့်မား လာမှသာ ရင်းနှီးမြှုပ်နှံမှုကောင်းဖြစ်
၎။ အတိုးအခြေခံရင်းနှီးမှုများပြုရာတွင် ဝင်ငွေခွန် နှင့် ငွေကြေးဖောင်းပွမှုများကို သတိထား
၅။ ဝင်ငွေခွန်နှင့် ငွေကြေးဖောင်းပွမှုနှုန်းကိုပင်
ကာမိရန်အတိုးလုံလောက်စွာမရသဖြင့် အတိုး အခြေခံရင်းနှီးမျြှုပ်နှံမှုများကို
Buffett မနှစ်သက်
၂။ဈေးနှုန်းအတက်အကျသာရှိသည့်ရင်းနှီးမြှုပ်နှံမှုမျိုး
-------------------------------
ဒုတိယအမျိုးအစားရင်းနှီးမြှုပ်နှံမှု၏ လက္ခဏာများကို
ဆက်လက်လေ့လာကြည့်ပါမည်။ ဤအတန်းအစား တွင်မူ
ဈေးနှုန်းအတက်အကျသာရှိပြီးဘာတစ်ခုမှ
ထုတ်လုပ်နိုင်စွမ်းမရှိသည့်ပိုင်ဆိုင်မှုများပါဝင်သည်။
၎င်းတို့ကိုဝယ်ယူခြင်းဖြင့် ငွေချေးစာချုပ်များ ဘဏ် စုငွေများကဲ့သို့
နှစ်စဉ်အတိုး ရရှိမည်မဟုတ်ပေ။ ၄င်းတို့ကိုပိုင်ဆိုင်ရုံဖြင့်ဈေးကွက်တွင်
တန်ဖိုးတစ်ခုခု ရှိသည့် ထုတ်လုပ်မှုများ ဝန်ဆောင်မှုများကိုလည်း
ထုတ်လုပ်နိုင်မည်မဟုတ်၍ မည်သည့်ဝင်ငွေ အမြတ်ငွေမှမရရှိနိုင်ပါ။ သို့သော်
၎င်းရင်းနှီးမြှုပ်နှံမှု များ၏ ဈေးနှုန်းသည် ဈေးကွက်တွင် အတက်အကျ
အပြောင်းအလဲများ အမြဲတစေဖြစ်နေတတ်ပါသည်။ ထိုပိုင်ဆိုင်မှုများမှ
အတိုးလည်းမရဘာတစ်ခုမှလည်း မထွက်သည်ကိုသိသော်လည်း ၄င်းတို့ကို ဝယ်ယူ
ရင်းနှီးသူများသည် နောင်တစ်ချိန်တွင်အခြားတစ်ဦး က ဈေးပိုပေး၍
ဝယ်မည်ကိုမျှော်မှန်းကာကြိုတင် ဝယ်ယူထားခြင်းဖြစ်သည်။ ၁၇ရာစုတွင် ခတ္တာပန်း
များကိုပင် ဈေးအတက်အကျများစွာဖြင့် ဈေး ကစားဝယ်ယူ
ရင်းနှီးမှုများဖြစ်ပေါ်ခဲ့ပါသည်။
ထို့ကြောင့်
၎င်းရင်းနှီးမြှုပ်နှံမှုမျိုးသည် ဝယ်ယူရင်းနှီး ထားသူများအတွက်
အကျိုးအမြတ်ရရှိစေရန် ဈေးပို ပေး၍ ဝယ်ယူမည့်အခြားဝယ်ယူလိုသူများ ထပ်မံ
လိုအပ်ပါမည်။ ထိုသို့ဈေးပိုပေး၍ဝယ်ယူသူများသည် လည်း နောင်တစ်ချိန်တွင်
ထိုဈေးထက်ကိုပိုပေးပြီး ဝယ်ယူမည့် အခြားသူများရှိလာမည်ကို မျှော်မှန်း၍
ဝယ်ယူခြင်းဖြစ်သည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုများသည်
ထုတ်လုပ်နိုင်စွမ်းမရှိပဲအသက်မဲ့နေသည်ကိုသိ
သော်လည်းနောင်တွင်အခြားသူများကလိုလိုချင်ချင် ဖြင့် ဈေးပိုပေး
၍ဝယ်ယူလိမ့်မည်ဟူသော ယုံကြည်ချက်ကြောင့် ဝယ်ယူရင်းနှီးကြခြင်းဖြစ်သည်။
ထို့ကြောင့်ယင်းပိုင်ဆိုင်မှုများသည် ဈေးနှုန်းအမြဲ အတက်ပြနေပြီး
အကျိုးအမြတ် ကျန်ရှိစေရန် ဈေးပိုပေးမည့်ဝယ်ယူသူများ အမြဲတမ်းလိုအပ်
နေမည်ဖြစ်ပြီး ဝယ်ယူသူများရှားပါး သွားပါက ဈေးနှုန်းများသည် ချက်ချင်းပင်
တစ်ဟုန် ထိုးကျဆင်း သွားတတ်ပါသည်။
ဤအတန်းအစားရှိအဓိကရင်းနှီးမြှုပ်နှံမှုတစ်မျိုးမှာရွှေ ဖြစ်သည်။
ငွေကြေးဖောင်းပွမှုနှုန်းများသော အခုလိုအချိန်တွင် ရွှေသည် ဘဏ်စုငွေနှင့်
အတိုးအခြေခံ ရင်းနှီးမြှုပ်နှံမှုများကိုရှောင်ရှားလိုသော
ရင်းနှီးမြှုပ်နှံသူများ၏စိတ်ကြိုက်ရွေးချယ်မှု ဖြစ်နေ ပါသည်။
ငွေကြေးဖောင်းပွမှုနှုန်းကိုစိုးရိမ်သည်မှာ မှန်ကန်သောအကြောက်တရားဖြစ်သည်။
သို့သော် ရွှေတွင်အဓိကအားနည်းချက်နှစ်ခုရှိသည် သတိပြု ရပါမည်။
ပထမအားနည်းချက်မှာ ရွှေ၏အသုံးဝင်မှု အလွန်နည်းခြင်းဖြစ်သည်။ ရွှေသည်
စက်မှုဆိုင်ရာ အသုံးချမှုနှင့် လက်ဝတ်တန်ဆာဆင်ရန် အသုံးဝင် သော်လည်း
ထိုလုပ်ငန်းနှစ်ခုမှနှစ်စဉ် ဝယ်လိုအား သည်နည်းပါးလွန်းပြီး
အကန့်အသတ်တစ်ခုတွင်း သာရှိပါသည်။ ဒုတိယအာနည်းချက်မှာရွှေပိုင်ဆိုင်
ခြင်းဖြင့်မည်သည့်အရာမျှထပ်မံထွက်ရှိလာမည် မဟုတ်ပါ။
ကျွန်တော်တို့တစ်ချိန်ကပိုင်ဆိုင်ခဲ့သော
ရွှေတစ်တုံးသည်ယခုလည်းရွှေတစ်တုံးပဲဖြစ်နေမည်။ ထို့ကြောင့်ရွှေသည်
ဈေးနှုန်အတက်အကျသာရှိ၍ ကျွန်တော်တို့၏ စစ်မှန်သောဝယ်ယူသုံးစွဲနိုင်စွမ်း
တိုးတက်လာအောင် နှစ်စဉ်မစွမ်းဆောင်ပေးပါချေ။
ရွှေဝယ်ယူလိုသူအများစု၏ယုံကြည်ချက်မှာ ၄င်းတို့
ဝယ်ယူစဉ်ကဈေးနှုန်းထက်ပိုပေး၍ဝယ်ယူရင်းနှီးမည့်
အခြားသူများရှိလာမည်ပင်ဖြစ်သည်။ ငွေကြေးဖောင်း ပွမှုနှုန်းကို ကြောက်၍
ရွှေဘက်လှည့်လာခဲ့သော ရင်းနှီးမြှုပ်နှံသူများသည်
၎င်းတို့လိုပဲငွေကြေးဖောင်း ပွမှုကြောင့် ရွှေဝယ်ယူလိုသူများတိုးပွားလာပြီး
ဈေးနှုန်းအတက်ပြလာမည်ကို မျှော်မှန်းကြပါသည်။ လွန်ခဲ့သည် ၁၀နှစ်တာကာလတွင်
ထိုမျှော်မှန်းချက် များသည် မှန်ကန်သရောင်ရှိခဲ့ပါသည်။ ရွှေဈေးနှုန်း သည်
နှစ်တိုင်းလိုလို ငွေကြေးဖောင်းပွမှုထက် ကျော်လွန်၍ အတက်ပြခဲ့သည်။
အတက်ပြနေသည့် ဈေးနှုန်းကြောင့် ရင်းနှီးလိုသူပိုမိုများပြားလာသည်။
ရွှေဈေးအတက်ပြလာမှုသည် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတစ်ခု၏
အကျိုးအမြတ်ကိုလက်တွေ့ ရရှိသည့် သက်သေပြယုဒ်လိုလိုဖြစ်လာသည်။
ရွှေဝယ်တိုင်းမြတ်သည်ဟူသော လုပ်ကြံဇာတ်ခင်း
ယုံကြည်ချက်ကြီးအချိန်ကာလတစ်ခုအထိရှိလာခဲ့ ပါသည်။
ထိုဈေးနှုန်းအတက်ကြောင့်ဝင်ရောက် ရင်းနှီးသူတိုင်းသည်
၎င်းတို့လိုဝယ်ယူလိုသူများ မရှိတော့ပါက
ရွှေဈေးနှုန်းပူဖေါင်းကြီးကွဲသွားနိုင်ပြီး
အထက်ဈေးပေးခဲ့ရသဖြင့်ဈေးကျသွားပါကဆုံးရှုံးမှု များ
ဖြစ်ပေါ်နိုင်သည်ကိုသတိမူသင့်ပါသည်။
လူတိုင်းသည်
ဈေးနှုန်းအတက်ပြနေသည့် မည်သည့်အရာကိုမဆိုပကတိတန်ဖိုးမည်မျှပင် နည်းပါး
သော်လည်းရင်းနှီးမြှုပ်နှံချင်ကြပါသည်။ ဈေးနှုန်းတက်နေသည်ကိုက
ရလဒ်ကောင်းသော အကျိုးအမြတ်ကိုသက်သေပြနေသလိုဖြစ်နေသည်။
ရင်းနှီးမြှုပ်နှံမှုတစ်ခု၏ပကတိတန်ဖိုးကို ဂရုမစိုက်ပဲ
ဈေးနှုန်းအတက်ပြသည့်နောက်လိုက်ရင်း ဈေးနှုန်း ပူဖောင်းကြီးဖြစ်ပေါ်လာပြီး
ထပ်မံဝယ်ယူရင်းနှီးသူ များ ကြောင့် ထိုပူဖေါင်းကြီးကြီးထွားလာရပါသည်။
လွန်ခဲ့သည့် ၁၅နှစ်ကာလတွင် စစ်မှန်သော ထုတ်လုပ်စွမ်းအား နှင့်တန်ဖိုးမရှိပဲ
ဈေးနှုန်းများ ဆက်တိုက်အတက်ပြခဲ့၍ အင်တာနက်ကုမ္ပဏီ
တစ်ချို့၏စတော့များနှင့်အိမ်ခြံမြေဈေးကွက်အချို့တို့ရှိရင်းနှီးမြှုပ်နှံမှုတန်ဖိုးများဖောင်းပွခဲ့ခြင်းမှသင်ခန်းစာ
ရယူနိုင်ပါသည်။ ဈေးနှုန်းပူဖောင်းတို့မည်သည် ဝယ်လိုအားမရှိတော့၍
အချိန်တန်သည့်အခါတွင် ပေါက်ကွဲကာဈေးနှုန်းများကျဆင်းတတ်ခြင်းရှိသည်ပဲ
ဖြစ်ပါသည်။ ပညာရှိသူတို့အရင်ဆုံးလုပ်သည့် အရာကို
လူညံ့တွေကနောက်ဆုံးမှလုပ်သည် ဟူသော ရှေးစကားပုံလေးအတိုင်း မည်မျှပင်
ဈေးနှုန်းများအတက်ပြနေသည်ဖြစ်စေပကတိတန်ဖိုးထက်လွန်ကဲစွာဈေးနှုန်းမြင့်မားနေသည့်
ပူဖောင်း ဈေးကွက်များတွင် ဝင်ရောက်ရင်းနှီးခြင်းမှ
ရှောင်ရှားရန်သတိမူသင့်ပါသည်။
ရွှေနှင့်ရွှေကဲ့သို့သောရင်းနှီးမြှုပ်နှံမှုများကို ဈေးကွက်
ပူဖောင်းအန္တရာယ်ကြောင့်သာမကပဲ အခြားပိုအရေး ကြီးသည့်
အကြောင်းရင်းတစ်ခုအရပို၍ပင်နှစ်သက် ခြင်းမရှိပါ။ ၄င်းတို့သည်
တန်ဖိုးရှိသည့် မည်သည့် အရာကိုမှမထုတ်လုပ်နိုင်ခြင်းကြောင့်ဖြစ်သည်။ ယခု
ကမ္ဘာပေါ်တွင် ရွှေစုစုပေါင်းတန်ချိန် မက်ထရစ်တန် ၁၇၀၀၀၀ခန့် ရှိပါသည်။
၆၈ပေခန့်ပတ်ပတ်လည်စီ ရှိမည့်ရွှေကုဗတုံးကြီးတစ်တုံးရပါမည်။ တစ်အောင်စ လျှင်
ကန်ဒေါ်လာ၁၇၅၀ အခုချိန်ရွှေဈေးအရရှိပါက ထိုရွှေတုံးကြီးသည်ကန်ဒေါ်လာ
၉ဒသမ၆ထရီလျံခန့် ရှိပါမည်။ ထိုရွှေတုံးကိုဝယ်ယူယူရင်းနှီးမည့်
ရင်းနှီးမြှုပ်နှံမှုကို အစု က ဟုသတ်မှတ်ထားပါမည်။
ထိုပမာဏအတိုင်း
အစု ခ ရင်းနှီးမြှုပ်နှံမှုကို ဖန်တီး ကြည့်ပါမည်။ ဒေါ်လာ၉ဒသမ၆ထရီလျံရှိ၍
အမေရိကနိုင်ငံရှိ လယ်မြေ ဧကပေါင်း သန်း၄၀၀ ခန့်ဝယ်ယူနိုင်ပါမည်။
ထိုလယ်မြေများမှ ဂျုံပြောင်း သီးနှံအစရှိသည့်လယ်ယာထွက်ကုန်များနှစ်စဉ်
ဒေါ်လာ၂၀၀ဘီယျံဖိုးခန့်ထုတ်လုပ်ပေးပါမည်။ ထို့အပြင် တစ်နှစ်လျှင် ဒေါ်လာ
၄၀ဘီလျံ အမြတ် ရရှိသည့် Exon Mobil ရေနံနှင့်လောင်စာဆီ
ကုမ္ပဏီလိုမျိုးကုမ္ပဏီပေါင်း ၁၆ခုခန့်ထပ်မံဝယ်ယူ နိုင်ပါသည်။
၎င်းတို့နှစ်မျိုးစလုံးဝယ်ယူပြီးပါက ကျွန်တော်တို့တွင် ဒေါ်လာ ၁ထရီလျံခန့်
ကျန်ဦး မည်ဖြစ်သည်။ ထိုငွေကိုဘာမျှမလုပ်ပဲသည်အတိုင်း ထားမည်။
ယင်းကဲ့သို့ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းကို အစု ခ ဟုထားမည်။
ကျွန်တော်တို့ဆိုလျှင် မည်သည့် အစုကိုရွေးမည်နည်း။ အစု ခ ရွေးမည်မှာရှင်းပါ
သည်။ အစု က ကိုရွေးပြီးအစု ခ ကိုပယ်သည့်
ရင်းနှီးမြှုပ်နှံသူကိုကျွန်တော်တို့နားလည်နိုင်မည် မဟုတ်ပါ။
ထို့အပြင်သိရမည်မှာ နှစ်စဉ်နှစ်တိုင်း ဒေါ်လာ ၁၆၀
ဘီလျံဖိုးခန့်ရွှေများထပ်မံထုတ်လုပ်နေခြင်းဖြစ်သည်။ ထိုထုတ်လုပ်မှုပမာဏသည်
လက်ဝတ်တန်ဆာ ပြုလုပ်ရန် စက်မှုဆိုင်ရာထုတ်လုပ်မှုများအတွက် အသုံးချရန်သာမက
ရွှေဈေးကစားသူသစ်များ ရွှေဝယ်ယူစုဆောင်းလိုသူသစ်များ အတွက်
လုံလောက်သည်ထက်ပိုလျံနေပါသည်။ ထို့ကြောင့် အစု က ရှိဒေါ်လာ
၉ဒသမ၆ထရီလျံတန်ရွှေတုံးကြီး သည်ရေရှည်တွင်ဝယ်လိုအားသိသိသာသာတိုးတက်
မလာနိုင်၍ မူရင်းဝယ်ဈေးအတိုင်းရှိနေပါမည်။
တစ်ဖက်ကိုကြည့်ပါက အစု ခ
ရှိလယ်မြေဧကသန်း ၄၀၀ သည်ရာစုတစ်ခုအကြာတွင်မရေမတွက် နိုင်သော ဂျုံ ပြောင်း
စပါး ကောက်ပဲသီးနှံများစွာ ထုတ်လုပ် ပေးသွားနိုင်မည်ဖြစ်ပြီး ထိုအတိုင်း
ထပ်မံထုတ်လုပ်ပေးနေနိုင်ဦးမည်ဖြစ်သည်။
ငွေကြေးတန်ဖိုးကျသည်ဖြစ်စေတက်သည်ဖြစ်စေ
၎င်းထုတ်လုပ်မှုများမှနှစ်စဉ်ဝင်ငွေများစွာ ရရှိနေ မည်ဖြစ်သည်။ Exon Mobil
လိုကုမ္ပဏီ၁၆ခုသည် လည်း အမြတ်ဝေစုပေါင်း ထရီလျံပေါင်းများစွာကို
ကျွန်တော်တို့အားခွဲဝေပေးခဲ့နိုင်မည်ဖြစ်ပြီး ကုမ္ပဏီများ၏
ပိုင်ဆိုင်မှုများသည်လည်းမူရင်းတန်ဖိုး ဒေါ်လာ ၉ဒသမ၆ထရီလျံထက်အဆပေါင်းများစွာ
တန်သောပိုင်ဆိုင်မှုများရှိနေမည်ဖြစ်ပါသည်။ အစု က ရှိ ၁၇၀၀၀၀တန်ချိန်
ရွှေတုံးကြီးမှာမူ အရွယ်အစားလည်းကြီးမလာ ဘာမှလည်း
ထုတ်လုပ်မပေးနိုင်ပဲရှိအည်။ ကျွန်တော်တို့က ထိုရွှေတုံးကြီးကို
တယုတယပွတ်သပ်ပေးရင်လျှင် လည်း ပြန်လည်တုံ့ပြန်မည်မဟုတ်ပါ။
ရွှေသည်
စီးပွားရေးမတည်ငြိမ်သောကာလများတွင် ဝယ်ယူကိုင်ဆောင်သူများရှိသဖြင့်
ဈေးအတက်ပြနိုင် အကျိုးအမြတ်ရှိနိုင်သည်ကိုဝန်ခံပါသည်။ သို့သော် အစု ခ
ရှိရင်းနှီးမြှုပ်နှံမှုများမှနှစ်စဉ်ထုတ်လုပ်မှုများ
ရောင်းချ၍ရရှိလာသောဝင်ငွေသည် အစု က ရှိ
ရွှေတုံးကြီး၏ဈေးအတက်ပြမှုအနည်းငယ်ထက် အဆပေါင်းများစွာ
ဆပွားနှုန်းဖြင့်သာလွန်နေပါမည်။ ထိုကြောင့် ရင်းနှီးမြှုပ်နှံသူများ၏
ပိုင်ဆိုင်မှုတန်ဖိုးကို ငွေကြေးဖောင်းပွမှုနှုန်းများသည့်အချိန်များတွင်
အထောက်အလျောက်ထိန်းသိမ်းပေးနိုင်သော်လည်း ထုတ်လုပ်နိုင်စွမ်းမရှိသည့်အပြင်
ဈေးနှုန်းပူဖောင်း များပါကြုံကြိုက်နိုင်သည့် ရွှေကဲ့သို့သော
ရင်းနှီးမြှုပ်နှံမှုများကိုကျွန်တော်မနှစ်သက်ပါ။ ရေရှည်
တွင်အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် ရင်းနှီးမြှုပ်နှံသူ၏
ဝယ်ယူသုံးစွဲနိုင်စွမ်းကို မြင့်မားစွာမြှင့်တင်ပေးရန် မသေချာ၍သာဖြစ်ပါသည်။
၃။ကျွန်တော်ကြိုက်သည့်ရင်းနှီးမြှုပ်နှံမှုမျိုး
----------------------------
ဖော်ပြခဲ့သည့်ရင်းနှီးမြှုပ်နှံမှုအမျိုးအစားနှစ်မျိုးသည်
စီးပွားရေးဈေးကွက်အတွင်းအဆိုးမြင်မှုနှင့်အကြောက်
တရားများဖုံးလွှမ်းနေသည့်အချိန်များတွင် လူကြိုက်များကြပါသည်။
စီးပွားရေးပျက်ကပ်များတွင် လူအများစုသည်
အခြားရင်းနှီးမြှုပ်နှံမှုများမလုပ်ပဲ အစိုးရငွေချေးစာချုပ်များဝယ်ယူခြင်း
ဘဏ်စုငွေဖွင့် ခြင်း စသည့်ပိုက်ဆံအတိအကျပြန်ရမည့်အတိုး
အခြေခံရင်းနှီးမြှုပ်နှံများတွင်သာထည့်ဝင်ကြသည်။
ငွေကြေးတစ်ရပ်မခိုင်မာတော့၍ ငွေဖောင်းပွမှု ကြီးမားလာသည့်အချိန်များတွင်လည်း
ရွှေကဲ့သို့ သောရင်းနှီးမြှုပ်နှံမှုမျိုးတို့တွင်ပြောင်းရွှေ့ရင်းနှီး
ကြသည်။ အမှန်တွင် ထိုအချိန်များသည် ထုတ်လုပ်မှုနှစ်စဉ်ပုံမှန်ရှိသည့်
ရင်းနှီးမြှုပ်နှံမှုများတွင် နှုန်းထားသက်သာစွာဖြင့်ထည့်ဝင်ရင်းနှီးရန်
အကောင်းဆုံးအချိန်များဖြစ်သည်။ သို့သော် ၂၀၀၈ ခုနှစ်စီးပွားပျက်ကပ်တွင်မူ
ပိုက်ဆံတန်ဖိုးမြင့်မားနေ
ပြီးရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကိုနှုန်းထား သက်သာစွာဖြင့်
ဝယ်ယူနိုင်သော်လည်း ပိုက်ဆံရှိရင်ဘုရင်ပဲဟုဆိုကာ ပိုက်ဆံကိုအသုံးချ
မြှုပ်နှံသင့်သော်လည်း ကိုင်ထားလိုကြသည်။ အလားတူ ၁၉၈၀လွန်နှစ်များတွင်
အတိုးအခြေခံ ပိုက်ဆံအတိအကျပြန်ရမည့်ရင်းနှီးမြှုပ်နှံမှုများတွင်
ထည့်ဝင်သင့်သည့်အချိန်တွင်လည်း ပိုက်ဆံသည် အမှိုက်ဟုဆိုကာ ၄င်းတို့တွင်
ရင်းနှီးမမြှုပ်နှံပဲ ဈေးနှုန်းပူဖောင်းများဖြင့်ဈေးအတက်ပြနေသော
ရင်းနှီးမြှုပ်နှံမှုများကိုဈေးကြီးပေးဝယ်ယူရင်းနှီးကြ သည်။ ထိုကာလများတွင်
အများအတိုင်းလိုက်၍ ရင်းနှီးမြှုပ်နှံလိုသူများသည် အများထောက်ခံသည့်
ရင်းနှီးမှုမျိုးပြုလုပ်ရင်း ဆုံးရှုံးမှုများစွာကြုံတွေ့ခဲ့ ရပါသည်။
ထို့ကြောင့် ကျွန်တော်ကြိုက်နှစ်သက်သည့် ရင်းနှီး မြှုပ်နှံမှုအမျိုးအစားမှာ
ထုတ်လုပ်ဖြစ်ထွန်းမှုများရှိ သည့် ပိုင်ဆိုင်မှုများဖြစ်ပါသည်။
စီးပွားရေးလုပ်ငန်း များ လယ်ယာမြေများ အလားအလာရှိသည့် အိမ်ခြံမြေများ
နှင့်တန်ဖိုးရှိသည့်ထုတ်ကုန်များ ဝန်ဆောင်မှုများထုတ်လုပ်သည့် ကုမ္ပဏီများ
စသည်တို့တွင်ထည့်ဝင်ရင်းနှီးခြင်းသာလျှင် ရေရှည်
တွင်စစ်မှန်ပြီးမြင့်မားသည့်ဝယ်ယူသုံးစွဲနိုင်စွမ်း Purchasing Power
ကိုဖန်တီးနိုင်မည်ဖြစ်ပါသည်။ ထိုကဲ့သို့သောရင်းနှီးမြှုပ်နှံမှုများမှ
ထုတ်လုပ်လိုက် သောထွက်ကုန်များသည် ငွေကြေးဖောင်းပွမှုများ
ဖြစ်ပေါ်နေသည့်အချိန်များတွင်ပင် ငွေကြေးဖောင်းပွ မှု
ကြောင့်၎င်းတို့၏တန်ဖိုးများကျဆင်းသွားမည် မဟုတ်ပဲ
အလိုက်သင့်ဈေးနှုန်းများတက်ကာ
၎င်းတို့၏မူရင်းတန်ဖိုးကိုထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ထိုထွက်ကုန်များကို
ရောင်းချ၍ရရှိသော အမြတ်များသည်လည်း ငွေကြေးဖောင်းပွမှုနှုန်း
အတိုင်းလိုက်၍မြင့်မားလာမည်ဖြစ်၍ ထိုအကျိုး အမြတ်များသည်
ရင်းနှီးမြှုပ်နှံသူတို့၏ ဝယ်ယူသုံးစွဲနိုင်စွမ်းကို မြင့်မားစေပါသည်။ ဘဏ်
စုငွေနှင့်အစိုးရငွေတိုက်စာချုပ်များမှရရှိမည့်
အတိုးနှုန်းကဲ့သို့ငွေကြေးဖောင်းပွမှု၏ဝါးမျိုမှုကြောင့်
ရရှိမည့်အကျိုးအမြတ်များနည်းပါးတော့မည် မဟုတ်ပါ။ ထို့ကြောင့် လယ်ယာမြေများ
အိမ်ခြံမြေ ပိုင်ဆိုင်မှုများ နှင့် Coca Cola၊ IBM နှင့် See's Candy
စသည့်ခိုင်မာသည့်လုပ်ငန်းများသည်
ဈေးကွက်အတွင်းရှိငွေကြေးဖောင်းပွမှုအန္တရာယ်မှ
အမြဲကျော်လွှားနိုင်မည်ဖြစ်သည်။ တစ်ချို့ကုမ္ပဏီ
လုပ်ငန်းများသည်ငွေကြေးဖောင်းပွမှုကြောင့် ၄င်းတို့၏ စတော့ရှယ်ယာများသည်
ဈေးကြီး နေတတ်ပါသည်။ ထိုကြောင့်ထည့်ဝင်ရင်းနှီး မှုပမာဏများပြီး
အမြတ်ရရှိမှုနည်းနေတတ်ပါသည်။ ထိုသို့ဖြစ်နေလျှင်ပင် ၄င်းကုမ္ပဏီများတွင်
ရင်းနှီးမြှုပ်နှံခြင်းသည် အတိုးအခြေခံရင်းနှီးမြှုပ်နှံမှု များနှင့်
ရွှေကဲ့သို့ပ္စစည်းများထက် ရေရှည်တွင်ပိုမို သာလွန်နေပေမည်။
ငွေကြေးတစ်ရပ်ကိုရွှေအကြွေစေ့ ခရုခွန် သို့မဟုတ် ငွေစက္ကူ မည်သည့်အရာဖြင့်
နောင်တစ်ချိန်တွင် စံနှုန်းထားသုံးစွဲနေသည်ဖြစ်စေ အများပြည်သူတို့ သည်
၎င်းတို့၏နေ့စဉ်လုပ်အားရလဒ်များထဲမှ အချို့ကို Cola တစ်ပုလင်းအတွက်သော်လည်း
ကောင်း မြေပဲစားလှော်တစ်ထုပ်အတွက်သော်လည်း ကောင်း
သုံးစွဲဝယ်ယူနေမည်ဖြစ်သည်။ အနာဂတ် တွင် လူသားများသည် ပိုမိုထုတ်လုပ်မှု
ပိုမိုစားသုံးမှု နှင့် ပိုမိုကောင်းမွန်သည့်နေထိုင်မှုများ ကိုသာ
ပြုလုပ်နေပါမည်။ ထို့ကြောင့်လူတိုင်းသည် မိမိ၏ ထုတ်လုပ်မှုများကို
အခြားသူများ၏ထုတ်လုပ်မှုများ ဖြင့် အစဉ်အမြဲလဲလှယ်နေမည်ဖြစ်သည်။ သို့တည်း
ကြောင့် ထုတ်လုပ်မှုရှိသောပိုင်ဆိုင်မှုများသည်သာ
ပကတိတန်ဖိုးတစ်ခုခိုင်မာစွာရှိနေမည်ဖြစ်ပြီး
ထိုကဲ့သို့ပိုင်ဆိုင်မှုများတွင်သာရင်းနှီးမြှုပ်နှံသင့် ပါသည်။
ကျွန်တော်တို့နိုင်ငံရှိစီးပွားရေးလုပ်ငန်းများစွာသည်
နိုင်ငံသားများလိုလားတောင့်တသည့် ထုတ်ကုန်များ
ဝန်ဆောင်မှုများကိုအမြဲတစေထုတ်လုပ်ရောင်းချ ပေးနေပါသည်။
ထိုစီးပွားရေးလုပ်ငန်းများသည် ဈေးကွက်၏လိုလားတောင့်တမှုများကိုဖြည့်စည်းရန်
နှစ်ပေါင်းများစွာဆက်လက်လည်ပတ်နေမည်ဖြစ်ပြီး
၎င်းတို့၏ရင်းနှီးမြှုပ်နှံရှင်များအား များစွာသော
အကျိုးအမြတ်များကိုနှစ်စဉ်ပေးဝေနေလိမ့်မည်။ ထိုလုပ်ငန်းများ၏တန်ဖိုးကို
တိုင်းတာရာတွင် ဈေးကွက်အတွင်းရှိငွေကြေးတန်ဖိုးတစ်ခုတည်း ဖြင့်တိုင်းတာ၍
မရနိုင်ပါ။ ၄င်းလုပ်ငန်းတို့၏ လူအများနှစ်သက်လက်ခံသော ကုန်ပ္စစည်းများ
ဝန်ဆောင်မှုများ ထုတ်လုပ်ပေးစွမ်းနိုင်စွမ်းကို သာကြည့်၍
တိုင်းထွာအကဲဖြတ်ရပါမည်။ ထိုကဲ့သို့ ထုတ်ကုန်မျိုးကို
အမြောက်အများထုတ်လုပ်နိုင်သည့် စီးပွားရေးလုပ်ငန်း လယ်ယာမြေ အိမ်ခြံမြေ
တို့တွင် သာရင်းနှီးမြှုပ်နှံခြင်းသည်သာလျှင် ရင်းနှီးမြှုပ်နှံသူ တို့၏
ဝယ်ယူသုံးစွဲနိုင်စွမ်းကို ဆပွားမှုများစွာ ဖြင့်မြင့်မားစေပါမည်။
ကျွန်တော်တို့ ဘက်ရှိုင်းယားကုမ္ပဏီ၏ ရည်ရွယ်ချက်မှာ ထိုကဲ့သို့
ထုတ်လုပ်မှုစွမ်းအားမြင့်မားသည့်လုပ်ငန်းများတွင်
ပိုင်ဆိုင်မှုများတိုးမြှင့်ရန်ဖြစ်သည်။ ထိုစွမ်းအားမြင့်မား
သည့်လုပ်ငန်းများကို ကျွန်တော်တို့ကုမ္ပဏီ တစ်ခုတည်းသာအလုံးစုံ
ပိုင်ဆိုင်လိုသော်လည်း အခြေအနေအရဈေးကွက်အတွင်းရှိဝယ်ယူနိုင်သည့်
စတော့ရှယ်ယာအရေအတွက်ကိုသာတိုးချဲ့ဝယ်ယူ သွားပါမည်။ အထက်ပါအတန်းအစားများ
အနက် ဤရင်းနှီးမြှုပ်နှံမှုမျိုးသည်သာ ရေရှည်ကာလတစ်ခု အကြာတွင်
ရင်းနှီးမြှုပ်နှံသူများ၏ဝယ်ယူသုံးစွဲနိုင်စွမ်း
ကိုအမြင့်မားဆုံးဖြစ်စေနိုင်ပါသည်။ ထို့အပြင် လုံခြုံစိတ်ချရဆုံး
အတန်းအစားလည်းဖြစ်ပေသည်။
--------------------
Buffett ၏ပေးစာမှလေ့လာမှတ်သားစရာများ
၁။ရွှေသည်ထုတ်လုပ်မှုတစ်စုံတစ်ရာပြုလုပ်နိုင်သော ရင်းနှီးမြှုပ်နှံမှုမျိုးမဟုတ်၍ ရင်းနှီးသူ၏ ဓနကို တိုးပွားအောင်မစွမ်းနိုင်ချေ။
၂။ရွှေသည်ဈေးနှုန်းအတက်အကျသာရှိသည့်ရင်းနှီး မြှုပ်နှံမှုမျိုးဖြစ်သည်။
၃။ရွှေနှင့်၎င်းကဲ့သို့ရင်းနှီးမြှုပ်နှံမှုများသည် ဈေးနှုန်း
ပူဖောင်းများကွဲသွားပါကဆုံးရှုံးမှုများရှိနိုင်၍
ဈေးနှုန်းများမြင့်မားနေပြီးအတက်ပြနေသည့်အချိန် တွင်
ဝင်ရောက်မရင်းနှီးသင့်ပါ။
၎။ထုတ်လုပ်မှုများနှစ်စဉ်ထွက်နေသည့်
စီးပွားရေး လုပ်ငန်း လယ်ယာမြေ အလားအလာရှိသည့် အိမ်ခြံမြေ
တို့တွင်သာရင်းနှီးခြင်းသည် အကောင်းဆုံးဖြစ်သည်။
၅။ထိုရင်းနှီးမြှုပ်နှံမှုများမှထွက်သည့်ထုတ်ကုန်များ ၏ဈေးနှုန်းသည်ငွေဖောင်းပွမှုနှုန်းအတိုင်း လိုက်လံမြင့်မားမည်ဖြစ်သည်။
၆။ထုတ်လုပ်မှုရှိသည့်ပိုင်ဆိုင်မှုများသည်သာ ရေရှည်တွင် ရင်းနှီးသူ၏ပကတိဓနကို တိုးပွားစေနိုင်ပါသည်။
source : Myanmar Investment Watch