Monday, April 27, 2015

Photo Quote






Technical Analysis (MIW 006)

Technical Analysis အကြောင်းများ ကို ပြောပြသွားပါမည်။ ယခုစာစဉ် ဖတ်အပြီးတွင် သတင်း Website နှင့် စတော့ရောင်းဝယ်ရေး Website တို့ရှိ စတော့ဈေးနှုန်း ဂရပ်များကို လွယ်လွယ်ကူကူ နားလည်ပြီး ဂရပ်များကြည့်ရှုကာ စတော့ရောင်းခြင်းဝယ်ခြင်းများ ပြုလုပ်နိုင် သွားပါမည်။ စတော့ရှယ်ယာများ သာမက နိုင်ငံခြားငွေကြေး ရောင်းဝယ်ခြင်း Forex နှင့် ရွှေငွေကြေးနှင့် ကုန်စည် ရေတို ရောင်းဝယ်ခြင်း တို့ကိုပါ ဈေးနှုန်းပြ ဂရပ်များကြည့်၍ ရောင်းဝယ် နိုင်သွားပါမည်။ ဈေးနှုန်းပြဂရပ်တို့၏ ရှုပ်ထွေးမှု ဟုထင်ရသမျှကို လွယ်ကူစွာ ရှင်းပြတင်ဆက် သွားပါမည်။ MIW ၏ စတော့ဈေးကွက် မိတ်ဆက် အစီအစဉ် အပြီးတွင် စတော့ဈေးကွက် ဆိုင်ရာ ဗဟုသုတများ အတိအလင်း တိုးတက်လာမည် ဟု ယုံကြည်ပါသည်။

စတော့ဈေးနှုန်းဂရပ် ဖတ်ရှုပိုင်းခြားနည်း
----------------------------------
ဟောလိဝုဒ်က စတော့ပွဲစားတွေအကြောင်း ရုပ်ရှင် ဇာတ်ကားတွေကို ကြည့်ဖူးသူတိုင်း မှတ်ပါလိမ့်မည်။ ထိုရုပ်ရှင်များထဲတွင် စတော့ပွဲစားများသည် တစ်နေကုန် ကွန်ပြူတာရှေ့မှာထိုင်ပြီး အရောင်စုံ ဘားဂရပ် မျဉ်းကြောင်းဂရပ်လေးတွေကို မျက်ချေမပြတ်ကြည့်နေကာ ဆယ်မိနစ် တစ်ကြိမ် လောက်တိုင်း ဖုန်းဖြင့် အရောင်းအဝယ် ပြုနေ တတ်ကြသည်။ စတော့အရောင်းအဝယ် လောကတွင် ၄င်းပွဲစားတွေကို ပုံစံကားချပ်ဖြင့် သုံးသပ်သူများ Chartists ဟုခေါ်ဆိုပြီး ၄င်းပွဲစားများသည် နည်းစနစ်ပိုင်းသုံးသပ်နည်း Technical Analysis ကို အသုံးချကာ ရှယ်ယာများကို အရောင်းအဝယ် ပြုလုပ်ကြသည်။
နည်းစနစ်ပိုင်းသုံးသပ်နည်း ဆိုတာဘာလဲ။
-----------------------
နည်းစနစ်ပိုင်းသုံးသပ်နည်း ဆိုသည်မှာ တကယ်တော့ အရောင်းအဝယ်မပြုခင် စမ်းစစ်နည်း တစ်မျိုးပင်ဖြစ်သည်။ နည်းစနစ်ပိုင်းသုံးသပ်နည်း သည် စတော့ဈေးကွက် အတွင်းရှိ ရှယ်ယာတို့၏ ရေတိုကာလ ဝယ်လိုအားနှင့် ရောင်းလိုအားကို လေ့လာပြီး ဖြစ်နိုင်ချေ ဈေးနှုန်းကို ခန့်မှန်း သတ်မှတ်သည်။ ထိုနည်းသည် ရှယ်ယာတစ်ခု၏ အစစ်အမှန် တန်ဖိုး၊ ရေရှည်တွင် ရရှိမည့် အကျိုးအမြတ် နှင့် ရှယ်ယာထုတ်ဝေသည့် ကုမ္ပဏီတို့၏ စွမ်းဆောင်ရည် စသည်တို့ကို ထည့်သွင်းတွက်ချက် သုံးသပ်ခြင်း မလုပ်ပေ။ ၄င်းအချက်အလက်များ၊ ကုမ္ပဏီ၏ အရည်အချင်း၊ ရှင်သန်ရသည့်ဈေးကွက် နှင့် ဆက်စပ်သတင်း စသည်တို့ကို အဓိက ထည့်သွင်းသုံးသပ်ပြီး ရင်းနှီးသင့်မသင့် ဆုံးဖြတ်သည့် အခြေခံပိုင်းသုံးသပ်နည်း Fundamental Analysis သည် ထို့ကြောင့် နည်းစနစ်ပိုင်းသုံးသပ်နည်းနှင့် မတူပဲကွဲပြားသည်။ နည်းစနစ်ပိုင်းသုံးသပ်နည်းကို အသုံးပြုသော စတော့ဝယ်ရောင်း ပြုလုပ်သူများသည် ဈေးကွက် အတွင်းရှိ အစုရှယ်ယာတစ်ခု၏ အချိန်တို အတွင်း ဈေးနှုန်း အတက်အကျများကိုသာ စိတ်ဝင်စားပြီး ၄င်း အစုရှယ်ယာ၏ အစစ်အမှန်တန်ဖိုးကို ဂရုမထားပါ။ စတော့ဝယ်ရောင်းပြုသူများ နှင့် ပွဲစားများ၏ ရည်ရွယ်ချက်မှာ ကုန်သည်တစ်ဦးကဲ့သို့ပင် ရေတို ရှယ်ယာရောင်းဝယ်မှု များများပြု၍ အကျိုးအမြတ် ရရှိရန် ဖြစ်ပြီး အဆိုပါရှယ်ယာတွင် ရေရှည် ရင်းနှီးမြှုပ်နှံရန် မရည်ရွယ်ပါ။
စတော့ရောင်းဝယ်သူများဟာ ဘာကြောင့် နည်းစနစ်ပိုင်းသုံးသပ်မှုကို ပြုလုပ်ပါသလဲ။
----------------------
စတော့ရှယ်ယာ အရောင်းအဝယ်မပြုခင် နည်းစနစ် ပိုင်းသုံးသပ်မှုပြုခြင်းသည် အချိန်ကုန် သက်သာ စေ၍ ဖြစ်သည်။ စတော့ရောင်းဝယ်မှု လုပ်သူသည် စတော့ရှယ်ယာတစ်ခု၏ ဈေးနှုန်းနှင့် အရောင်း အဝယ်ဖြစ်သည့် အရေအတွက် Volume ကို ချက်ချင်းကြည့်ရှုကာ ၄င်းရှယ်ယာ၏ တန်ကြေးကို သုံးသပ်နိုင်၍ ဖြစ်သည်။ အခြေခံပိုင်းသုံးသပ်မှုမှာ ကုမ္ပဏီ၏ အခြေအနေနှင့် သတင်းများပေါ် မူတည်ပြီး အချိန်ယူ သုံးသပ်ရမည်ဖြစ်၍ အရောင်းအဝယ်ပြုရာတွင် ချက်ချင်း တန်ကြေးကို ပိုင်းဖြတ်နိုင်မည်မဟုတ်ပါ။ သို့တည်းအပြင် နည်းစနစ်ပိုင်းသုံးသပ်သူ Technical Analysts တစ်ချို့ဟာ စတော့ရှယ်ယာ၏ လက်ရှိ ဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်နေသည့် အရေအတွက်ကိုသာ ကြည့်ခြင်းဖြင့် ၄င်းရှယ်ယာကို ထုတ်ဝေသည့် ကုမ္ပဏီ၏ အခြေခံသတင်း အချက်အလက်တွေကို ထည့်သွင်းစဉ်းစားပြီးသား ရောက်သည်လို့ ယုံကြည်ကြပါသည်။ ဤယုံကြည်ချက်ဟာ ဝါရင် ဘူဖတ် Warren Buffet လို အခြေခံပိုင်းသုံးသပ်မှု ဖြင့် ရေရှည် ရင်းနှီးမြှုပ်နှံသူများ အတွက် လက်ခံရ ခက်သည့် အယူအဆဖြစ်ပါသည်။
နည်းစနစ်ပိုင်းသုံးသပ်နည်းကို ဘယ်သူတွေ အသုံးပြုသလဲ။
----------------------
အမှန်တစ်ကယ်တွင် နည်းစနစ်ပိုင်းသုံးသပ်မှုသည် စတော့ဝယ်ရောင်းသမားနှင့် ပွဲစားတွေအတွက် သာမက ရေရှည်ရင်းနှီးမြှုပ်နှံလိုသူများအတွက်ပါ အသုံးဝင်သည့် စတော့အရောင်းအဝယ်မပြုခင် စတော့ဈေးနှုန်း သုံးသပ်နည်း တစ်ခုဖြစ်ပါသည်။ နည်းစနစ်ပိုင်း သုံးသပ်မှုသည် အစုရှယ်ယာတစ်ခု တွင် ရေရှည် ရင်းနှီးမြှုပ်နှံသင့်မသင့် ဆုံးဖြတ်သည့် ပညာတော့ မဟုတ်သည်ကို သိထားသင့်ပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာတွင် ငွေပမာဏ မည်မျှဖြင့် ရေရှည် ရင်းနှီးသင့်သည် မသင့်သည်ကို အခြေခံပိုင်း သုံးသပ်နည်းဖြင့် ဆုံးဖြတ်နိုင်မည်ဖြစ်ပြီး စတော့ ရှယ်ယာများကို ဘယ်အချိန်တွင် ရောင်းရမည် ဝယ်ရမည်ကိုတော့ နည်းစနစ်ပိုင်းသုံးသပ်နည်းဖြင့် ဆုံးဖြတ်ရပါမည်။ ထို့ကြောင့် စတော့ရှယ်ယာ အရောင်းအဝယ်ပြုသည့် ပညာတစ်ရပ်ဖြစ်သည့် နည်းစနစ်ပိုင်းသုံးသပ်နည်းသည် စတော့ အရောင်းအဝယ်သမားများ၊ ပွဲစားများနှင့် အကျိုး ဆောင်ကုမ္ပဏီများအတွက် အရေးပါသည့် အသိပညာဖြစ်ပါသည်။ စတော့အိပ်ချိန်းတွင်လည်း အချိန်စက္ကန့်ပိုင်းအတွင်း အရောင်းအဝယ်များစွာကို ပြုလုပ်ပေးခြင်း ဈေးနှုန်းခန့်မှန်းခြင်းတို့ကိုလည်း ပိုလက်တွေ့ကျသည့် ဤနည်းစနစ်ပိုင်း သုံးသပ်နည်း ဖြင့်သာ လုပ်ဆောင် နေပါသည်။
စတော့ဈေးနှုန်းဂရပ်ဖတ်ပြီး Technical Analysis ကို ဘယ်လိုလုပ်ရသလဲ။
--------------------
အောက်မှာ ရှုပ်တယ်လို့ ထင်ရသည့် ဈေးနှုန်း ဂရပ်ပုံတွေကို ပြထားပါတယ်။ မစိုးရိမ်ပါနှင့်။ ဤစာပိုဒ်ကို ဖတ်အပြီးတွင် လွယ်လွယ်ကူကူ ဖတ်ရှုနိုင်သွားမှာပါ။ ဂရပ်ဖတ်တတ်ရင် နည်းစနစ်ပိုင်းသုံးသပ်နည်းကိုပါ တတ်မြောက် လာပါမယ်။ အခု ဂရပ်တွေပုံကို ကြည့်လိုက်ပါ။
Candlestick Chart ဖယောင်းတိုင်ဈေးနှုန်းဂရပ်ပုံ
-----------------------------
ပုံ ၁။ ပုံ ၁ မှာ တွေ့ရတာကတော့ Candlestick ဂရပ်ပုံဖြစ်ပြီး စတော့ရှယ်ယာတစ်ခုရဲ့ ဈေးနှုန်း အတက်အကျများကို Candlestick များစွာဖြင့် ဖော်ပြထားပါတယ်။ ညာဘက်မှာ ရှိတဲ့ ဒေါင်လိုက်မျဉ်းဟာ ရှယ်ယာရဲ့ဈေးနှုန်းပြမျဉ်း ဖြစ်ပြီး အလျားလိုက်မျဉ်းဟာတော့ ထိုရှယ်ယာ အရောင်းအဝယ်ပြုခဲ့သည့် အချိန်နှင့် နေ့ရက်တွေ ပြသည့် ဝင်ရိုးမျဉ်းဖြစ်ပါတယ်။ ဒါကြောင့် Candlestick တစ်ခုတိုင်းဟာ ၅ မိနစ် သို့ ၁၀ မိနစ် သို့ တစ်နာရီ စသည့် အချိန်အပိုင်းအခြား တစ်ခုတွင်းရှိ စတော့ရှယ်ယာတစ်ခု၏ ဈေးနှုန်းများ ကို ညွှန်ပြနေပါတယ်။
Candlestick ပုံမှာပါတဲ့ ဈေးနှုန်းတွေကို ဘယ်လို ဖတ်ရသလဲ
--------------------
ပုံ ၂။ အခု ပုံ ၂ ကိုကြည့်လိုက်ပါ။ Candlestick Chart မှာပါတဲ့ ဖယောင်းတိုင်ပုံကို တွေ့ရပါမယ်။ Candlestick တစ်ခုတိုင်းမှာ စတော့ဈေးနှုန်းနှင့် ပတ်သက်လို့ ဈေးနှုန်းအကြောင်း ငါးမျိုး ပါဝင် ပါတယ်။ အခု ဖယောင်းတိုင်ပုံတွေကို တစ်နာရီ အချိန်အတွင်း ပေါ်ပေါက်ခဲ့သည့် ရလဒ်တွေလို့ မှတ်ယူပြီးဖြေကြာပေးပါမယ်။
High။ ပုံမှာ ဖော်ပြထားတဲ့ High ဆိုတဲ့ အရာဟာ အချိန်တစ်ခုအတွင်း အမြင့်ဆုံး အရောင်းအဝယ် ဖြစ်ခဲ့သည့် ဈေးနှုန်းတွေကို ဆိုလိုပါတယ်။ ၁၀နာရီ မှ ၁၁နာရီ မှာ အမြင့်ဆုံးဈေးနှုန်းက ၂၇၀၀ကျပ် ဖြစ်ပြီး ၁၁ မှ ၁၂နာရီမှာ High ဈေးက ၂၅၀၀ကျပ် ဖြစ်ပါတယ်။
Low။ Low ဆိုတဲ့ ဈေးနှုန်းတွေကတော့ အချိန်တစ်ခု အတွင်း အနိမ့်ဆုံး အရောင်း အဝယ်ဖြစ်ခဲ့တဲ့ ဈေးနှုန်းတွေ ဖြစ်ပါတယ်။ ၁၀နာရီမှ ၁၁နာရီမှာ အနိမ့်ဆုံးဈေးနှုန်းက ၂၁၀၀ကျပ်ဖြစ်ပြီး ၁၁ မှ ၁၂နာရီမှာ Low ဈေးနှုန်းက ၂၀၀၀ကျပ် ဖြစ်ပါတယ်။
Open။ Open ဆိုသည်မှာ အချိန်တစ်ခု စစခြင်း စတင် အရောင်းအဝယ်ဖြစ်ခဲ့သည့် စတော့၏ အဖွင့်ဈေးနှုန်းဖြစ်ပါတယ်။ ၁၀ နာရီမှ ၁၁နာရီ အတွင်း စတင် အရောင်းအဝယ်ဖြစ်ခဲ့သည့် အဖွင့်ဈေးနှုန်းမှာ ၂၃၀၀ ကျပ်ဖြစ်ပြီး ၁၁ မှ ၁၂နာရီမှာ အဖွင့်ဈေးက ၂၄၀၀ကျပ် ဖြစ်ပါတယ်။ ၁၁ မှ ၁၂နာရီအတွင်း Open ဈေးဟာ ၁၀ မှ ၁၂နာရီရှိ Open ဈေးလိုအောက်မှာ မဟုတ်ပဲ အပေါ်နေရာ ရောက်သွားတာကို တွေ့မှာပါ။ ဒါဟာ ၁၁ မှ ၁၂နာရီ ဈေးနှုန်းတွေဟာ အဖွင့်ဈေးက အပိတ်ဈေး Close ထက်များခဲ့၍ ဈေးနှုန်း အကျပြခဲ့လို့ပဲ ဖြစ်ပါတယ်။ ထို့ကြောင့် ဈေးနှုန်းအကျပြတဲ့ ဖယောင်းတိုင်မှာ အဖွင့်ဈေးက အပေါ်မှာ ရှိနေ တတ်ပြီး ဈေးနှုန်းအတက်ပြတဲ့ အချိန်မှာ အဖွင့်ဈေးကအောက်နေမှာ ရှိတတ်ခြင်း ကို မှတ်သားထားရပါမယ်။
Close။ အပိတ်ဈေး Close ဆိုတာ အချိန်တစ်ခု ကုန်ဆုံးချိန် နောက်ဆုံး အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ဈေးနှုန်း ဖြစ်ပါတယ်။ ၁၀ မှ ၁၁နာရီမှာ ပိတ်ခဲ့တဲ့ ဈေးနှုန်းဟာ ၂၅၀၀ကျပ်ဖြစ်ပြီး ၁၁ မှ ၁၂နာရီမှာ Close ဈေးနှုန်းက ၂၂၀၀ကျပ် ဖြစ်ပါတယ်။ Close အပိတ်ဈေးနှုန်းဟာလည်း အဖွင့်ဈေးနှုန်းလိုပဲ ဈေးနှုန်း အတက်အကျပေါ်မူတည်ပြီး တည်နေရာ ပြောင်းသွားမှာပါ။ ဈေးနှုန်းအတက်ပြတဲ့ ၁၀ မှ ၁၁ နာရီ Close ဈေးနှုန်းဟာ ဖယောင်းတိုင်ရဲ့ အပေါ်ဘက် မှာ ရှိပြီး ဈေးနှုန်းအကျပြတဲ့ ၁၁ မှ ၁၂နာရီ Close ဈေးနှုန်းဟာ အောက်နေရာမှာ ရှိပါတယ်။
အစိမ်းရောင်နှင့် အနီရောင်။ အချိန်တစ်ခု အတွင်းမှာ အပိတ်ဈေးက အဖွင့်ဈေးထက် ပိုများခဲ့လျှင် စတော့ဈေးနှုန်း အတက်ပြသည်ဟု ယူဆပြီး အစိမ်းရောင် ဖြင့် ဖယောင်းပုံကို ပြပါတယ်။ အချိန်တစ်ခု အတွင်းမှာ အပိတ်ဈေးက အဖွင့်ဈေးထက် ပိုနည်းခဲ့လျှင် စတော့ဈေးနှုန်း အကျပြသည်ဟု ယူဆပြီး အနီရောင် ဖယောင်းပုံ ကို ပြပါတယ်။ ထို့ကြောင့် ၁၀ မှ ၁၁နာရီ ပုံဟာ စိမ်းနေပြီး ၁၁ မှ ၁၂နာရီပုံဟာ နီနေပါတယ်။
ပုံ A နှင့် ပုံ B ။ ပုံ A မှာ ဖယောင်းပုံရဲ့ အလယ်တိုင် ပျောက်နေပြီး အတုံးလေးသာ ဖြစ်နေတာ တွေ့ရပါမယ်။ ဒါဟာ အဖွင့်ဈေးနှုန်း နှင့် အပိတ်ဈေးနှုန်း တူညီပြီး ဈေးအတက်အကျ မရှိတဲ့ Candlestick ပုံမျိုးဖြစ်ပါတယ်။ ပုံ B မှာ High ရဲ့ဈေးနှုန်းဟာ အပိတ်ဈေးနှင့် ကပ်နေတာ တွေ့ရပါမယ်။ ဒီလို ပုံမျိုးကို ကြည့်၍ စတော့ ဈေးနှုန်းက အမြင့်ဆုံးဈေးနား နီးကပ်စွာ ကပ်ပိတ်တယ်လို့ ပြောနိုင်ပါတယ်။
အခုဆိုရင် Candlestick Chart တွေကို ဖတ်ရှု နိုင်ပြီဖြစ်၍ ၄င်းတို့ကို အသုံးချပြီး နည်းစနစ်ပိုင်း သုံးသပ်နည်း တစ်ချို့ကို တင်ပြသွားပါမယ်။
Trend ခေါ်ဈေးနှုန်း ဦးတည်ရာလမ်းကြည့်နည်း
****************************
ပုံ ၃။ ပုံ ၃ မှာ ဝိုင်းထားသည့် နေရာကို ကြည့်လိုက်ပါ။ စတော့ဈေးနှုန်းများသည် အချိန် အနည်းငယ် အတွင်းဆက်တိုက် ကျဆင်းလာသည် ကို တွေ့ရပါမယ်။ ထိုကဲ့သို့ ဖယောင်းပုံများ၏ High ဈေးနှုန်းများနှင့် Low ဈေးနှုန်းများ နိမ့်ကာ နိမ့်ကာ ကျဆင်းလာသည့် ဦးတည်လာရာ လမ်းကြောင်းကို အကျဘက် ဦးတည်မှု Downward Trend ဟု ခေါ်ပါတယ်။ အဆိုပါ ပုံနှင့် ဆန့်ကျင်ဘက် အနေအထားတွင် ဖယောင်းပုံများ၏ High နှင့် Low ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက် လာပါက အတက်ဘက်ဦးတည်မှု Upward Trend ဟုခေါ်တယ်။
Trend တွေကို ဘယ်လိုအသုံးပြုသင့်သလဲ
-----------------------
Trend တွေသည် စတော့ဝယ်ရောင်းသူတွေ အကြား အချိန်တစ်ခု အတွင်း အစုရှယ်ယာကို ရောင်းထုတ်လိုလာခြင်း ဝယ်ယူလိုလာခြင်း ရေပန်းစားမှုတွေကို ဖော်ပြပါတယ်။ ကား အရောင်း အဝယ်ဈေးကွက် ထဲမှာလိုပင် မတ်တူးကားကို နေ့တစ်နေ့ အတွင်း ချက်ချင်း ဝယ်လိုသူတွေများ လာလို့ ထိုနေ့တွင် ဈေးတက်သွားသလို ဖြစ်ပါတယ်။ ဈေးအတက်ပြမယ့် Upward Trend အရိပ်အရောင်တွေ တွေ့လာလျှင် ၄င်းစတော့ကို ကြိုတင်ဝယ်ယူ ထားသင့်ပြီး ဈေးပြန်မကျမှီ ထုတ်ရောင်းသင့်ပါတယ်။ ဈေးအကျပြမယ့် Downward Trend အရိပ်အရောင်တွေ ပြလာပါက စတော့ကို ကြိုတင်ရောင်းချထားသင့်ပြီး ဈေးပြန်မတက်မှီမှာ ပြန်ဝယ်ယူသင့်ပါတယ်။





စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်သည့် အရေအတွက် Volume
************************
ပုံ ၄။ စတော့ရှယ်ယာများ အချိန်ကာလ တစ်ခု အတွင်း အရောင်းအဝယ်ဖြစ်ခဲ့သည့် အရေအတွက်ဟာ Volume ဖြစ်ပါတယ်။ ပုံ ၄ မှာ ဝိုင်း၍ ပြထားသလို စတော့တစ်ခုရဲ့ အရောင်းအဝယ် အရေအတွက် ဂရပ်ကို စတော့ဈေးနှုန်းဂရပ် အောက်မှာ သပ်သပ် ပြထားလေ့ရှိပါတယ်။ စတော့အရောင်းအဝယ် Website တွေမှာ စတော့တစ်ခု၏ Volume ဂရပ်ကို အခုလိုဖော်ပြထားပါတယ်။ Volume ဟာ အရေးကြီးပါတယ်။ အကြောင်းမှာ အရောင်းအဝယ် အရေအတွက်များစွာ ဖြစ်ခဲ့တဲ့ စတော့ဈေးနှုန်းတွေ ဟာ ပိုခိုင်မာတဲ့ ဈေးနှုန်းအဖြစ် အတည်ပြုနိုင်၍ ဖြစ်ပါတယ်။ ထို့ကြောင့် Volume များစွာနဲ့ စတော့ဈေးနှုန်း အတက်ပြမှုဦးတည်ရာ Upward Trend တွေဟာ Volume အနည်းငယ်ပဲ အရောင်း အဝယ်ဖြစ်ကာ အတက်ပြခဲ့တဲ့ စတော့ဈေးနှုန်း အတက်ပြမှုတွေထက် ပိုမိုခိုင်မာသည်ဟု ယုံကြည်နိုင်ပါတယ်။ ဥပမာပေးရလျှင် အသစ်ဖွင့်သော စားသောက်ဆိုင်တစ်ခုမှာ လူအချို့ သုံးဆောင်နေတာကို တွေ့လျှင် ထိုလူတွေဟာ မြီးစမ်းသည့် သဘောနှင့် လာသုံးဆောင်သည်ဟု ကျွန်တော်တို့ဟာ ကောက်ချက်ချတတ်ပါတယ်။ ဒါမှ မဟုတ်ပဲ အသစ်ဖွင့်သော စားသောက်ဆိုင်တစ်ခု မှာ လူအများ အုတ်အော်သောင်းနင်း မှာယူ သုံးဆောင်နေပါက ထိုဆိုင်မှာ အစားအသောက် ကောင်းတစ်မျိုးမျိုး ရှိနေပြီလို့ ပြောနိုင်ပါတယ်။ ဤ ဥပမာအတိုင်း ရှယ်ယာ အရေအတွက်များစွာဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ စတော့ဈေးနှုန်းတွေဟာ ခိုင်မာထိုက်တန်သည့် ဈေးနှုန်းတန်ဖိုးတစ်ခု ဖြစ်ဖို့များပါတယ်။ ထို့ကြောင့် Volume ကို စတော့ဈေးနှုန်းတစ်ခု၏ အရှိန်အဟုန်ကို ဖော်ပြသည့် အရေအတွက်အဖြစ် မှတ်ယူရပါမယ်။
Volume ကို ဘယ်လိုအသုံးပြုသင့်သလဲ
-----------------------
စတော့ ဈေးနှုန်းအတက်အကျ မှန်သမျှကို ၄င်းတို့နှင့် ဆက်စပ်သည့် စတော့အရောင်းအဝယ် အရေအတွက်ကို ကြည့်၍ သုံးသပ်သင့်ပါတယ်။ ဥပမာပြရလျင် အတက်ဆက်တိုက်ပြခဲ့တဲ့ စတော့ ဈေးနှုန်းတစ်ခုဟာ အချိန်တစ်ခုမှာ ဈေးကျဆင်း သွားပါတယ်။ သို့သော် ကျဆင်းသွာတဲ့ ဈေးနှုန်းဖြင့် ရှယ်ယာ အရောင်းအဝယ်ဖြစ်သည့် အရေအတွက် Volume သည် အလွန်နည်းနေပါက ၄င်းကျဆင်းမှု ဟာ ခိုင်မာမှု မရှိတဲ့ ဈေးကျမှုပဲဖြစ်ပါတယ်။ ထို့ကြောင့် Volume အနည်းငယ်ဖြင့် စတော့ ဈေးကျဆင်းမှုဟာ မခိုင်မာ၍ စတော့ဈေး ပြန်တက်လာနိုင်သည့် အတွက် မိမိပိုင် စတော့တွေကို ချက်ချင်း ထုတ်မရောင်းသေးပဲ စောင့်ကြည့် အကဲခတ်နိုင်ပါသေးတယ်။ ထို့အပြင် အရောင်းအဝယ် အရေအတွက် နည်းသထက် နည်းနည်းလာခြင်း ဖြင့် အတက်ပြလာတဲ့ စတော့ဈေးနှုန်းတွေဟာ အတက်ပြမှု မကြာမှီ ပြီးဆုံးတော့မည့် အရိပ်အရောင်တွေဖြစ်ပြီး ဈေးမကျခင် ထုတ်ရောင်းဖို့ ပြောတဲ့ အချက်ပြမှု တွေပဲဖြစ်ပါတယ်။ ထို့အပြင် လက်ရှိအချိန်တွေမှာ ရှိနေတဲ့ Volume က အရင်က ပျှမ်းမျှ အရောင်းအဝယ်ဖြစ်မှု အရေအတွက်ထက် များနေပါက စတော့၏ အခြေခံဈေးနှုန်း ပြောင်းလဲသွားမှုကို အချက်ပြပါတယ်။
စတော့ ပျမ်းမျှဈေးနှုန်းမျဉ်း Moving Average
***********************
ပုံ ၅။ စတော့ရှယ်ယာတစ်ခု၏ ပျမ်းမျှဈေးနှုန်းမျဉ်း Moving Average ဆိုသည်မှာ အတိတ်ကာလရှိ စတော့ဈေးနှုန်းတွေရဲ့ ပျမ်းမျှဈေးနှုန်းများကို ချိတ်ဆက်ဆွဲသားထားသည့် မျဉ်းဖြစ်ပါတယ်။ ထို့ကြောင့် စတော့တစ်ခု၏ ပျမ်းမျှဈေးနှုန်းမျဉ်းဟာ အတိတ်ကာလမှ ဈေးနှုန်းအတက်အကျတွေကို ရှင်းလင်းစွာ အကျဉ်းချုံ့ဖော်ပြနိုင်ပါတယ်။ ပုံ ၅ မှာပြထားတဲ့အတိုင်း Moving Average ဟာ စတော့ဈေးနှုန်းများစွာကို အကျဉ်းချုံ့ကာ ဖော်ပြသည့် ပျမ်းမျှနှုန်းဖြစ်ပြီး စတော့ ဝယ်ရောင်းသူတွေအတွက် အလွယ်တကူ သုံးသပ်နိုင်ရန် ပျမ်းမျှအားဖြင့် အပြောင်းအလဲတွေ ဈေးအတက်ဘက် အကျဘက် ဦးတည်ရာ Trends တွေကို ရှင်းလင်းစွာဖော်ပြပေးပါတယ်။
ပျမ်းမျှဈေးနှုန်းမျဉ်းကို ဘယ်လိုအသုံးပြုသင့်သလဲ
-------------------------
စတော့တစ်ခု၏ ပျမ်းမျှဈေးနှုန်းမျဉ်းကို ကြည့်ခြင်းဖြင့် စတော့ဈေးနှုန်း၏ အကျဘက်ဦးတည်မှု Downward Trend အတက်ဘက်ဦးတည်မှု Upward Trend တွေကို ဖော်ထုတ်နိုင်ပါမယ်။ အချိန်ကာလတစ်ခု အတွင်းမှာ စတော့ဈေးနှုန်း Candlestick ဂရပ်ဟာ ပျမ်းမျှဈေးနှုန်းမျဉ်းကို အပေါ်ကနေ ချိုးဖောက် ဖြတ်သန်းခဲ့လျှင် စတော့ဈေးနှုန်းတွေဟာ အကျဘက်ကို ဦးတည်လာမှု Downward Trend ကို တွေ့ရပါမယ်။ Candlestick ဂရပ်ဟာ ပျမ်းမျှဈေးနှုန်းမျဉ်းကို အောက်ကနေ ချိုးဖောက်ဖြတ်သန်းခဲ့လျှင်တော့ ဈေးနှုန်း အတက်ဘက်ဦးတည်မှု Upward Trend တွေကို တွေ့ရပါမယ်။ ထို့အပြင် ပျမ်းမျှဈေးနှုန်းမျဉ်းကို အသုံးချပြီး Support နှင့် Resistance ဈေးနှုန်းမျဉ်းများကိုပါ ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။

 


ဈေးနှုန်းထောက်ပံ့မျဉ်း Support Line
**********************
ပုံ ၆။ ဈေးနှုန်းထောက်ပံ့မျဉ်း Support ဆိုတာ ဈေးနှုန်းနေရာပြမျဉ်း တစ်ခုပဲဖြစ်ပါတယ်။ စတော့ရှယ်ယာ တစ်ခုရဲ့ကျဆင်းနေတဲ့ ဈေးနှုန်းတွေဟာ ထိုမျဉ်းအနားရှိ ဈေးနှုန်းကို ရောက်လာရင် ဆက်မကျတော့ပဲ ပြန်လည် တက်လာတတ်ပါတယ်။ အကြောင်းမှာ အစုရှယ်ယာ တစ်ခု၏ ဈေးနှုန်းက ထောက်ပံ့မျဉ်းပေါ်ရှိ Support ဈေးနှုန်း အနီးသို့ ကျဆင်းလာချိန်တွင် စတော့ဝယ်ရောင်းသူများဟာ ၄င်းရှယ်ယာ၏ဈေး ပေါ်လွန်းနည်းလွန်းသည်ဟု ထင်ပြီး ပြန်လည် ဝယ်ယူမှုများကြောင့် ဈေးအတက် ပြန်လည် ပြလာနေလို့ပဲဖြစ်ပါတယ်။ ထို့အပြင် Support ဈေးနှုန်းသည် ရောင်းသူဝယ်သူများမှ ကိန်းပြည့် များဖြင့် ရောင်းဝယ်ရသည်ကို ပိုမိုနှစ်သက်၍ များသောအားဖြင့် ဒသမ ဂဏန်းမပါသော ကိန်းပြည့် ဈေးနှုန်းများ ဖြစ်နေတတ်ပါတယ်။ ဥပမာ ၅၉ကျပ်။ Support ဈေးနှုန်းကို စတော့ Candlestick ဂရပ်များတွင် သတ်မှတ်ဆွဲသား လိုပါက ကျနေသည့် ဈေးနှုန်း ပြန်တက်သွားသည့် အမှတ်များကို ဖြတ်၍ ရေးဆွဲရပါမယ်။ ပုံ ၆ တွင် အမေဇုန် အွန်လိုင်းကုမ္ပဏီ၏ စတော့ဈေးနှုန်းပြ ဂရပ်ကို ဖော်ပြထားပါတယ်။ ထိုဂရပ်တွင် ကျဆင်းလာသော စတော့ဈေးနှုန်းများဟာ ဒေါ်လာ ၅၉ ဈေးနှုန်း အရောက်တွင် သုံးကြိမ်တိုင်တိုင် ပြန်လည် အတက်ပြခဲ့၍ Support ဈေးနှုန်းမျဉ်းကို ၅၉ ဒေါ်လာ အပေါ်မှာဖြတ်သန်းရေးဆွဲရပါမယ်။ Support ဈေးနှုန်းဟာ အစုရှယ်ယာ၏ အခြေအနေ ပေါ်မူတည်၍ ပြောင်းလဲနိုင်ပါတယ်။
ဈေးနှုန်း ခုခံမျဉ်း Resistance Line
*****************************
ပုံ ၇။ ဈေးနှုန်းထောက်ပံ့မျဉ်း Support ၏ သဘောတရား နှင့် ပြောင်းပြန်ဖြစ်သော မျဉ်းမှာ ဈေးနှုန်းခုခံမျဉ်း Resistance ဖြစ်ပါတယ်။ Resistance မျဉ်းပေါ်ရှိ ဈေးနှုန်း အနီးသို့ အရောက်တွင် အစုရှယ်ယာတစ်ခု၏ အတက်ပြ နေသော ဈေးနှုန်းတွေဟာ ပြန်လာ ကျဆင်းလာ တတ်ပါတယ်။ ထိုသို့ဖြစ်ခြင်းမှာ စတော့ ဝယ်ရောင်းသူများဟာ အစုရှယ်ယာတစ်ခု၏ ဈေးနှုန်းက Resistance ဈေးနှုန်း အနီးသို့ အတက်ပြလာတိုင်း ၄င်းရှယ်ယာ၏နှုန်း ဈေးမြောက် လွန်းနေပြီဟု ထင်ပြီး ပြန်လည် ထုတ်ရောင်းမှုများ ကြောင့် စတော့ဈေးနှုန်းများ ဈေးအကျ ပြန်လည် ပြလာနေ၍ ဖြစ်ပါတယ်။ ပုံ ၇ မှာ Resistance မျဉ်း၏ ဥပမာကို တွေ့ရမှာ ဖြစ်ပါတယ်။
Support မျဉ်းနှင့် Resistance မျဉ်းအကြား ပုံစံ ပြောင်းပြန်ဖြစ်ခြင်း Role Reversal
*********************************
ပုံ ၈။ တစ်ချို့အချိန်တွေမှာ Support မျဉ်းကနေ Resistance မျဉ်းအဖြစ် ပြောင်းပြန်ဖြစ်သွားမှုမျိုး ရှိနိုင်ပါတယ်။ ဒီလို အခြေအနေကို Role Reversal လို့ ခေါ်ပါတယ်။ စတော့ဈေးကွက်အတွင်း Support မျဉ်းသို့ ကျဆင်းလာတဲ့ စတော့ဈေးနှုန်း ဟာ Support ဈေးနှုန်းအောက် ထပ်မံ ကျဆင်းသွားလျှင် ၄င်း Support မျဉ်းဟာ Resistance မျဉ်းဖြစ်သွားတတ်ပါတယ်။ ဒီလို အခြေအနေတွေဟာ စတော့ရှယ်ယာတစ်ခုကို ရောင်းလိုသူတွေ များလွန်းနေတဲ့ အချိန်တွေမှာ ဖြစ်ပေါ်တတ်ပြီး ထိုများပြားတဲ့ ရောင်းလိုသူတွေ ကြောင့် စတော့ဈေးနှုန်းဟာ Support မျဉ်း အောက်အတွန်းချခံသွား ရတတ်ပါတယ်။ ရောင်းလိုအားများလာ၍ စတော့ဈေးကွက်ဟာ အများစုဆုံးဖြတ်ချက်ကို လုပ်ဆောင်ရပါ တော့တယ်။ အလားတူပဲ Resistance မျဉ်းကနေ Support မျဉ်း အဖြစ်ပြောင်းလဲသွားပြီး စတော့ဈေးနှုန်းဟာ Resistance မျဉ်းကို အပေါ် ကျော်လွှားထိုးတက်သည့် အခြေအနေတွေလည်း ရှိနိုင်ပါတယ်။ Role Reversal သဘောတရားကို ပုံ ၈ ကို ကြည့်ရှုလျှင် ပိုမိုလွယ်ကူစွာ နားလည် သဘောပေါက်နိုင်ပါတယ်။
Support နှင့် Resistance ဈေးနှုန်းတွေကို ဘယ်လို အသုံးပြုသင့်သလဲ။
------------------------
ပုံ ၆နှင့် ပုံ ၇။ Support မျဉ်းနှင့် Resistance မျဉ်းတွေကို သတ်မှတ်နိုင်ခဲ့ပါက စတော့ရှယ်ယာ တစ်ခုကို ဘယ်အချိန်မှာ ဝယ်ယူသင့်သလဲ ထုတ်ရောင်းသင့်သလဲ ဆုံးဖြတ်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ထို့ကြောင့် Support နှင့် Resistance မျဉ်းတွေကို မိမိလိုအပ်သလို အခြေအနေမျိုးစုံမှာ အသုံးချနိုင်ပါတယ်။ Support မျဉ်းတစ်ခုအနီးကို ရောက်လာတိုင်း စတော့ဈေးနှုန်းက အကြိမ်များစွာ ပြန်အတက်ပြခဲ့ လျှင် အားကောင်းသည့် Support မျဉ်းလို့ ယူဆနိုင်ပြီး Support မျဉ်းအနီးရှိဈေးနှုန်းမှာ အဆိုပါ စတော့ကို ဝယ်ယူဖို့ ကြိုတင်အော်ဒါ Bid Order ပွဲစားကုမ္ပဏီကို မှာထားနိုင်ပါတယ်။ ဒီလိုဝယ်ယူနိုင်ခဲ့ပြီး စတော့ဈေးနှုန်းဟာ Support ဈေးနှုန်းအနား ရောက်အပြီး ပြန်တက်လာပါက ဈေးအချိုဆုံးနှုန်းထားဖြင့် စတော့ကို ဝယ်ယူလိုက် နိုင်မည်ဖြစ်ပြီး စတော့ဈေးအတက်ပြသည့် အကျိုးကို ခံစားနိုင်ပါတယ်။ ဒါ့အပြင် Support မျဉ်းကို အရှုံးမများအောင်လည်း ကိုးကား အသုံးပြုလို့ ရပါတယ်။ ပုံ ၆ မှာ ၅၉ ဒေါ်လာမှာ ရှိသည့် Support မျဉ်းရှိပါတယ်။ အကယ်၍ စတော့ဈေးနှုန်းဟာ Support ဈေးနှုန်း မှာ အတက်ပြန်လည် မပြပဲ ထိုးကျသွားခဲ့ရင် အရှုံမများစေဖို့ စတော့ကြိုတင် ရောင်းချရန် အမိန့်ပေးသည့် အော်ဒါဖြစ်တဲ့ Stop Order ကို ၅၈ သို့ ၅၉ဒေါ်လာမှာ ထုတ်ရောင်းရန် ပွဲစားကုမ္ပဏီကို အမိန့်ပေးထားနိုင်ပါတယ်။ အလားတူ ထိုသဘောတရားတွေရဲ့ ပြောင်းပြန်အတိုင်း Resistance မျဉ်း အနား စတော့ဈေးနှုန်း ရောက်လာလျှင် စတော့ကို ထုတ်ရောင်းဖို့ အချက်ပြခြင်းပဲ ဖြစ်ပါတယ်။ အကြောင်းမှာ Resistance ဈေးနှုန်း ရောက်အပြီးတွင် စတော့ဈေးနှုန်းများ ပြန်ကျလာတတ်၍ ဈေးကောင်းနေတုန်း ထုတ်ရောင်းရန် အမိန့်အော်ဒါကို ပေးထား သင့်ခြင်းပါပဲ။ အကယ်၍ Resistance ဈေးနှုန်းကို စတော့ဈေးနှုန်းက ဖြတ်ကျော်ပြီး တောက်လျှောက် အတက်ပြသည့် အခါမျိုးတွင်လည်း ဈေးအတက်ကို မလွတ်စေဖို့ ကြိုဝယ်အော်ဒါ Bid Order ကို ပွဲစားကုမ္ပဏီထံ မှာထားနိုင်ပါတယ်။ ဥပမာအားဖြင့် ပုံ ၇ အရ Resistance ဈေးနှုန်းကို ကျော်ပြီး စတော့ဈေးနှုန်း တက်သွားချိန်တွင် အကျိုးခံစားနိုင်ရန် Bid Order ကို ၃၉ ဒသမ၅ သို့ ၄၀ ဒေါ်လာခန့်မှာ ဝယ်ဖို့ ကြိုမှာထားလို့ရပါတယ်။
Support၊ Resistance နှင့် Role Reversal သဘောတရားတွေကို တသမတ်ထဲ မရှိပဲ အခြေအနေမျိုးစုံတွင် မိမိ လိုအပ်သလို အသုံးချနိုင်ပါတယ်။ ထို့ကြောင့် အသုံးပြုနည်း တစ်ချို့ကို ဥပမာအနေဖြင့် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။






စတော့ရှယ်ယာ အရောင်းအဝယ်ပြုလုပ်တော့မယ် ဆိုရင် စတော့ဈေးနှုန်းဂရပ်တွေကို စတော့ပွဲစား၊ အရောင်းအဝယ်သမားနှင့် ရင်းနှီးမြှုပ်နှံသူများဟာ နည်းစနစ်ပိုင်း သုံးသပ်မှုပြုလုပ်ကြပါတယ်။ ဒီလို သုံးသပ်ရာတွင် တစ်ချို့ဈေးနှုန်းဂရပ် ပုံသဏ္ဌာန် တွေကို မကြာခဏတွေ့ရတတ်၍ နည်းစနစ်ပိုင်း သုံးသပ်သူများဟာ ၄င်းတို့ကို နာမည်များ ပေးထား တတ်ပါတယ်။ ရှယ်ယာရောင်းဝယ်သူတွေဟာ ဒီပုံသဏ္ဌာန်တွေကို အတိတ်ကာလမှ စတော့ ဈေးနှုန်းများနှင့် နှိုင်းယှဉ်အသုံးချပြီး ဖြစ်နိုင်ချေ ရှိတဲ့ စတော့ဈေးနှုန်းတွေကို ခန့်မှန်း ရောင်းဝယ်လေ့ ရှိပါတယ်။ ပုံမှန်တွေ့ရဖန်များသည့် ပုံသဏ္ဌာန်တွေမှာ Head and Shoulder သဏ္ဌာန်၊ Multiple Tops သို့မဟုတ် Bottoms သဏ္ဌာန်နှင့် တြိဂံပုံသဏ္ဌာန်တွေပဲ ဖြစ်ပါတယ်။ အခုတင်ဆက်မှု မှာ ၄င်း သဏ္ဌာန်များအကြောင်း အကျဉ်းချုံ့ ရှင်းပြသွားပါမယ်။
Head and Shoulder ထိပ်ဦးနှင့် ပခုံးသဏ္ဌာန်
******************************
ပုံ ၉။ ပုံ ၉ တွင် တွေ့ရသလို Head and Shoulder သဏ္ဌာန်ဆိုသည်မှာ စတော့ဈေးနှုန်းများ အတက်အကျဖြစ်ထားသော ဈေးနှုန်းဂရပ် ပုံသဏ္ဌာန်ဖြစ်ပါတယ်။ ပုံ ၉ တွင် စတော့ ဈေးနှုန်းများသည် ဈေးအမြင့်ဆုံးအနေအထားသို့ သုံးခါမျှရောက်ခဲ့ပြီး အလယ်ထိပ်ဖူးရှိ ဈေးနှုန်းသည် အမြင့်ဆုံးဖြစ်နေခဲ့၍ ဘေးပခုံးနှစ်ဘက်ထိပ်ရှိ ဈေးနှုန်များသည် တူညီလုနီးပါးစီ ရှိနေပါတယ်။ ပထမ Shoulder ပခုံးထိပ်မှ ကျဆင်းလာသော ဈေးနှုန်းများသည် Neckline ဆိုသော မျဉ်းအနီး အရောက်တွင် ပြန်တက်သွားသည်ကိုလည်း တွေ့ရပါမယ်။ ထိုကဲ့သို့ ပုံသဏ္ဌာန်မျိုးဟာ ဈေးနှုန်းတွေဟာ နောက်တစ်ခါ ပြန်တက်မလာ တော့ပဲ ထိုး၍ ကျဆင်းတော့မဲ့ အရိပ်အရောင် တွေပဲဖြစ်ပါတယ်။ ပုံ ၉တွင် တွေ့ရသည့် အတိုင်း ဒုတိယ Shoulder ပခုံးထိပ်မှ ကျဆင်းလာသော စတော့ဈေးနှုန်းဟာ Neckline ဈေးနှုန်း အရောက်မှာ ပြန်တက်မလာတော့ပဲ ဆက်လက်၍ ကျဆင်းသွားတာကို တွေ့နိုင်ပါမယ်။
Multiple Tops/ Bottoms ထိပ်ဖူးအဆင့်ဆင့် နှင့် အောက်ခြေအဆင့်ဆင့် သဏ္ဌာန်များ
**********************************
ပုံ ၁၀။ စတော့ဈေးနှုန်းဂရပ်တွေမှာ ရှယ်ယာ ဈေးနှုန်းတွေဟာ တူညီလုနီးပါးရှိသည့် အမြင့်ဆုံးဈေးနှုန်းတွေကို မကြာခဏ ရောက်ရှိပြီး ပြန်ကျလာတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီလို သဏ္ဌာန်တွေကို ထိပ်ဖူး အဆင့်ဆင့် သဏ္ဌာန် Multiple Tops လို့ခေါ်ပါတယ်။ ထို့အတူ တူညီလုနီးပါးရှိသည့် အနိမ့်ဆုံးဈေးနှုန်းတွေကို မကြာခဏရောက်ရှိပြီးမှ ဈေးပြန်တက်လာတတ်တဲ့ ပုံသဏ္ဌာန်တွေကို အောက်ခြေအဆင့်ဆင့် သဏ္ဌာန် Multiple Bottoms လို့ခေါ်ပါတယ်။ ပုံ ၁၀ မှာ ဥပမာပြထားတာ ထိပ်ဖူးနှစ်ခု သဏ္ဌာန် Double Tops ဖြစ်ပြီး အဆိုပါ ပုံသဏ္ဌာန်တွေဟာ ဈေးအတက်ဘက် ကနေ အကျဘက်သို့ ပြောင်းသွားနိုင်တဲ့ အရိပ်အရောင်များ ပြနေ တတ်ပါတယ်။ ထိုသို့ဖြစ်ခြင်းမှာ အကြိမ်ကြိမ် ကြိုးစားရောင်းဝယ်ခဲ့သည့် စတော့ဝယ်ရောင်းသူ များဟာ စတော့၏ ဈေးနှုန်းဟာ ထိပ်ဖူးရှိ နှုန်းထား ရောက်လာတိုင်း ဈေးအမြင့်ဖြင့် အရောင်းအဝယ် မဖြစ်တော့၍ ၄င်းစတော့ကို ထပ်မံ ရောင်းဝယ် လိုခြင်းမရှိတော့ပဲ ထုတ်ရောင်းမှုများလာ၍ဖြစ်ပါတယ်။ ထိုအခါ စတော့ဈေးနှုန်းဟာ ထိပ်ဖူးသို့ ပြန်အတက် ပြခင်းမရှိတော့ပဲ ဆက်လက်ကျဆင်းသွားခြင်း ဖြစ်ပါတယ်။ ပုံ ၁၀ မှာ ထိုသဘောတရားကို ဥပမာအဖြစ် တွေ့မြင်နိုင်ပါမယ်။ Double Tops ကဲ့သို့ အောက်ခြေနှစ်ခု Double Bottoms များ လည်း စတော့ဈေးနှုန်းဂရပ်မှာဖြစ်ပေါ်နိုင်ပါတယ်။ Bottoms တွေဟာ သဘောတရားအားဖြင့် Tops တွေနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ Tops နှင့် Bottoms တွေဟာ နှစ်ခုသာမက သုံးခု Triple Tops/ Bottoms တွေအနေနဲ့လည်း တည်ရှိနေနိုင်ပါတယ်။
တြိဂံပုံသဏ္ဌာန်များ Triangles
*****************
စတော့ဈေးနှုန်းဂရပ်တွင် တွေ့ရလေ့ရှိသည့် ဈေးနှုန်းတြိဂံပုံသဏ္ဌာန် သုံးမျိုးမှာ ခေါက်ချိုးညီ တြိဂံသဏ္ဌာန် Symmetrical Triangles အတက်ပြတြိဂံသဏ္ဌာန် Ascending Triangles နှင့် အကျပြတြိဂံသဏ္ဌာန် Descending Triangles တို့ဖြစ်ပါတယ်။
ခေါက်ချိုးညီ တြိဂံသဏ္ဌာန် Symmetrical Triangles
-----------------------
ပုံ ၁၁၊ က။ ပုံ ၁၁ရှိ ပုံ က ကို ကြည့်လိုက်ပါ။ ခေါက်ချိုးညီတြိဂံ သဏ္ဌာန်အတွင်း စတော့ ဈေးနှုန်းများ အတက်အကျ ဖြစ်နေသည်ကို တွေ့ရပါမယ်။ တြိဂံကို ဖြစ်ပေါ်စေသော မျဉ်းတွေကို Trend မျဉ်းလို့ခေါ်ပါတယ်။ အပေါ်ဘက် Upper Trend မျဉ်းဟာ စတော့၏ ထိပ်ပိုင်းတွင် အရောင်းအဝယ်ဖြစ်နေသည့် အမြင့်ဈေးနှုန်းတို့ ကျဆင်းလာမှုကို ယေဘူယျ ဖော်ပြပါတယ်။ အောက်ဘက် Lower Trend မျဉ်းဟာ အောက်ပိုင်းတွင် အရောင်းအဝယ်ဖြစ် နေသည့် အနိမ့်ဈေးနှုန်းများ မြင့်တက်လာခြင်းကို ပြပါတယ်။ ခေါက်ချိုးညီ တြိဂံသဏ္ဌာန်ဟာ ဈေးကွက်ထဲမှာ စတော့ရောင်းသူနှင့်ဝယ်သူအကြား အမြင့်ဈေး နှင့် အနိမ့်ဈေး မည်သည့် ဈေးနှုန်းကို ပေးရမည် မသေချာပဲ အငြင်းပွားနေ၍ ဖြစ်ပေါ်လာ တတ်ပါတယ်။ ထို့ကြောင့် တစ်ချိန်ချိန်မှာ စတော့ ဈေးနှုန်းဟာ Trend မျဉ်းကို ချိုးဖောက်ပြီး အကျဘက် သို့မဟုတ် အတက်ဘက် ဈေးနှုန်းတွေ ဖြင့် အရောင်းအဝယ် ပြုသွားပါလိမ့်မယ်။ ပုံ က မှာ စတော့ဈေးနှုန်းဟာ အတက်ဘက်သို့ ချိုးဖောက် ဦးတည်သွားပြီဖြစ်၍ ထို စတော့ကို ဝယ်ယူသင့်ပြီဖြစ်ကြောင်း အချက်ပြပုံ ဥပမာကို တွေ့ရပါမယ်။
အတက်ပြတြိဂံသဏ္ဌာန် Ascending Triangles
--------------------
ပုံ ၁၁၊ ခ။ စတော့၏ အမြင့်ပိုင်းတွင် အရောင်းအဝယ်ဖြစ်နေသည့် ဈေးနှုန်းတို့ ပြောင်းလဲနှုန်း မရှိသလောက်ဖြစ်နေလျှင် Upper Trend မျဉ်းသည် တစ်ဖြောင့်တည်း ရှိနေတတ် ပါတယ်။ ထို Upper Trend မျဉ်းနှင့် အောက်ပိုင်းတွင် အရောင်းအဝယ်ဖြစ်နေသည့် အနိမ့်ဈေးနှုန်းများ မြင့်တက်လာမှုကို ပြသည့် Lower Trend မျဉ်းတို့ စုဆုံမှုကြောင့် အတက်ပြတြိဂံ သဏ္ဌာန် ဖြစ်ပေါ်လာပါတယ်။ အတက်ပြတြိဂံသည် အချိန်တစ်ခုခုတွင် စတော့ ဈေးနှုန်းများသည် Upper Trend မျဉ်းကို ချိုးဖောက်ပြီး ဈေးနှုန်း တက်တောက်လျောက် အတက်ပြသွားမည်ဖြစ်၍ စတော့ရှယ်ယာများကို ဝယ်ယူသင့်နေပြီဖြစ်ကြောင်း အချက်ပြခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ထိုသဘောကို ပုံ ခ တွင် ကြည့်ရှုနိုင်ပါတယ်။
အကျပြတြိဂံသဏ္ဌာန် Descending Triangle
------------------
ပုံ ၁၁၊ ဂ။ စတော့တစ်ခု၏ အနိမ့်ဈေးတွင် ရောင်းဝယ်မှုများ နှုန်းထား ပြောင်းလဲမှု မရှိလျှင် Lower Trend မျဉ်းသည် တစ်ဖြောင့်တည်း ရှိနေပါမယ်။ ထို Lower Trend မျဉ်းနှင့် စတော့၏ အမြင့်ဈေးများ ကျဆင်းလာမှုကို ပြသည့် Upper Trend မျဥ်းတို့ တွေဆုံရာမှ အကျပြတြိဂံသဏ္ဌာန် ဖြစ်ပေါ်လာပါတယ်။ အကျပြတြိဂံပုံစံ စတော့ ဈေးနှုန်းဂရပ်တွင် ဖြစ်ပေါ်လာပါက စတော့ဈေးနှုန်း များသည် တစ်ချိန်ချိန်တွင် Lower Trend အောက် တောက်လျောက် ကျဆင်းကာ အရောင်းအဝယ် ဖြစ်မည်ဖြစ်၍ စတော့ရှယ်ယာများကို ဈေးမကျခင် ထုတ်ရောင်းသင့်နေပြီ ဖြစ်ကြောင်း အချက်ပြခြင်း ပဲဖြစ်ပါတယ်။ ထိုသဘောကို ပုံ ဂ တွင် ကြည့်ရှုဆင်ခြင်နိုင်ပါမယ်။
အချုပ်ဆိုရလျှင် ယခု အစီအစဉ် ၆တွင် တင်ပြခဲ့သည့် သုံးသပ်နည်းများသည် နည်းစနစ်ပိုင်း သုံးသပ်မှုတွင် အသုံးချမှုများသည့် နည်းနာများကို အကျဉ်းချုံ့တင်ဆက်ထားခြင်း ဖြစ်ပါတယ်။
ဖတ်ရှုသူများအနေဖြစ် သတိပြုမိ နိုင်သည်မှာ ထိုနည်းနာများသည် အသုံးချရန် ခက်ခဲနေနိုင်ပြီး တစ်ခါတစ်ရံ မရေရာသော အချက်ပြမှုများလည်း ဖြစ်နေတတ်ပါတယ်။ ကျွမ်းကျင်သော နည်းစနစ်ပိုင်း သုံးသပ်သူများဟာ အခုဖော်ပြပါ နည်းလမ်းများနှင့် သူတို့၏ အတွေ့အကြုံတို့ကို ပေါင်းစပ်ပြီးမှ ဈေးနှုန်း ခန့်မှန်း ရောင်းဝယ်မှုများကို ပြုလုပ်ပါတယ်။ ထို့ကြောင့် မိမိကိုယ်တိုင် စတော့ရောင်းဝယ်မှု မပြုခင် ကြိမ်ဖန်များစွာ လေ့လာထားသင့်ပါတယ်။ ထိုမှသာ ဆုံးရှုံးမှုများကို ရှောင်လွဲနိုင်မှာဖြစ်ပါတယ်။ အခြား နည်းစနစ်ပိုင်း သုံးသပ်နည်းများကိုလည်း အခွင့်သင့်ရင် တင်ဆက်ပေးသွားပါမယ်။




Warren Buffett & Bill Gates

ကမ္ဘာ့ဘီလျံနာများဖြစ်ကြတဲ့ ဝါရင်ဘူဖတ်၊ စတိဗ် ဂျော့နှင့် ဘီလ်ဂိတ်တို့ အားလုံးဟာ သူတို့၏ လျှမ်းလျှမ်းတောက် အောင်မြင်မှုများအတွက် ပဓာနကျတဲ့ အရာတစ်ခုကိုသာ တူညီစွာ ရည်ညွှန်း ကြပါတယ်။ တကယ်တော့ သူတို့ ရည်ညွှန်းတဲ့ အရာဟာ အလေ့အထတစ်ခုဖြစ်ပြီး သာမန်လူတွေ ထက် သောက်သောက်လဲ ပိုမိုအောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ ရှိနေတတ်ပါတယ်။ ထိုအလေ့အထ ဟာ ဘာလဲ၊ ထိုအလေ့အထကို မိမိဘဝမှာ တွေ့ကြုံလာမည့် စီးပွားရေးလုပ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းကိစ္စရပ်တွေမှာ ဘယ်လိုလက်တွေ့ အသုံးချသွားရမှာလဲ ဆိုတာတွေကို သိရှိနိုင်ရန် ဖော်ပြလိုက်ပါတယ်။
အောင်မြင်မှုအတွက် အဓိကအကျဆုံးသော့ချက်
------------------------
၁၉၉၁ခုနှစ်မှာ ဘီလ်ဂိတ်ရဲ့အဖေဟာ အခုအချိန်မှာ ပ နှင့် ဒု အချမ်းသာဆုံးသူဋ္ဌေးကြီးတွေဖြစ်လာမယ့် ဘီလ်ဂိတ်နှင့် ဝါရင်ဘူဖတ်ကို သူတို့၏ အောင်မြင်မှုအတွက် အဓိကအကျဆုံး အရာဟာ ဘာလဲလို့ မေးမြန်းခဲ့ပါတယ်။ နှစ်ယောက်စလုံးက တစ်ညီထဲဖြေကြားခဲ့သည်ကတော့ အာရုံစူးစိုက်မှု Focus ပဲဖြစ်ပါတယ်။
ဘီလ်ဂိတ်ရဲ့ အာရုံစူးစိုက်မှုကို Walter Issac ရေးတဲ့ The Innovators စာအုပ်မှာ ဒီလို ဖော်ပြထားပါတယ်။
မိုက်ကရိုဆော့ဖ်ကိုတည်ထောင်ခဲ့တဲ့ ဘီလ်ဂိတ်နဲ့ ပေါ်လ်အဲလ်လန်တို့နှစ်ဦးကြားက ကွာခြားကို ပြရင်တော့ အာရုံစူးစိုက်မှုပဲဖြစ်တယ်။ အဲလ်လန်ရဲ့ စိတ်ဟာ အိုင်ဒီယာပေါင်းများစွာ စွဲလမ်းမှုပေါင်း များစွာ ထဲမှာ ဟိုရောက်လိုက် ဒီရောက်လိုက် ဖြစ်နေတတ်တယ်။ ဒါပေမဲ့ ဘီလ်ဂိတ်ကတော့ တစ်ခုထဲကိုပဲ တစ်စိုက်မတ်မတ် အစွဲအလမ်းတကြီး ပြုလုပ်သူဖြစ်တယ်။
ဘီလ်ဂိတ်ရဲ့ သူငယ်ချင်း စီးပွားဖက်ကြီး အဲလ်လန် ကလည်း ဒီလိုပြောပြခဲ့ပါတယ်။
ကျွန်တော်က မြင်မြင်သမျှကို သိချင် စူးစမ်းချင်နေတဲ့ အချိန်မှာ ဘီလ်ဂိတ်ကတော့ အလုပ်တစ်ခုကို တစ်ချိန်ချင်းစီ အေးဆေး တည်ငြိမ်စွာ စူးစိုက်လုပ်ဆောင်ပါတယ်။ သူ ပရိုဂရမ်ရေးရင်ပဲ ကြည့်လေ။ ဘီလ်ဂိတ်က မှင်တံ marker လေးကို ပါးစပ်မှာကိုက်၊ ခြေထောက်ကလေး လှုပ်ကာလှုပ်ကာနဲ့ တခြား ဘာအနှောင့်အယှက်ကိုမှ အာရုံမရပဲ မှင်သက်ပြီး ဈာန်ဝင်စားလုပ်ဆောင်ပါတယ်။
ပေါလ်အဲလန်ကထိုသို့ပြောဆိုပြီး ကမ္ဘာ့နံပါတ်တစ် အချမ်းသာဆုံးဖြစ်သွားတဲ့ သူငယ်ချင်း ဘီလ်ဂိတ်ရဲ့ အရည်အချင်းကို ရည်ညွှန်းပါတယ်။
ဘီလ်ဂိတ်ရဲ့စီးပွားပြိုင်ဘက်ကြီး စတိဗ်ဂျော့ကလည်း အလားတူ အရည်အချင်းရှိပါတယ်။ စတိဗ်ဂျော့ဟာ ပြဿနာတိုင်း၏ အကောင်းဆုံးအဖြေကိုရှာဖွေတိုင်း လက်ဖျားခါလောက်အောင် အာရုံစူးစိုက်လေ့ ရှိပါတယ်။ စတိဗ်ဂျော့တည်ထောင်ခဲ့တဲ့ Apple ကုမ္ပဏီ၏ အဓိက Marketing ဒဿနသုံးခုထဲမှာ အာရုံစူးစိုက်မှု Focus ဟာ ဒုတိယအချက် အဖြစ် ဖော်ပြထားတဲ့ သဘောတရားဖြစ်ပြီး အောက်ပါ ဆောင်ပုဒ်ကိုကြည့်လျှင် ထင်ရှားစွာတွေ့မြင် နိုင်ပါမယ်။
ကျွန်တော်တို့လုပ်ဆောင်မယ်လို့ ဆုံးဖြတ်ထားတဲ့ ကိစ္စတွေကို အကောင်းဆုံးဆောင်ရွက်နိုင်ရန် အရေးမကြီးတဲ့ အခွင့်အရေးတွေကို လစ်လျူရှု ရပါမယ်။
In order to do a good job of those things we decide to do, we must eliminate all of unimportant opportunities.
အခွင့်အရေးဆိုတာ နှစ်ခါမရရိုးမှန်ပေမဲ့ အခွင့် အရေးတိုင်းကို လက်စုပ်လက်ကိုင်ရယူရန် မလိုပဲ အရေးမကြီးတဲ့ အခွင့်အရေးတွေကို ပစ်ပယ်ပြီး အဓိကကျတာတွေကိုသာ အာရုံစူးစိုက်လုပ်ဆောင် သင့်ကြောင်းပြောပြထားခြင်း ဖြစ်ပါတယ်။
အာရုံစူးစိုက်မှု Focus ဟာ ဝါရင်ဘူဖတ်အတွက် လည်း အဓိကသော့ချက်ဖြစ်ပါတယ်။ ဘူဖတ်ဟာ စီးပွားရေးကိုသာ အာရုံစူးစိုက်လုပ်ဆောင်လို၍ အနုပညာ၊ စာပေ၊ သိပ္ပံပညာ၊ ခရီးသွားခြင်းနှင့် ဗိသုကာစတဲ့ နယ်ပယ်တွေမှာ အာရုံမများဖို့ စိတ်ပိုင်းဖြတ်ခဲ့ဖူးပါတယ်။
ဘာကြောင့် အာရုံစူးစိုက်မှုဟာ အရေးအရမ်းကြီး ပါသလဲ။
အကြောင်းမှာ စီးပွားရေးတွင်သော်လည်းကောင်း ရင်းနှီးမြှုပ်နှံရာတွင်သော်လည်းကောင်း ဘဝတွင် သော်လည်းကောင်း ကျွန်တော်တို့အားလုံးဟာ သာမန်ရလဒ်တွေထက် ပိုကောင်းတဲ့ အောင်မြင်မှု တွေရလိုလျှင် ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်တွေ အပေါ် အတိုင်းထက်အလွန် အာရုံစူးစိုက်ရန်လိုအပ်၍ပဲဖြစ်ပါတယ်။
သာမန်အညတရမှ ကွဲပြားထွက်ခြင်း
---------------------------
သာမန်၊ ပုံမှန် စတဲ့ နာမဝိသေသနတွေမှ ခွဲထွက်ပြီး အောင်မြင်မှုကို ရယူရန် ကျွန်တော်တို့ ဟာ တစ်ခုခုမှာ အားလုံးထက် ပိုကောင်းအောင် ကြိုးစားဆောင်ရွက်ရပါမယ်။ ဘာကိုပိုကောင်းရမည် ကို အတိအကျသတ်မှတ်ထားခြင်းတော့မရှိပါ။ McDonald's ဟာ ဈေးနှုန်းချိုသာခြင်း နှင့် အလွယ် တကူ ကားဖြင့် ဝင်ရောက်၍ ပါဆယ်ဆွဲသွားနိုင်ခြင်းတို့တွင် ပိုကောင်းအောင် အာရုံစူးစိုက်ပါတယ်။ ချပါတီထမင်းလိပ် Burrito ရောင်းသည့် ကုမ္ပဏီ Chipotle ကတော့ ထမင်းလိပ်များစွာကို မြန်ဆန်စွာ ရရှိစေရန် ဝန်ဆောင်မှုအပေါ်မှာ အာရုံစူးစိုက်ပါတယ်။ အားသာချက်ခြင်းမတူညီသော်လည်း ထိုကုမ္ပဏီ နှစ်ခုစလုံးဟာ တစ်ခုထဲတွင်သာ စူးစိုက်လုပ်ဆောင် ၍ လျှမ်းလျှမ်းတောက်အောင်မြင်နေပါတယ်။
လက်တွေ့တွင်လည်း ကုမ္ပဏီများနှင့် လူအများကို ကျရှုံးခန်း၏ နိဒါန်းသို့ အရောက်ပို့ဆောင်ပေးသည့် အချိန်မှာတော့ တစ်ခုထဲကို စူးစိုက်မလုပ်ဆောင်ပဲ အခြားအရာများကိုပါ လုပ်ဆောင်ရန်ကြိုးပမ်းလိုက် သော အခါတွင်ပဲဖြစ်ပါတယ်။ ထိုအခါတွင် မိမိတို့၏ ပဓာနအကျဆုံးရည်မှန်းချက်များပါ စူးစိုက်မှု အားနည်းလာ၍ သာမန်အညတရအဆင့်သို့ လျောကျသွားနိုင်ပါတယ်။ ဒီအချိန်မှာ အောင်မြင်မှု အတော်အတန် ရရှိပြီးသူတွေက ပိုမို သတိထားပြီး ရည်မှန်းချက်အစစ်အမှန်ကိုသာ အာရုံစိုက်သင့် ပါတယ်။
McDonald ကိုပဲကြည့်ပါ။ Hamburger ကောင်းလို့ နာမည်ကျော်ခဲ့တဲ့ ကုမ္ပဏီဟာ အခြားဖောက်သည် များကိုပါ ဆွဲဆောင်ဖို့ ၄င်းဆိုင်တွေရဲ့ Menu မှာ ရရှိနိုင်တဲ့ အစားအသောက်များကို အမျိုးအစား တိုးမြှင့်ထည့်သွင်းခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ မှာစရာများလွန်းတဲ့ Menu ကိုကြည့်ပြီး Customer တွေက ဘာသုံးဆောင်ရမလဲ တွေဝေစဉ်းစား ရတော့သလို အစားအစာအမျိုးအစားများလွန်း၍ ပြင်ဆင်ရန် အချိန်ကြာမြင့်လာပြီး စောင့်ဆိုင်းရချိန် တွေများလာပါတယ်။ အရေးမပါသည့် အရာများတွင် ထွေပြားမိ၍ နဂိုအားသာချက်များကိုပါ မစူးစိုက် နိုင်တော့ပဲ ဝန်ဆောင်မှုကျဆင်းလာတတ်ပါတယ်။
Apple ကုမ္ပဏီဆိုရင်လည်း စတိဗ်ဂျော့ ပြန်မလာခင်က ကုန်ပစ္စည်းအမျိုးအစားပေါင်း ၃၅၀ ကျော်နဲ့ ပြာယာခပ်နေခဲ့ပါတယ်။ စတိဗ်ဂျော့က တစ်ဖန်ရောက်ရှိလာတဲ့နောက်ပိုင်းမှာ Customer တွေကို အရိုးရှင်းဆုံးနဲ့အကောင်းဆုံး အတွေ့အကြုံ တွေပေးမည့် ရည်မှန်းချက်အပေါ်သာ ပြန်လည် စူးစိုက်ခဲ့ပြီး Apple ကုမ္ပဏီ၏ ကုန်ပစ္စည်း ၁၀မျိုး ကိုသာ ဦးတည်ထုတ်လုပ်ရန်လုပ်ဆောင်ခဲ့ ပါတယ်။ ထိုသို့ပြောင်းလဲခဲ့အပြီးမှာ Apple ဟာ ကမ္ဘာ့ တန်ဖိုးအရှိဆုံး ကုမ္ပဏီဖြစ်လာခဲ့တာ လူတိုင်း သိပါတယ်။
အောင်မြင်သော ရင်းနှီးမြှုပ်နှံခြင်းမျိုး
----------------------------
ဘဝအောင်မြင်မှုနှင့် စီးပွားရေးအောင်မြင်မှုမျိုး သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင်လည်း အောင်မြင်နိုင်ရန် သာမန်ရင်းနှီးမြှုပ်နှံသူများထက် ပို၍အမြတ်အစွန်းရရန် ကျွန်တော်တို့ဟာ အချိန်အခါသိမှုနှင့် အာရုံစူးစိုက်မှုတို့ကို အထူးလိုအပ်ပါတယ်။
အောင်မြင်သော ရင်းနှီးမြှုပ်နှံခြင်းမျိုးဆိုတာ အချိန်အခါရယ်၊ စည်းကမ်းရယ် စိတ်ရှည်ဖို့ရယ် လိုပါတယ်။ ဘယ်လောက်ပဲ ပါရမီပါသော် ကြိုးစားသော်လည်း အချို့အရာတွေဟာ အချိန်အခါ ရောက်မှ ဖြစ်ထွန်းလာတတ်ပါတယ်။ ဥပမာ အမျိုးသမီး ကိုးဦးကို ကိုယ်ဝန်ဆောင်ခိုင်ပြီး တစ်လ အတွင်း ကလေးတစ်ဦးမွေးဖွားအောင်လုပ်ဖို့ မဖြစ်နိုင်သလိုမျိုးပါပဲ ဟု ဟာသနှော၍ ဝါရင်ဘူဖတ်က ရှင်းပြခဲ့ဖူးပါတယ်။
လက်တွေ့မှာ သာမန်ပျှမ်းမျှအမြတ်အစွန်းကိုပဲ ပုံမှန် ရရှိဖို့ ရင်းနှီးမြှုပ်နှံသူတိုင်းအတွက် အလွန်ခက်ခဲ ပါတယ်။ ဒါကြောင့် မိမိဟာ အတွေ့အကြုံများတဲ့ ဉာဏ်ကြီးရှင် ရင်းနှီးမြှုပ်နှံသူတစ်ယောက် မဟုတ်သေးလျှင် ပထမဦးဆုံး ရင်းနှီးမြှုပ်နှံမှု ဈေးကွက်တွေမှာ ပျှမ်းမျှအမြတ်အစွန်းကိုပဲ ရဖို့ အားထုတ်ကြိုးစားရပါမယ်။ ရင်းနှီးမြှုပ်နှံမှု လောက ဆိုသည်မှာ ဉာဏ်ကြီးရှင်တွေတောင်မှ ဗျာများရင် ပါသွားတတ်ပါတယ်။
အောင်မြင်သော ရင်းနှီးမြှုပ်နှံခြင်းပြုလုပ်နိုင်ဖို့ ပထမ အချက်အနေနဲ့ မရှုံးအောင်ဂရုထား စူးစိုက်ရမှာ ဖြစ်ပြီး အခြာသူများအား ဆုံးရှုံးမှုတွေ ဖြစ်စေတဲ့ အမှားတွေကို နားလည်သိထားရမည်ဖြစ်ကာ ၄င်း အမှားတွေကို ရှောင်ရှားနိုင်ရပါမယ်။ ရင်းနှီးမြှုပ်နှံသူ များသိသင့်တဲ့ အဆိုပါအမှားတွေဟာ အရောင်း အဝယ်ကိုသွက်လက်လွန်းစွာ ဆုံးဖြတ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုအပေါ် ယုံကြည်ချက် မြင့်မားလွန်းနေခြင်း၊ အရှုံးကို မကြောက်ခြင်း၊ အလွန်အမင်း ချေးငှား၍ ရင်းနှီးမြှုပ်နှံခြင်းနှင့် နေ့စဉ်ဈေးအတက်အကျတွေ ကိုသာ ကြည့်၍ ဆုံးဖြတ်ချက်များ အလွယ်တကူ ပြုလုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒုတိယသိရမည့် အချက်မှာ မိမိ၏ ရင်းနှီးမြှုပ်နှံရခြင်း၏ အဓိက ရည်ရွယ်ချက်ကို သိရှိရန်ဖြစ်ပြီး ထိုရည်ရွယ်ချက်ရရှိရန် အမြဲတစေ သင်ယူနေခြင်း၊ လွတ်လပ်စွာ စဉ်းစားဆင်ခြင်ခြင်း နှင့် မှားယွင်းသော ဆုံးဖြတ်ချက်များချမိချိန်တွင် လျင်မြန်စွာ သုံးသပ်ပြင်ဆင်နိုင်ရန် လုပ်ဆောင်ခြင်း တို့ကို စူးစိုက်လုပ်ဆောင်နေရမည်ပဲ ဖြစ်ပါတယ်။ ထို့အပြင် ကျွန်တော်တို့ဟာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မဲ့ အခွင့်အလမ်းတွေနှင့် စီးပွားရေးလုပ်ငန်းတွေကို နှံ့စပ်စွာ သိအောင် စူးစိုက်၍ကြိုးစားရပါမယ်။ မိမိ နှံ့စပ်ကျွမ်းကျင်တဲ့ ဒေသ၊ စက်မှုကဏ္ဍ နှင့် စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုပါက ကျွန်တော်တို့ အားလုံး စိတ်ချယုံကြည်စွာ ရင်းနှီးသင့် မသင့် ကို သိနိုင်ပါတယ်။ ထို့အတူ မည်သည့် ရင်းနှီးမြှုပ်နှံမှုမျိုးကို မဆို ထိုအတိုင်း ကျွမ်းကျင်နှံ့စပ်စွာ သိရန်ဦးစွာ စူးစိုက်လုပ်ဆောင် ရပါမယ်။ ထိုသို့နှံ့စပ်ရန် စူးစိုက်နိုင်မှသာ ကျွန်တော်တို့ဟာ ဈေးကွက်အတွင်းမှာ အခြားသူတွေမမြင်တဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်ထူးတွေကို ရှာဖွေတွေ့ရှိနိုင်ပြီး သာမန်ထက်ပိုတဲ့ အမြတ်အစွန်း တွေကို ရရှိပါမယ်။
နေ့တိုင်းနေ့တိုင်း စာမျက်နှာ ၅၀၀ကျော် လောက်ရှိတဲ့ အများပိုင်ကုမ္ပဏီတွေရဲ့ နှစ်စဉ် စာရင်းရှင်းတမ်းတွေ ကုန်သွယ်ရေးစာစောင်တွေ ဈေးကွက်သုတေသန သုံးသပ်ချက်တွေကို တစိုက်မတ်မတ်ဖတ်ရှုပါ။ ဒီလိုလုပ်မှ စီးပွားရေး အသိပညာတွေ အတွေ့အကြုံတွေတိုးပွားလာမှာပါ။ အသိပညာဆိုတာ အတိုးနှုန်းတိုးသွားသလိုပဲ စူးစိုက် လေ့ကျင့်လေ အဆများစွာ ပွားများလာလေပါ။ အခု ပြောတာတွေကို လူတိုင်းလုပ်နိုင်ပါတယ်။ ဒါပေမဲ့ အများစုကတော့ လုပ်မှာမဟုတ်ဘူးဆိုတာကို ကျွန်တော်အာမခံပါတယ်ဟူ၍ လည်း ဘူဖတ်က အကြံပေးထားပါသည်။
ဘူဖတ်ပြောတာကို လူတိုင်းအလွယ်တကူ လုပ်နိုင် ပါတယ်။ ပြဿနာက အများစုက မလုပ်ကြတာပါ။ အောင်မြင်သော ရင်းနှီးမြှုပ်နှံခြင်း၏ အဓိက သော့ချက်ဟာ တကယ်တော့ ရင်းနှီးမြှုပ်နှံခြင်းနှင့် ပတ်သက်တဲ့ မိမိ၏ အသိပညာ အတွေ့အကြုံတွေ ရဲ့အတိုင်းအတာကို ရှင်းလင်းစွာ သိရှိဖို့ပါ။ ဒါမှ မသိသေး မရှင်းလင်းသေးတဲ့ အရာတွေကို စူးစိုက် လေ့လာနိုင်မှာပါ။ ဒါကြောင့် လေ့လာသုံးသပ်ဖို့ လုံလောက်တဲ့ အချိန်နဲ့ လိုအပ်တဲ့ အာရုံစူးစိုက်မှု မပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံသူများဟာ စတော့ဈေးကွက်ကပေးတဲ့ ပျှမ်းမျှအမြတ်အစွန်း ထက်ပိုရဖို့အတွက် အခြားကိုယ်မသိတဲ့ အစုရှယ်ယာတွေမှာ စူးစမ်းရင်းနှီးခြင်း မပြုသင့်ပါဘူး။
သို့သော်လည်း ဘယ်လိုရင်းနှီးမြှုပ်နှံရမလဲဆိုတာကို တစူးတစိုက် ကြိုးစားလေ့လာခြင်းအားဖြင့် ကျွန်တော်တို့ဟာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတစ်ခု ကို တန်ဖိုးဖြတ်နိုင်မဲ့ ပညာ၊ ရင်းနှီးမြှုပ်နှံမည့် စီးပွားရေးလုပ်ငန်းကဏ္ဍကို နားလည်သဘောပေါက် နိုင်မဲ့ ပညာကို နေ့စဉ်တည်ဆောက်နိုင်လာမှာ ဖြစ်ပါတယ်။ ဘူဖတ်အောက်မှာပြောထားသလိုပါပဲ။
ကျွန်တော်ဟာ ပိုတော်တဲ့ ရင်းနှီးမြှုပ်နှံသူ တစ်ဦးဖြစ်တာဟာ ကျွန်တော်က စီးပွားရေးသမားတစ်ဦးဖြစ်လို့ ဖြစ်ပါတယ်၊ ကျွန်တော်ဟာ ပိုအောင်မြင်တဲ့ စီးပွားရေးသမားဖြစ်တာဟာတော့ ကျွန်တော်က ရင်းနှီးမြှုပ်နှံသူတစ်ဦးလည်းဖြစ်လို့ပါ။
I am a better investor because I am a businessman and I am a better businessman because I am an investor.
စီးပွားရေးမှာ နှံ့စပ်ကျွမ်းကျင်ပါမှ ပိုတော်ပိုမြတ်တဲ့ ရင်းနှီးမြှုပ်နှံသူဖြစ်မှာပါ။ နှံ့စပ်ကျွမ်းကျင်အောင် မိမိ ဘက်မှ စူးစိုက်စွာ လေ့လာလိုက်စားနေရပါမယ်။
ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဟာ ဘဝတစ်လျှောက်လုံး စူးစိုက်စွာ တစိုက်မတ်မတ် ပြုလုပ်သွားရမည့် အရာပါ။ တာတိုပြေးတာမျိုးမဟုတ်ပါ။ အကယ်၍ ကျွန်တော်တို့ဟာ အချိန်နှင့် အာရုံစူးစိုက်မှုကို မပျက်မကွက် ပေးစွမ်းနိုင်ပါက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းကို စွဲမြဲသင်ယူခြင်းဟာ ကျွန်တော်တို့ ဘဝတစ်လျှောက်လုံးတွင် အမြတ်ဝေစုများကို ရရှိစေမှာပါ။
Motley Fools မှာ ဖော်ပြခဲ့တဲ့ Dan Dzombak ရေးသားတဲ့ အကြံပေးဆောင်းပါးကို ဘာသာပြန် တင်ဆက်ထားခြင်းဖြစ်သည်။ အတွေးအမြင်အစုံ အလင်ကို ရင်းနှီးမြှုပ်နှံသူအများ ဖတ်ရှုဆင်ခြင် နိုင်ရန်ရည်ရွယ်၍သာ တင်ဆက်လိုက်ပါသည်

Read Stock Price (MIW 005)

အများပိုင် ကုမ္ပဏီတို့၏ စတော့ရှယ်ယာဈေးနှုန်းနှင့် အခြား ကိန်းဂဏန်းများ အကြောင်းကိုပြောပြသွားပါမည်။ တီဗီသတင်းဌာနများ Website များတွင် စတော့ ဈေးနှုန်းနှင့် အတူပါရှိသော ဂဏန်းများသည် ရုတ်တရက် ကြည့်ပါက ရှုပ်ထွေးပွေလီနေသော် လည်း ယခုစာစဉ် ဖတ်အပြီးတွင် လွယ်လွယ်ကူကူ နားလည်သဘောပေါက်သွားပါမည်။ ကျွန်တော်တို့၏ စတော့ဈေးကွက်မိတ်ဆက်အစီအစဉ် အပြီးတွင် စတော့ဈေးကွက်ဆိုင်ရာဗဟုသုတများ အတိအလင်း တိုးတက်လာမည်ဟုယုံကြည်ပါသည်။
စတော့ရှယ်ယာဈေးနှုန်းကို ဘယ်လိုဖတ်ရမလဲ။
-------------------------------
စတော့ဈေးနှုန်းနှင့် ၄င်းဘေးတွင်ပါပါလာတတ်သည့် ကိန်းဂဏန်းများကို သဘောပေါက်ရန် အလွန် လွယ်ကူပါသည်။ ဥပမာပြ၍ရှင်းလင်းလိုသဖြင့် အောက်မှာ အများပိုင်ကုမ္ပဏီအချို့တို့၏ ဈေးနှုန်း ဇယားပုံလေးကို ရေးစွဲပေးထားပါသည်။ စတော့ ဈေးနှုန်းနှင့် အညွှန်းကိန်းများကို ထုတ်ပြန်သည့် Website များ သတင်းဌာနများတွင် ဖော်ပြလေ့ရှိ သည့် အတိုင်း စတော့ဈေးနှုန်းဆိုင်ရာ အခြေခံ အချက်အလက်တို့ကိုတွေ့ရပါမည်။ ဇယားပုံလေးကို မြန်မာပြည်အနေအထားနှင့် ကိုက်ညီအောင် မြန်မာပြည်ရှိကုမ္ပဏီအဖွဲ့အစည်းတစ်ချို့တို့၏ စတော့ဈေးနှုန်းညွှန်းကိန်းများ သကဲ့သို့ ဖြစ်အောင် ဖန်တီးပုံဖော်ထားသည်။ ဥပမာပြထားခြင်းဖြစ်၍ ဇယားအတွင်းရှိကိန်းဂဏန်းများသည် လက်တွေ့ ရလဒ်များ မဟုတ်သည်ကိုသိရပါမည်။ ဇယားပုံ သည် ဧပြီလ ၁၀ရက်နေ့ စတော့အိပ်ချိန်းပိတ်ချိန် ညနေ ၄နာရီတွင် ရရှိသည့် အများပိုင်ကုမ္ပဏီ အချို့၏ စတော့ဈေးနှုန်းနှင့် ဆက်စပ်ညွှန်းကိန်းများ ကို ဖော်ပြထားသည်။
Column 1 & 2: 52 W High and Low
-----------------------
Col 1 နှင့် Col 2 ကို ကြည့်လိုက်ပါ။ ထို Column နှစ်ခုတွင် ဖော်ပြထားသည့် ကိန်းဂဏန်းများသည် အစုရှယ်ယာတစ်ခု၏ လွန်ခဲ့သည့် ၅၂ပတ် သို့ တစ်နှစ်ကာလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့သည် ဈေးနှုန်းများအနက် အမြင့်ဆုံးဈေးနှုန်း High နှင့် အနိမ့်ဆုံးဈေးနှုန်း Low များဖြစ်သည်။ ဥပမာ FMI ရှယ်ယာ၏ လွန်ခဲ့သည့် ၅၂ပတ် အတွင်းအမြင့်ဆုံးဈေးနှုန်းမှာ ၁၀၅၀၀ကျပ် ဖြစ်ပြီး AGD ဘဏ် ရှယ်ယာ၏ အနိမ့်ဆုံး အရောင်းအဝယ် ဖြစ်ခဲ့သော ဈေးနှုန်းမှာ ၉၆၀၀ကျပ်ဖြစ်သည်။
Column 3: ကုမ္ပဏီစတော့အမည်နှင့် စတော့အမျိုးအစား
----------------------
ဤ Column တွင် ရောင်းဝယ်သည့်အစုရှယ်ယာ၏ အများပိုင်ကုမ္ပဏီအမည်ကိုဖော်ပြထားသည်။ ကုမ္ပဏီအမည်၏နောက်တွင်အထူးစကားလုံးတို သို့ အက္ခရာတစ်ခုခု မပါလျှင် ၄င်းအစုရှယ်ယာသည် သာမန်အစုရှယ်ယာဖြစ်သည်။ ပါခဲ့လျှင် အခြား အစုရှယ်ယာအမျိုးအစားဖြစ်သည်။ ဥပမာအနေဖြင့် ဇယားပုံတွင်ပါရှိသည့် မြန်မာနိုင်ငံသားများဘဏ်၏ ရှယ်ယာသည် PF ဟုပါရှိ၍ ဦးစားပေးရှယ်ယာ Preferred အမျိုးအစားဖြစ်သည်။
Column 4: Ticker Symbol စတော့အက္ခရာ
----------------------------
စတော့သင်္ကေတ Ticker သည် စတော့ရှယ်ယာ ၏ အက္ခရာအမည်ဖြစ်သည်။ Bloomberg စသည့် စီးပွားရေးသတင်းရုပ်သံလိုင်းများကို ကြည့်လျှင် စတော့အက္ခရာများပြေးနေပြီး စတော့ဈေးနှုန်းနှင့် အတက်အကျကို ဘေးတွင်ဖော်ပြသည်ကို တွေ့ရမည်။ ထို့ကြောင့် Ticker Symbol သည် အစုရှယ်ယာ၏ အတိုကောက်အက္ခရာအမည် ဖြစ်သည်။ AAPL သည် Apple အစုရှယ်ယာ၏ Ticker Symbol ဖြစ်ပြီး အောက်တွင် ဥပမာပြသည့် အတိုင်း First Myanmar Investment အစုရှယ်ယာ၏ Ticker Symbol မှာ FMI ဖြစ်သည်။
Column 5: Dividend per Share အစုရှယ်ယာ တစ်ခုလျှင်ပေးသည့် အမြတ်ဝေစုပမာဏ
-------------------------
ဤ Column တွင် ဖော်ပြပါအများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာတစ်ခုလျှင် နှစ်စဉ်ရမည့် အမြတ်ဝေစု ပမာဏကိုပြထားသည်။ Div သည် Dividend အမြတ်ဝေစု၏ အတိုကောက်ဖြစ်သည်။ ဤ Column အောက်တွင် ဘာမှမဖော်ပြထားသော ကုမ္ပဏီသည် အမြတ်ဝေစု ပေးဝေခြင်းမရှိသေးပေ။ ထို့ကြောင့် FMI ၏ နှစ်စဉ်ငွေသား အမြတ်ဝေစု သည် ၂၀၀ကျပ် ဖြစ်ပြီး AGD ကတော့ အမြတ်ဝေစု မပေးသေးဟု ဇယားပုံမှာတွေ့ နိုင်သည်။
Column 6: Dividend Yield အမြတ်ဝေစုရရှိနှုန်း
----------------------
အမြတ်ဝေစုပေးဝေမှုပမာဏသည် ယနေ့ရှယ်ယာ ပေါက်ဈေး၏ ရာခိုင်နှုန်းမည်မျှရှိသည်ကို ဖော်ပြထားခြင်းဖြစ်သည်။ အမြတ်ဝေစုကိုတည်ပြီး အစုရှယ်ယာ၏ ပေါက်ဈေးနှင့် စားထားခြင်း ဖြစ်သည်။ အစုရှယ်ယာဈေးတက်သည်ထက် ၄င်းမှနှစ်စဉ်အမြတ်ဝေစုငွေကို မျှော်မှန်းလိုသူများ အတွက်အသုံးဝင်သည့် ရာနှုန်း ဖြစ်သည်။ ဥပမာအားဖြင့်ပုံတွင်ဖော်ပြသည့် အတိုင်း အမြတ်ဝေစုများများလိုချင်လျှင် FMI ထက် MCB ၏ အစုရှယ်ယာကိုရွေးသင့်ပါသည်။ MCB သည် အမြတ်ဝေစုရရှိနှုန်းပိုများ၍ မိမိရင်းနှီးသောငွေ ၁၀၀ကျပ်လျှင် အမြတ်ဝေစု ၁၀ကျပ်ရရှိမည် ဖြစ်ပြီး FMI ကမူ ၁၀၀ကျပ်ရင်းမှ ၁ကျပ် ၅၄ပြားခန့်သာ နှစ်စဉ် အမြတ်ဝေစုခွဲပေးသည့် သဘောဖြစ်သည်။ အမြတ်ဝေစုခွဲပေးမှုများတိုင်း ပိုကောင်းသည့် အစုရှယ်ယာလို့တော့မဆိုနိုင်ပါ။
Column 7: Price/ Earnings Ratio သို့ P/E အချိုးရလဒ်
-------------------------
အစုရှယ်ယာတစ်ခု၏ ပေါက်ဈေးနှင့် ၄င်းအစုရှယ်ယာကို ထုတ်ဝေသည့် ကုမ္ပဏီ၏ အမြတ်ငွေကို မီးမောင်းထိုးပြသော အချိုးဖြစ်သည်။ ရလဒ်နည်းလေကောင်းလေဖြစ်သည်။ ရလဒ်ကြီးနေ သော အစုရှယ်ယာသည်ဈေးမြောက်နေသည်ဟု ဆိုနိုင်သည်။ P/E ကို ယနေ့ ပေါက်ဈေးကို တည်ပြီး Column 9 ရှိ EPS ဖြင့်စားခြင်းမှရရှိ နိုင်သည်။ P/E သဘောတရားကိုသိရန်ကို ဥပမာ ဇယားပုံရှိ AGD ဘဏ်၏ P/E ကို ကြည့်လိုက်ပါ။ P/E ၉ ဆိုသည်မှာ AGD ဘဏ်၏အမြတ်ဝင်ငွေ သည် မနှစ်ကအတိုင်းယခုနှစ်တွင် ရရှိနိုင်မည် ဆိုပါက ဝယ်ဈေး၏ ၉ကျပ်လျှင် AGD ဘဏ်သည် ၁ကျပ် ပြန်ရှာပေးနိုင်သည်ဟူ၍ဖြစ်သည်။ တိုတို ပြောသော် AGD စတော့ပေါက်ဈေး၏ ၉ကျပ်တိုင်း သည် ၁ကျပ်နှစ်စဉ်ရှာပေးနေခြင်းဖြစ်သည်။ FMI ၏ P/E မှာမူ ၈၀ ဖြစ်နေ၍ နှစ်စဉ် ၁ကျပ်ရှာရန် ၈၀ကျပ်ဖိုး ဝယ်ယူထားရမည်ဖြစ်နေသောကြောင့် ဈေးမြောက်နေသည်ဟုဆိုပါသည်။
Column 8: Trading Volume အရောင်းအဝယ် ဖြစ်မှုအရေအတွက်
-------------------------
အစုရှယ်ယာတစ်ခု၏ တစ်နေ့တွင် အရောင်း အဝယ်ဖြစ်ခဲ့သည့် အရေအတွက်ပင်ဖြစ်သည်။ ဤ Column အောက်ရှိ ဂဏန်းကို သုညနှစ်လုံး ထပ်တိုး၍ ဖတ်သင့်သည်။ ဥပမာ FMI စတော့ အရောင်းအဝယ်ဖြစ်သည့် အရေအတွက်သည် ၃၀၀ခု မဟုတ်ပဲ ၃၀၀၀၀ခုဖြစ်သည်။
Column 9: Earning Per Share ရှယ်ယာတစ်ခု လျှင် ရရှိသော အမြတ်ငွေ
------------------------
ဥပမာဆိုပါစို့။ AGD ဘဏ်သည် မနှစ်က အမြတ်ငွေ ကျပ် သိန်း ၁၁၁၁ ဝင်ခဲ့သည်။ AGD ဘဏ်မှထုတ်ဝေထားသော ရှယ်ယာစုစုပေါင်း အရေအတွက်မှာ တစ်သိန်းခုတိတိဖြစ်လျှင် ရှယ်ယာတစ်စောင်ခြင်းစီ၏ အမြတ်ငွေမှာ ၁၁၁၁ကျပ် ဖြစ်သည်။ ထို့ကြောင့် AGD အစုရှယ်ယာ၏ EPS မှာ ၁၁၁၁ကျပ် ဖြစ်လေသည်။ EPS သည် ရှယ်ယာတစ်ခု၏ မနှစ်က ရရှိခဲ့သည့် အမြတ်ဝင်ငွေကိုပြသည်။ ပုံတွင် FMI သည် မနှစ်က ရှယ်ယာတစ်စုလျှင် ၁၆၄ ကျပ်သာ အမြတ်ငွေအဖြစ်ဝင်ခဲ့ပါသည်။
Column 10 & 11: Day High and Low
-----------------------
ယနေ့ အရောင်းအဝယ်ဖြစ်ခဲ့သော အစုရှယ်ယာ ဈေးနှုန်းများ အနက် အမြင့်ဆုံး High နှင့် အနိမ့်ဆုံး Low ဈေးနှုန်းများဖြစ်သည်။ ဇယားပုံတွင် FMI စတော့သည် အများဆုံးဈေးနှုန်း ၁၃၃၀၀ကျပ် နှင့် အနည်းဆုံးဈေးနှုန်း ၁၂၉၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။
Column 12: Previous Close မနေ့ကအပိတ်ဈေး
----------------------
ဇယားပုံအတိုင်းဆိုလျှင် ယနေ့ ဧပြီလ ၁၀ရက် ဆိုပါက မနေ့ကဧပြီလ ၉ရက်နေ့ အိပ်ချိန်းပိတ်ချိန် မတိုင်မှီ နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သော အစုရှယ်ယာဈေးနှုန်းဖြစ်သည်။
Column 13: Close Price အပိတ်ဈေး
----------------------
အပိတ်ဈေးဆိုသည်မှာ စတော့အိပ်ချိန်းမပိတ်မှီ နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သော စတော့ ရှယ်ယာ၏ ဈေးနှုန်းဖြစ်သည်။ အပိတ်ဈေးနှင့် ပတ်သက်၍သိရမည်မှာ အပိတ်ဈေးအတိုင်း နောက်နေ့တွင် အစုရှယ်ယာများကို ဝယ်ယူလို့ ရချင်မှရမည်ဆိုတာပဲဖြစ်သည်။ စတော့ဈေးကွက် တွင် အစုရှယ်ယာများ၏ ဈေးနှုန်းသည် စတော့အိပ်ချိန်း ပိတ်ချိန်များတွင်ပင် အမြဲတစေ ပြောင်းလဲနေနိုင်သည်။ အပိတ်ဈေးသည် သေချာပေါက်ဝယ်လို့ရမည့် ဈေးနှုန်းမဟုတ်သော် လည်း မိမိကမည်မျှပေး၍ အစုရှယ်ယာတစ်ခုကို ဝယ်သင့် ရောင်းသင့်သည်ကို နှိုင်းယှဉ် ညွှန်ပြနိုင်သော ဈေးနှုန်းတန်ဖိုးတစ်ခုသာဖြစ်သည်။
Column 14 & 15: Net Change & Rate အပြောင်း အလဲပမာဏနှင့် ပြောင်းလဲနှုန်း
------------------------
အစုရှယ်ယာတစ်ခု၏ မနေ့က အပိတ်ဈေးနှုန်းမှ မည်မျှပမာဏ အတက်အကျဖြစ်သွားသည်ကို ပြသည်မှာ Net Change ပင်ဖြစ်သည်။ ဇယားပုံတွင် FMI စတော့သည် ဧပြီလ ၉ ရက်နေ့ အပိတ်ဈေးတွင် ၁၂၈၀၀ကျပ်ရှိရာမှ ဧပြီ ၁၀ရက် တွင် ၁၃၀၀၀ကျပ်ရှိခဲ့သဖြင့် Net Change မှာ ၂၀၀ကျပ် အတက်ပြခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် FMI ၏ စတော့မှာ ဧပြီလ ၉ရက်နေ့က ဈေးနှုန်းမှ ၁ ဒသမ ၅၆ ရာခိုင်နှုန်း အတက်ပြ ခဲ့သည်ဟု ဆိုနိုင်သည်။ ထို အတက်ပြသည့် ရာခိုင်နှုန်းသည် Change Rate ပြောင်းလဲနှုန်းဖြစ်သည်။ သတင်းဌာနများက စတော့ဈေးနှုန်းများကို TV တွင် ဖော်ပြရာတွင် လက်ရှိအရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်း၊ ၄င်း၏ဘေးတွင် မနေ့ကအပိတ်ဈေးမှ မည်မျှပြောင်းလဲသည်ကိုပြသည် ပြောင်းလဲနှုန်း Change Rate ကိုသာအဓိကဖော်ပြလေ့ရှိသည်။ Change Rate သည် စိမ်းနေလျှင် အတက်ပြသည့် စတော့ဈေးနှုန်းဖြစ်ပြီး အနီရောင်ဖြစ်နေပါက မည်မျှကျဆင်းသွားသည်ကို ပြသည့် ရာခိုင်နှုန်းသာ ဖြစ်သည်။
အခုဆိုလျှင်စတော့ဈေးနှုန်းနှင့် ပတ်သက်သည့် ကိန်းဂဏန်းများကို တင်ပြလို့ပြီးပါပြီ။ ၄င်းတို့ကို ကြည့်လျှင် စတော့ဈေးနှုန်းတစ်ခု၏ ပေးသင့်သော တန်ဖိုးကို အနည်းနှင့်အများ သိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် စတော့တစ်ခု၏ ပေါက်ဈေးဆိုသည်ကို ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသည့် ဈေးနှုန်းများကို ကြည့်၍ ပျှမ်းမျှအားဖြင့် အရောင်း အဝယ်ဖြစ်နိုင်မည့် ဈေးနှုန်းဟုသာ သတ်မှတ် ရပါမည်။
ယခုတင်ပြခဲ့သော အကြောင်းအရာများသည် စတော့ဈေးနှုန်းနှင့်ဆိုင်သော အချက်များသာ ဖြစ်ပြီး စတော့ရှယ်ယာတစ်ခုကို ဝယ်ယူ ရင်းနှီး သင့်မသင့် ဆုံးဖြတ်ရန် ပိုင်းခြားသုံးသပ်ချက် Analysis လုပ်နည်းများ မဟုတ်သေးပါ။ ထို့ကြောင့် စတော့ဈေးနှုန်းနှင့်ဆိုင်သော အချက်အလက်များကို ကြည့်ရုံဖြင့်အစုရှယ်ယာတစ်ခု၏ စစ်မှန်သည့် တန်ဖိုးကို မသုံးသပ်နိုင်ပါဟုပြောလိုပါသည်။ ဈေးကွက်ရှိ ပေါက်ဈေးသည် အစုရှယ်ယာတစ်ခု၏ အစစ်အမှန်တန်ဖိုးနှင့် အမြဲကင်းကွာနေတတ်သည် ကို ရင်းနှီးမြှုပ်နှံသူတိုင်း နှလုံးသွင်းထားရပါမည်။
စတော့ဈေးကွက်မိတ်ဆက် အစီအစဉ် စာစဉ် ၅။
ဤအစီအစဉ်တွင် စတော့ဈေးကွက်ဆိုင်ရာ ဗဟုသုတများကို စာစဉ်များ ဗီဒီယိုဖိုင်များဖြင့် မျှဝေ သွားပါမည်။
MIW Originals

Shares & Law (MIW 004)

အစုရှယ်ယာပိုင်ရှင်တို့ရရှိမည့် အခွင့်အရေးများကို မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရပြဋ္ဌာန်းပါရှိ သည့် အတိုင်းကောက်နုတ်တင်ဆက်လိုက်ပါသည်။
ဤအစီအစဉ်အပြီးတွင်စတော့ဈေးကွက်ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအသိပညာများအတိအလင်းတိုးပွား လာမည်ဟု MIW မှပြောကြားလိုပါသည်။
မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ အစုရှယ်ယာ ပိုင်ရှင်များ၏ အခွင့်အရေးများ
-------------------------------
၁။ အစုရှင်တစ်ဦးသည် ၄င်းထည့်ဝင်သည့် အစုရှယ်ယာအတွက် သက်သေခံလက်မှတ်ရပိုင်ခွင့် ရှိသည်။ ပုဒ်မ ၁၀၈၊ ၁
၂။ အစုရှင်တစ်ဦးသည် ၄င်းအစုဝင်ထားသည့် ကုမ္ပဏီ၏ သင်းဖွဲ့မှတ်တမ်း MoA နှင့် သင်းဖွဲ့ စည်းမျဉ်း AoA စာအုပ် မိတ္တူတစ်စောင်ကို တောင်းယူခွင့်ရှိသည်။ ထိုသို့တောင်းယူလျှင် ကုမ္ပဏီ၏သတ်မှတ်ထားသည့် အခကြေးငွေကို ထိုအစုရှင်ထံမှတောင်းယူနိုင်သည်။ စာအုပ်မိတ္တူကို ၁၄ရက်အတွင်းပေးရမည်။ ပုဒ်မ ၂၅
၃။ အစုဝင်တစ်ဦးသည် ၄င်းအမည်နှင့် အကြောင်း အရာများကိုကုမ္ပဏီတွင်ထားရှိသောအစုရှင်မှတ်တမ်း တွင် ထည့်သွင်းစေခြင်းအခွင့်အရေးရှိသည်။
ပုဒ်မ ၃၁
၎။ အစုရှင်တစ်ဦးသည် ၄င်း၏ အစုရှယ်ယာများကို လွှဲပြောင်းခွင့်ရှိသလို ထိုသို့လွှဲပြောင်းခြင်းကို ဒါရိုက်တာအဖွဲ့မှခွင့်ပြုပြီးပါက အစုရှင်မှတ်တမ်းတွင် မှတ်ပုံတင်ခွင့်ရှိသည်။ ပုဒ်မ ၃၄
၅။ အစုရှင်တစ်ဦးကွယ်လွန်သွားသည့်အခါ ၄င်း၏ တရားဝင်ကိုယ်စားပြုသူဖြင့် ၄င်းအသက်ရှင်နေ ဘိသကဲ့သို့ အစုရှယ်ယာလွှဲပြောင်းနိုင်သည်။
ပုဒ်မ ၃၅
၆။ အစုရှင်တစ်ဦးသည်ကုမ္ပဏီကထားရှိသော အစုရှင်မှတ်တမ်းများကို ကုမ္ပဏီချမှတ်သည့် စည်းကမ်းနှင့်အညီရုံးချိန်အတွင်း ပုဒ်မ ၃၇အရ ပိတ်ထားချိန်မှအပ ကြည့်ရှုစစ်ဆေးနိုင်သည်။ သို့သော်ဥပဒေနှင့်စည်းကမ်းများက သတ်မှတ်သည့် အခကြေးငွေကို ပေးရမည်။ အစုရှင်တစ်ဦးသည် ထိုမှတ်တမ်း၏ ကောက်နုတ်ချက်များကိုလည်း ကူးယူပိုင်ခွင့်ရှိသည်။ အစုရှင်တစ်ဦးသည် ထိုအစု မှတ်တမ်း၏ ကောက်နုတ်ချက်များကိုလည်း တောင်းခံပိုင်ခွင့်ရှိသည်။ ပုဒ်မ ၃၆
၇။ အစုရှင်တစ်ဦးသည် ၄င်း၏အကြောင်းအရာများ ကို အစုရှင်မှတ်တမ်းတွင်လွဲမှားစွာရေးသွင်းထားပါက တရားရုံးတော်သို့ပြင်ဆင်ပေးပါရန်လျှောက်ထား နိုင်သည်။ ပုဒ်မ ၃၈
၈။ အထူးအခွင့်အရေးခံစားခွင့်ရှိသည့်အစုရှင်တစ်ဦး သို့မဟုတ်အစုရှင်တစ်စုသည် ထိုထုတ်ဝေပြီး အစုရှယ်ယာ အတန်းအစား၏ ၁၀ရာခိုင်နှုန်းတန်ဖိုး ကို ပိုင်ဆိုင်လျှင် ၄င်းတို့ခံစားခွင့်ရှိသည့် အခွင့် အရေးကို ပြဋ္ဌာန်းချက်နှင့်အညီ ထိခိုက်နစ်နာ စေအောင်ပြောင်းလဲလိုက်လျှင် ထိုပြောင်းလဲချက်ကို ပယ်ဖျက်ပေးရန်တရားရုံးသို့လျှောက်ထားနိုင်သည်။ ပုဒ်မ ၆၆ က
၉။ အစုရှင်တစ်ဦးသည် အများပိုင်ကုမ္ပဏီတစ်ခု တည်ထောင်ခါစတွင် အစုဝင်ထားပါက ဥပဒေအရ Statutory အစီရင်ခံစာတစ်စောင်ကို Statutory အစည်းအဝေး ( ကုမ္ပဏီဥပဒေအရကျင်းပသည့် အစည်းအဝေး ) မတိုင်မီ ၂၁ရက်ကြိုတင်ရပိုင်ခွင့် ရှိသည်။ ပုဒ်မ ၇၇၊ ၂
၁၀။ Statutory Meeting သို့တက်ရောက်သည့် အစုရှင်တစ်ဦးသည် ကြိုတင်အသိပေးထားလျှင် ဖြစ်စေ အသိမပေးထားလျှင်ဖြစ်စေ ဖွဲ့စည်းခြင်းမှ သို့မဟုတ် ဥပဒေအရ အစီအရင်ခံစာမှ ပေါ်ထွက် လာသည့် အကြောင်းအရာများကို ဆွေးနွေးခွင့်ရှိစေ ရမည်။ ပုဒ်မ ၇၇၊ ၂
၁၁။ ဥပဒေအရအစီရင်ခံစာကိုမတင်သွင်းလျှင် သို့မဟုတ် ဥပဒေအရအစည်းအဝေး မပြုလုပ်လျှင် အစုရှင်တစ်ဦးသည် ဖျက်သိမ်းရန် အခန်း ၅တွင် ပါရှိသည့် နည်းလမ်းအတိုင်းရုံးတော်ကို လျှောက်ထားခွင့်ရှိသည်။ ပုဒ်မ ၇၇၊ ၉
၁၂။ အစုရှင်တစ်ဦးသည် အစုရှင်များ၏ အထွေထွေအစည်းအဝေးအားလုံးကို တက်ရောက် ခွင့်ရှိသည်။ ပုဒ်မ ၇၉၊ ၁
၁၃။ အထူးဆုံးဖြတ်ချက်ချမှတ်ရန် အစည်းအဝေးမှ တစ်ပါး ကုမ္ပဏီ၏ အခြားအစည်းအဝေး တစ်စုံ တစ်ရာကို ၁၄ရက်ထက်မနည်း ကြိုတင်နို့တစ်စာ အား ရယူခွင့်ရှိသည်။ ပုဒ်မ ၇၉၊ ၁က
၁၄။ အစုရှင်တစ်ဦးသည် အတန်းအစားခြင်း တူသည့် အခြားအစုရှင်များနည်းတူ ခံစားခွင့်များ ရှိစေရမည်။ ပုဒ်မ ၇၉၊ ၁င
၁၅။ ပေးသွင်းပြီးအစုငွေပေါင်း၏ ၁၀ပုံ ၁ပုံ အောက် မနည်းလက်ရှိဖြစ်သည့် အစုပါဝင်သူ နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော အစုပါဝင်သူ တို့သည် အထူးအစည်းအဝေးပြုလုပ်ရန် တောင်းခံခွင့်ရှိသည်။ ပုဒ်မ ၇၉၊ ၂က
၁၆။ အစုရှင်တစ်ဦးသည် ကုမ္ပဏီဆိုင်ရာ သင်းဖွဲ့စည်းမျဉ်းက အခြားပြဋ္ဌာန်းချက်မပြုလုပ်သမျှ အခြားအစုရှင်တစ်ဦး၏ ကိုယ်စားမဲပေးခွင့်ရှိသည်။ ပုဒ်မ ၇၉၊ ၂ဆ
၁၇။ အစုရှင်တစ်ဦးသည် ဥပဒေပြဋ္ဌာန်းချက်နှင့် အညီ ခေါ်ယူသည့် အထူးအစည်းအဝေးတွင် ကိုယ်တိုင်ဖြစ်စေ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ တက်ရောက်သူ အစုရှင်များအနက် လေးပုံ သုံးပုံ အောက်မလျော့သူများက သဘောတူလျှင် အထူး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သည်။ ပုဒ်မ ၈၁၊ ၁
၁၈။ အစုရှင်တစ်ဦးသည် အထွေထွေ အစည်း အဝေး ပြုလုပ်ြပီး ခုနှစ်ရက်ကြာပြီးနောက် မည်သည့်အခါတွင်မဆို ပုဒ်မ ၈၃၊ ၄တွင် ရည်ညွှန်းသည့် အစည်းအဝေးမှတ်တမ်းကို ထိုက်သင့်သော အခကြေးငွေပေး၍ တောင်းယူနိုင်သည်။ ပုဒ်မ ၈၃၊ ၅
၁၉။ သာမန်ထက်ထူးကဲသော ဆုံးဖြတ်ချက်ကို ရယူနိုင်သည့် အစုရှင်တစ်စုသည် မည်သည့် ဒါရိုက်တာကိုမဆို ထုတ်ပယ်နိုင်သည်။ ၄င်း၏ နေရာကိုလည်း အစားထိုးရွေးချယ်ခန့်ထားနိုင်သည်။ အစုရှင်တစ်ဦးသည် ကုမ္ပဏီတွင် ပြုစုထိန်းသိမ်း ထားသော ဒါရိုက်တာများ မန်နေးဂျင်းအေးဂျင့်များ ၏ မှတါတမ်းများကို အခမဲ့ကြည့်ရှုနိုင်သည်။
ပုဒ်မ ၈၇၊ ၃
၂၀။ ကုမ္ပဏီက နောက်ထပ်ထုတ်ဝေရောင်းချမည့် အစုရှယ်ယာများကို လက်ရှိ အစုရှင်တစ်ဦးသည် အစုရှင်တစ်ဦးချင်းစီပိုင်ဆိုင်သော အစုရှယ်ယာများ အတိုင် အချိုးကျရှေးဦးစွာဝယ်ယူခွင့်ရှိသည်။
ပုဒ်မ ၁၀၅ ဂ
၂၁။ အစုရှင်တစ်ဦးသည် မှတ်ပုံတင်အရာရှိထံ မှတ်ပုံတင်စာရင်းတင်သွင်းထားသည့် အပေါင်များ ဖြင့် ချေးငွေများကို အခွင့်သင့်လျှင် အခမဲ့ ကြည့်ရှုခွင့်ရှိစေရမည်။ အပေါင်အနှံ မှတ်ပုံတင် စာရင်းကိုလည်း ထိုက်သင့်သောအခကြေးငွေပေး၍ ကြည့်ရှုခွင့်ရှိစေရမည်။ ပုဒ်မ ၁၂၄၊ ၁
၂၂။ စာရင်းစစ်အစီအရင်ခံစာ ဒါရိုက်တာအစီအရင် ခံစာ ဘဏ္ဍာရေးရှင်းတမ်းများကို အစည်းအဝေးကြီး တွင် အစုရှယ်ယာပါဝင်သူ မည်သူမဆို နားထောင် ခွင့်ရှိသည့် အပြင် ကြည့်ရှုခွင့်လည်းရှိစေရမည်။ ပုဒ်မ ၁၃၁၊ ၂
၂၃။ အစုရှင်တစ်ဦးသည် အခြားပြဋ္ဌာန်းထားသည် မှလွဲ၍ ကုမ္ပဏီ၏ လက်ကျန်ရှင်းတမ်းနှင့် အရှုံး အမြတ်ရှင်းတမ်းတို့ကို သတ်မှတ်ထားသော အခကြေးငွေပေး၍ မိတ္တူများတောင်းယူပိုင်ခွင့် ရှိသည်။ ပုဒ်မ ၁၃၅
၂၄။ အစုရှင်တစ်ဦးသည် ထုတ်ပေးပြီး အစုများ အနက် ၁၀ပုံ ၁ပုံအောက်မလျော့သည့် အစုရှယ်ယာ ပိုင်ဆိုင်ပါက မှတ်ပုံတင်ရုံးသို့ လျောက်ထား၍ ကုမ္ပဏီ၏ စာရင်းများကို စစ်ဆေး ကြည့်ရှုနိုင်သည်။ ပုဒ်မ ၁၃၈၊ ၂
၂၅။ အစုရှင်တစ်ဦးသည် နှစ်ပတ်လည် အစည်း အဝေးကြီးတွင် စာရင်းစစ်အရာရှိတစ်ဦးဖြစ်စေ အများဖြစ်စေ ခန့်ထားရန်ပါဝင်ခွင့်ရှိသည်။
ပုဒ်မ ၁၄၄၊ ၃
၂၆။ အစုရှင်တစ်ဦးသည် ၄င်းတို့ အတန်းအစား အချင်းချင်းဖြင့် သော်လည်းကောင်း မြီရှင်များဖြင့် သော်လည်းကောင်း စာရင်းရှင်းဖျက်သိမ်းသူဖြင့် သော်လည်းကောင်း ရုံးတော်၌ဖြစ်စေ ပြင်ပ၌ဖြစ်စေ ညှိနှိုင်းဆောင်ရွက်နိုင်သည်။ ပုဒ်မ ၁၅၃၊ ၁
၂၇။ အစုရှင်တစ်ဦးသည် အနည်းဆုံး ရှိရမည့် အစုရှင်ဦးရေထက် လျော့နည်း၍လည်း ကုမ္ပဏီတွင် ရပ်တည်နိုင်သည်။ သို့သော် အလျော်တာဝန် ကန့်သတ်ချက်မရှိဘဲ ဖြစ်သွားမည်။ ပုဒ်မ ၁၄၇
၂၈။ အစုရှင်တစ်ဦးသည် ကျန်အစုရှင်များနှင့် ပူးပေါင်း၍ သတ်မှတ်ချက်များနှင့်အညီ အနည်းပိုင် မှ အများပိုင်သို့ ပြောင်းလဲနိုင်သည်။ ပုဒ်မ ၁၆၂၊ ၆
၂၉။ ပုဒ်မ ၁၆၂၊ ၆ အရ တရားရုံးတွင် တရားမျှတမှုကို ရှေးရှု၍ ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်လိုအပ်ပါက အစုရှင်တစ်ဦးသည် ကုမ္ပဏီအားဖျက်သိမ်းရန် တရားရုံးသို့လျှောက်ထား နိုင်သည်။ ပုဒ်မ ၁၆၆
၃၀။ အစုရှင်တစ်ဦးသည် ကုမ္ပဏီဖျက်သိမ်းရန် လျှောက်လွှာတင်သည့်နေ့ မတိုင်မီ အနည်းဆုံး ခြောက်လအတွင်း မိမိအမည်နှင့်မှတ်ပုံတင် စာရင်းသွင်းပြီးပါက ဖျက်သိမ်းရန် လျှောက်လွှာများ ကို တင်သွင်းနိုင်ခွင့်ရှိသည်။ ပုဒ်မ ၁၆၆
၃၁။ အစုရှင်တစ်ဦးသည် အခြားအစုရှင်များနှင့် ပူးပေါင်း၍ ၇၅ရာခိုင်နှုန်း သဘောတူညီချက်ရသည့် အထူးဆုံးဖြတ်ချက် ချမှတ်၍ ကုမ္ပဏီတစ်ခုကို အလိုအလျောက်ဖျက်သိမ်းနိုင်သည်။ ပုဒ်မ ၂၀၃၊ ၂
၃၂။ အစုရှင်များသည်ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် ဖျက်သိမ်းခြင်းပြီးဆုံးသည့် အချိန်များတွင် စာရင်းရှင်းလင်းခေါ်ယူသည့် အစည်းအဝေးများကို တက်ရောက်ခွင့်ရှိသည်။ ပုဒ်မ ၂၀၈ ဃ င
စတော့ရှယ်ယာတွင်ရင်းနှီးမြှုပ်နှံသူလိုတိုင်းအတွက် အရေးကြီးသည့် အစုရှယ်ယာပိုင်ဆိုင်မှုမှ ရရှိမည့် အခွင့်အရေးများကို မြန်မာနိုင်ငံကုမ္ပဏီများအက် ဥပဒေအရ ဖော်ပြချက်များမှ ကောက်နုတ် တင်ဆက်လိုက်ပါသည်။

Financial Planner

http://www.mediafire.com/view/ltet1wqbwadav1u/Financial_planner.xlsx

https://www.youtube.com/watch?v=L4wggBUhdxU

In Stock Market (MIW 003)

စတော့ရှယ်ယာအပြင် အိပ်ချိန်းမှာ အခြားရောင်းနိုင်မည့်ဝယ်နိုင်မည့် ငွေချေးသက်သေခံ လက်မှတ်အမျိုးမျိုးနှင့် စတော့ရှယ်ယာကြိုရောင်းကြို ဝယ်ဈေးကွက်တို့အကြောင်း အစဉ်အလာအတိုင်း လွယ်ကူရိုရှင်းစွာမိတ်ဆက်တင်ပြထားပါသည်။ ဤအစီအစဉ်အပြီးတွင်စတော့ဈေးကွက်ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအသိပညာများအတိအလင်းတိုးပွားလာမည်ဟု MIW မှပြောကြားလိုပါသည်။
စတော့အိပ်ချိန်းမှာကုမ္ပဏီတွေရဲ့စတော့ရှယ်ယာတွေ အပြင်ဘာတွေရောင်းဝယ်လို့ရသလဲ။
--------------------------------------
အများပိုင်ကုမ္ပဏီများသည်လိုအပ်သည့်အရင်းအနှီးများ ရှာဖွေရာတွင်စတော့ရှယ်ယာတစ်ခုတည်းကိုပဲအားကိုး မနေပါ။ အရင်းအနှီးဈေးကွက်ကြီး၏ ဈေးတစ်ခုဖြစ် သောစတော့အိပ်ချိန်းတွင်စတော့ရှယ်ယာမဟုတ်သည့် အခြားငွေချေးသက်သေခံလက်မှတ်များထုတ်ဝေရောင်း ချခြင်း ဖြစ်လည်းရင်းနှီးမြှုပ်နှံမှုများကိုရယူကြပါသည်။ ၄င်းငွေချေးသက်သေခံလက်မှတ်များမှာ အများပိုင် ကုမ္ပဏီများမှထုတ်ဝေသည့် ငွေချေးစာချုပ်အမျိုးမျိုး Bonds စတော့ရှယ်ယာဝယ်ယူခွင့်အခွင့် အရေးစာချုပ်များနှင့် ဝရန့်များ Warrants များ စသည်တို့ဖြစ်သည်။ ယင်းတို့အပြင် အများပိုင်ကုမ္ပဏီ တစ်ခု၏ စတော့ရှယ်ယာများအပေါ်အခြေခံထားသော စတော့ကြိုရောင်းကြိုဝယ်စာချုပ်များ Futures နှင့် စတော့ရွေးချယ်ခွင့်စာချုပ်များ Options လည်း ရင်းနှီးမြုပ်နှံသူအချင်းချင်းထုတ်ဝေရောင်းဝယ်နိုင်သည်။ ဖွံ့ဖြိုးပြီးစတော့အိပ်ချိန်းတစ်ခုတွင် ဖော်ပြပါစာချုပ်များ သာမက မျိုးစုံသောငွေချေးသက်သေခံလက်မှတ်များ Securities ကို ရင်းနှီးမြှုပ်နှံမှုအခြေအနေမျိုးစုံအတွက် ရောင်းဝယ်ကြပါသည်။ ယခုစာတွင် ရန်ကုန်စတော့ အိပ်ချိန်းတွင် ပေါ်ပေါက်လာနိုင်မည့် ငွေချေးသက် သေခံလက်မှတ်များသာမိတ်ဆက်တင်ပြသွားပါမည်။
ငွေချေးစာချုပ်ဆိုတာဘာလဲ။ ဘယ်လိုအကျိုးအမြတ် ရတာလဲ။ ဘာလို့အများပိုင်ကုမ္ပဏီကထုတ်ဝေတာလဲ။
---------------------------------------
ငွေချေးစာချုပ်ဆိုသည်မှာဝယ်ယူသူကိုနှစ်စဉ်အတိုးများ နှင့် ကာလတစ်ခုကြာရင်သတ်မှတ်ထားတဲ့ငွေပမာဏ တစ်ခုပြန်ပေးမည့် ငွေချေးတဲ့စာချုပ်ဖြစ်သည်။ ငွေချေးစာချုပ် တွေကိုအများပိုင်ကုမ္ပဏီများ မှထုတ်ဝေသည်မှာ အစု ရှယ်ယာ ထပ်မံမထုတ်ဝေပဲ အတိုးပေးပြီးအရင်းအနှီး လိုချင်လို့ဖြစ်သည်။ ငွေချေးစာချုပ်များမှအတိုးကို ပုံသေနှုန်းဖြင့်နှစ်စဉ် နှစ်ကြိမ်ခွဲ၍လည်းကောင်းတစ်ကြိမ်ထဲဖြင့်လည်းကောင်း ပေးချေပေးပသည်။ ငွေချေး စာချုပ်တိုင်းမှာ မူရင်းတန်ဖိုးတစ်ခု Face Value ပါဝင် ပါသည်။ ဒီတန်ဖိုးပမာဏကို ငွေချေးစာချုပ်သက်တမ်း ကာလကုန်မှပြန်လည်ရရှိပါမည်။ ဥပမာ ကျပ်၁၀၀၀၀ မူရင်းတန်ဖိုးရှိပြီးအတိုး ၁၀ကျပ်တိုးပေးသည့် ၃နှစ် ကာလ ငွေချေးစာချုပ် Bond တစ်ခုသည်တစ်နှစ်လျှင် အတိုးနှုန်း ၁၀၀၀ကျပ်ရမည်ဖြစ်ပြီး သက်တမ်းကုန်ပါ က ကျပ်၁၀၀၀၀ရရှိပါမည်။ ငွေချေးစာချုပ်တွေကို လက်ဝယ်ကိုင်ထားသူတို့သည် စတော့ရှယ်ယာများ ကဲ့သို့ လွှဲပြောင်းရောင်းချနိုင်ပါသည်။
ကာလတို ကာလလတ်နှင့် ကာလရှည်ဟူ၍ ငွေချေး စာချုပ်အမျိုးမျိုး ရှိပါသည်။ ကုမ္ပဏီများမှထုတ်ဝေသော ကာလလတ်နှင့်ကာရှည် ငွေချေးစာချုပ်များကို ဒီဘင်ချာများ Debenture ဟုလည်းခေါ်ပါသည်။ သက်တမ်းကာလ ၃နှစ် ၅နှစ် နှင့် ၅နှစ်အထက် စသဖြင့်ရှိကြပြီး ရေရှည်ငွေချေးယူခြင်းဖြစ်၍ငွေကြေး ဖောင်းပွမှုကိုကာကွယ်ပေးသည့်အနေဖြင့်အတိုးနှုန်းကို ကာလတိုစာချုပ်များထက်မြင့်မြင့်မားမားပေးရပါသည်။ အများပိုင်ကုမ္ပဏီများမှထုတ်ဝေသောငွေချေးစာချုပ်များ Corporate Bonds ကဲ့သို့ အစိုးရကလည်း ဗဟိုဘဏ် မှတစ်ဆင့် အစိုးရငွေချေးစာချုပ်များ Treasury Bonds ထုတ်ဝေပါသည်။ အစိုးရငွေချေးစာချုပ်များကို ဆုံးရှုံးနိုင်ချေလုံးဝမရှိဟု နိုင်ငံတကာတွင် သတ်မှတ် ကြပြီး ၄င်း၏အတိုးနှုန်းကို အခြားကုမ္ပဏီထုတ်ငွေချေး စာချုပ်များနှင့် နှိုင်းယှဉ်ရန်စံနှုန်းတစ်ခုအဖြစ်ထားရှိ ပါသည်။ ထို့ကြောင့်အများပိုင်ကုမ္ပဏီတို့၏ ငွေချေးစာ ချုပ် များသည် အစိုးရစာချုပ်များထက် ဆုံးရှုံးနိုင်ချေ ပိုများသည်ဟု ယူဆကြပြီးအစိုးရစာချုပ်များထက် အတိုးနှုန်းကို ပိုမိုတိုးမြင့်ပေးတတ်ကြပါသည်။ ငွေချေး စာချုပ်များ၏ အားသာချက်တစ်ခုမှာ ကုမ္ပဏီအဖွဲ့ အစည်းတစ်ခုဖျက်သိမ်းပါက သာမန်ရှယ်ယာများ ဦးစားပေးရှယ်ယာများထက်အရင် ရင်းနှီးမှုများကို ပြန်လည်ရရှိစေမည့်အခွင့်အရေးပင်ဖြစ်ပါသည်။
ငွေချေးစာချုပ်၏ဈေးနှုန်းကဘယ်လိုပြောင်းလဲသလဲ။
---------------------------------------
ငွေချေးစာချုပ်များ၏ဈေးနှုန်းသည် ဈေးကွက်အတွင်းရှိ ပေါက်ဈေးအတိုးနှုန်းနှင့် ထုတ်ဝေသည့် အဖွဲ့အစည်း ကို အများယုံကြည်လက်ခံနိုင်စွမ်းတို့ပေါ်တွင်မူတည် ပါသည်။ ကျပ်၁၀၀၀၀မူရင်းတန်ဖိုးရှိပြီး အတိုးနှုန်း ပုံသေ ၁၀ရာခိုင်နှုန်းဖြင့် နှစ်စဉ် ၁၀၀၀ကျပ်ရမည့် စာချုပ်တစ်ခုသည် ပြင်ပတွင်အတိုးနှုန်းက တစ်နှစ် ၁၂ရာခိုင်နှုန်းဖြစ်နေလျှင် ၄င်းစာချုပ်၏ဈေးနှုန်းသည် ၉၅၂၀ကျပ်ဖြင့်သာရှိမည်ဖြစ်သည်။ အလားတူ ပြင်ပ အတိုးနှုန်းပေါက်ဈေးသည်စာချုပ်ပါပုံသေအတိုးနှုန်း ထက်ကျဆင်းသွားပါက အဆိုပါစာချုပ်၏ဈေးနှုန်းသည် ကျပ်၁၀၀၀၀ထက်မြင့်တက်သွားမည်ဖြစ်ပါသည်။ ထို့ပြင်ထုတ်ဝေသည့်အစိုးရနှင့် ကုမ္ပဏီတို့၏ အကြွေး ပြန်ဆပ်နိုင်မှုအခြေအနေအရ စာချုပ်ဈေးနှုန်းအပြောင်း အလဲများလည်းရှိနိုင်ပါသည်။ ဥပမာအားဖြင့် ဂရိ အစိုးရငွေချေးစာချုပ်များသည် ၄င်းတို့၏ မူရင်းတန်ဖိုး ထက်များစွာလျော့ကျနေသည်မှာ ဂရိနိုင်ငံသည် ကြွေးမှီများလွန်းနေပြီး ၂၀၀၈ခုနှစ်ဘဏ္ဍာရေးအကျပ် အတည်းတွင်ငွေပေးဆပ်ရန်ပျက်ကွက်ခဲ့၍ဖြစ်သည်။ ငွေချေးစာချုပ်များ၏ဈေးနှုန်းသည် စတော့ရှယ်ယာ များနည်းတူ ငွေကြေးဖောင်းပွမှုနှုန်း နိုင်ငံခြားငွေ လဲလှယ်မှုနှုန်း နှင့်အခြားစီးပွားရေးဆိုင်ရာသက်ရောက် မှုများအရ အပြောင်းအလဲများရှိနေမည်ဖြစ်ပါသည်။
စတော့ရှယ်ယာကို ကြိုရောင်းကြိုဝယ်လို့ရသလား။ ကြိုရောင်းကြိုဝယ်စာချုပ်ဆိုတာကဘယ်လိုလဲ။
---------------------------------------
မေးခွန်းများမဖြေကြားမှီငွေချေးသက်သေခံလက်မှတ် ဆိုသည့် အလွန်ရှည်လျားသည့်အသုံးအနှုန်းကြီးကို Securities လို့သာပြောင်းလဲရေးသားလိုပါသည်။ နိုင်ငံတကာအရင်းအနှီးဈေးကွက်တိုင်းတွင် စတော့ ရှယ်ယာ ငွေချေးစာချုပ် မည်သည့် Securities ကိုမဆို ကြိုရောင်းကြိုဝယ်စာချုပ် Futures Contract တို့ဖြင့်အရောင်းအဝယ်လုပ်နေကြပါပြီ။ အချို့နိုင်ငံများ တွင် ဤ Futures တွေကို ကြိုရောင်းကြိုဝယ်အိပ်ချိန်း များ Futures Exchange တွင်ပြုလုပ်ကြပြီး စတော့ အိပ်ချိန်းတွင်လည်းပြုလုပ်နိုင်ပါသည်။ ထို့အပြင် Securities အရောင်းအဝယ်အကျိုးဆောင်ကုမ္ပဏီများ ထံတွင် ယခုအခါအင်တာနက်မှတစ်ဆင့်အလွယ်တကူ နိုင်ငံတိုင်းနီးပါးတွင် Futures များ အရောင်းအဝယ် လုပ်နိုင်နေပြီဖြစ်ပါသည်။
ကြိုရောင်းကြိုဝယ်စာချုပ်များ Futures ၏ သဘော တရားကိုဆက်လက်တင်ပြပါမည်။ တင်းကျပ်မှုရှိသော ကုန်စည်ဒိုင်တစ်ခုတွင် ပွဲရုံတစ်ခုနှင့်တစ်ခုသည် ပဲအိတ်တစ်ရာခန့်ကို နောက်ခြောက်လတွင် အရောင်း အဝယ်တစ်ခုပြုရန်ယနေ့ပေါက်ဈေး တစ်အိတ် ကျပ် ၂၀၀၀၀ဖြင့်သာကြိုရောင်းကြိုဝယ်စာချုပ်ချုပ်ဆိုခဲ့ ပါသည်။ ဝယ်သူသည်ကျပ်သိန်း၂၀အပြည့်ပေးချေ ရန်မလိုပဲကုန်စည်ဒိုင်တွင် ပဲကုန်စည်၏ ၁၀ရာခိုင်နှုန်း စပေါ်အာမခံနှုန်း Margin အနေဖြင့် ကျပ် ၂သိန်းသာ ပေးသွင်းထားနိုင်သည်။ ရောင်းသူသည်လဲ ပဲကုန်စည် များအပ်နှံထားရန်မလိုသေးပဲ စပေါ်အာမခံနှုန်း ကျပ် ၂သိန်းသာကုန်စည်ဒိုင်တွင်ပေးချေနိုင်သည်။ ခြောက် လအကြာတွင် ကျပ် ၂၁၀၀၀ခန့်ပဲတစ်အိတ်ဈေးပေါက် နေလျှင်ပဲကုန်စည်များကိုအလဲအလှယ်လုပ်မနေတော့ပဲ ကုန်စည်ဒိုင်မှ ဝယ်သူအားပေါက်ဈေးအရကျပ်၃သိန်း ပေးချေပြီး ရောင်းသူအားကျပ်၁သိန်းသာပြန်အမ်း မည်ဖြစ်သည်။
အထက်ပါဥပမာတွင်ပါရှိသည့်အတိုင်း စတော့ရှယ်ယာ ငွေချေးစာချုပ်နှင့် Securities မျိုးစုံကို ကာလကုန် သည့်အခါ စာချုပ်များအလဲအလှယ်မလုပ်ပဲ ဈေး အတက်အကျတိုင်း စပေါ်အာမခံငွေမှ ပေးချေမှုသာ ပြုလုပ်သည့် ကြိုရောင်းကြိုဝယ်စာချုပ်တွေကို Futures ဟုခေါ်သည်။ Securities များအရေအတွက် အတိအကျ အတိုင်းလဲလှယ်ရမည့် ကြိုရောင်းကြိုဝယ် စာချုပ်များကို Forwards လို့ခေါ်သည်။ နိုင်ငံတကာ တွင် Futures ကသာပိုမိုအရောင်းအဝယ်များသည်။ စတော့ရှယ်ယာတစ်ခု၏ Futures ကိုရောင်းဝယ်ပါက အိပ်ချိန်းရှိ စာရင်းရှင်းအဖွဲ့အစည်း Clearing House တွင် အာမခံစပေါ်နှုန်း Margin ကို ယနေ့ပေါက်ဈေး ၏ ၁၀ရာခိုင်နှုန်း ၁၅ရာခိုင်နှုန်းစသဖြင့် စတော့ ရှယ်ယာ၏ ဈေးနှုန်းပြောင်းလဲနိုင်မှုပေါ်တွင်မူတည် ၍ ပေးသွင်းရပါမည်။ ဥပမာအားဖြင့် ဒေါ်လာ ၁၀၀၀ရှိ Apple ၏ စတော့ကို ကြိုဝယ်စာချုပ်ဖြင့်ဝယ်လို ပါက ဒေါ်လာ ၁၀၀စပေါ်ပေးရမည်ဖြစ်သည်။ ထို့အပြင် ၁၀ရာခိုင်နှုန်း Margin ပေးထားသော Futures ၏ စတော့ဈေးနှုန်းသည် ၅ရာခိုင်နှုန်းအောက် ကျဆင်းသွားပါက Clearing House သည် ထို Apple စတော့အပေါ်သတ်မှတ်ထားသည့် အနည်း ဆုံး အာမခံစပေါ်နှုန်း Minimum Maintenance Margin ၅ရာခိုင်နှုန်းကို ကျော်လွန်လာ၍ ဝယ်သူထံမှ စပေါ်ငွေထပ်မံပေးသွင်းရန်တောင်း ဆိုမှု Margin Call ပြုလုပ်မည်ဖြစ်သည်။ ပေးသွင်းခြင်းမရှိပါက အဆိုပါ Futures များကို Clearing House က ဈေးကွက်တွင် ထုတ်ရောင်းမည်ဖြစ်သည်။ အကယ်၍ ကြိုဝယ်ထားသည့်စတော့ဈေးနှုန်းသည် အာမခံစပေါ်နှုန်းအောက်ကျဆင်းသွားပါကလည်း လိုအပ်သည့်ပမာဏကို Clearing House မှ Futures ပိုင်ဆိုင်သူများထံတောင်းခံသွားပါမည်။
ကြိုရောင်းကြိုဝယ် စာချုပ် Futures များကို
ရောင်းဝယ်ရာတွင် Securities များကိုကြိုရောင်းခြင်း Short Position ပြုလုပ်နိုင်သလို ကြိုဝယ်ခြင်း Long Position လည်းပြုလုပ်နိုင် ပါသည်။ စတော့ရှယ်ယာ တစ်ခုကို ကြိုဝယ်ခြင်းပြုလုပ်ထားပါက ၎င်း၏ စတော့ဈေးနှုန်းတက် လျှင် အမြတ်ရရှိမည်ဖြစ်ပြီး ဈေးနှုန်းကျဆင်းသွားပါက အရှုံးပေါ်ပါမည်။ စတော့ရှယ်ယာတစ်ခုကို ကြိုရောင်းခြင်း ပြုလုပ်ထားပါက အဆိုပါ စတော့ ၏ ဈေးနှုန်းကျဆင်းမှသာ အမြတ်ရရှိမည်ဖြစ်ပြီး ဈေးနှုန်းအတက်ပြလျှင် ဆုံးရှုံးမည်ဖြစ်သည်။ ကြိုရောင်းကြိုဝယ်စာချုပ် Futures များသည် ကုမ္ပဏီများနှင့် ရင်းနှီးမြုပ်နှံသူများအတွက် Securities များ၏ ဈေးနှုန်း မတည်ငြိမ်မှုကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်မှုကို လျော့ချရန် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် စတော့ ရှယ်ယာများနှင့် အခြား Securities များ၏လက်ရှိ ပေါက်ဈေးနှုန်းပေးရန်မလိုပဲ၎င်းဈေးနှုန်း၏အပုံတစ်ပုံကို သာ အာမခံစပေါ်နှုန်းအားဖြင့် ပေးချေ ဝယ်ယူနိုင် သဖြင့် ကြိုရောင်းကြိုဝယ် စာချုပ် Futures များ သည် စတော့ဈေးနှုန်း ခန့်မှန်းသူများ ဈေးကစား သူများနှင့် စတော့ဝယ်ရောင်းလုပ်သူများ အကြား တွင် အလွန်ရေပန်းစားပါသည်။ Futures များ သည် ငွေချေးစာချုပ် ကဲ့သို့ပင် သက်တမ်းကာလ မကုန်မှီလွှဲပြောင်းရောင်းချ နိုင်ပါသည်။ သို့သော် ကြိုရောင်းကြိုဝယ်ပြုထားသည့် စတော့ရှယ်ယာ များထံမှ အမြတ်ဝေစု Dividends ရရှိမည်မဟုတ်ပါ။ ကြိုရောင်းကြိုဝယ်စာချုပ်များကို ရင်းနှီးမြုပ်နှံသူ အချင်းချင်းချုပ်ဆို နိုင်သလို အများပိုင်ကုမ္ပဏီ များမှ စတင်ရောင်းဝယ် ချုပ်ဆိုသည်များလည်း ရှိပါသည်။
ယခုခေတ်တွင် ဈေးနှုန်းအတက်အကျ ရှိသည့် မည်သည့်ကုန်ပ္စစည်း သတ္တုတွင်းထွက်ကုန် ရွှေ နိုင်ငံခြားငွေနှင့် Securities ကိုမဆို Futures များ အဖြစ် အရောင်းအဝယ်ပြုနိုင်ပြီ ဖြစ်သည်။ သက်တမ်း ကုန်ဆုံးခြင်း မရှိသည့် ကြိုရောင်း ကြိုဝယ်စာချုပ် Contract for Difference သည် လည်း ရွှေဈေးကွက် နိုင်ငံခြားငွေလဲလှယ်မှု ဈေးကွက်များတွင် အထူးခေတ်စားလာခဲ့ပါသည်။ Futures များသည် အမြတ် များ နိုင်သလို ဆုံးရှုံး နိုင်ချေလည်း များသဖြင့် ရင်းနှီးမြှပ်နှံသူများ အနေဖြင့် သတိထား ဆောင်ရွက်ရန် လိုကြောင်း ပြောကြားလိုပါသည်။
ရွေးချယ်ခွင့်စာချုပ် ဆိုတာ ဘာလဲ။ စတော့ရှယ်ယာကို ရောင်းချဝယ်ယူဖို့ ဘယ်လို ရွေးချယ်ခွင့်ရှိတာလဲ။
---------------------------
စတော့ရှယ်ယာရွေးချယ်ခွင့်စာချုပ် Options ဆိုသည်မှာစာချုပ်ပိုင်ဆိုင်သူအားစတော့ရှယ်ယာ တစ်ခုကို ကြိုတင်သတ်မှတ်ထားသောဈေးနှုန်း Strike Price ဖြင့်သက်တမ်းကာလတစ်ခုအတွင်း ရောင်းချခွင့်ဝယ်ယူခွင့် ပေးအပ်ထားသောစာချုပ် တစ်မျိုးဖြစ်သည်။သက်တမ်းကာလတစ်ခုအတွင်း စတော့ရှယ်ယာများကို ရောင်းချပိုင်ခွင့်ကို Put Options ဟုခေါ်ပြီး ဝယ်ယူပိုင်ခွင့်ကို Call Options ဟုခေါ်သည်။ ထို Options များကိုဝယ် ယူပါက ပရီမီယံကြေး ဟူသော ပြန်မအမ်းသည့် ငွေပမာဏတစ်ခုပေး၍ ဝယ်ယူရမည်ဖြစ်သည်။ ထို့ကြောင့် Options ဝယ်ယူသူသည် ပရီမီယံ ကြေးကို အဆုံးခံပြီး ရောင်းချခွင့် (သို့) ဝယ်ယူခွင့် ကို အသုံးချခြင်း အသုံးမချခြင်းကိုရွေးချယ်နိုင်ပါ သည်။
ဥပမာဖြင့် စဉ်းစားလျှင် အလွန်လွယ်ပါသည်။ မောင်လှသည် FMI စတော့တစ်စောင်ကိုနောက် ခြောက်လ အတွင်း ကျပ် ၁၃၅၀၀ ဖြင့် ဝယ်ယူခွင့် Call Option ကို တစ်စောင် ပရီမီယံ ၅၀၀ ကျပ်ဖြင့် ၁၀ စောင်ဝယ်ယူထားပါသည်။ မောင်လှဝယ်ယူသည့် အချိန်တွင် FMI ရှယ်ယာ တစ်ခုပေါက်ဈေးမှာ ကျပ် ၁၃၀၀၀ ဖြစ်ပါသည်။ သုံးလကြာသည့်အခါ အဆိုပါ FMI ရှယ်ယာများ သည် ကျပ် ၁၅၀၀၀ ထိဈေးမြင့် တက် သွား ပါ သည်။ ထိုအချိန်တွင် မောင်လှသည်သူ၏ဝယ်ယူ ပိုင်ခွင့် Call Option ရှိကြိုတင်သတ်မှတ်ထား သည့် ဈေးနှုန်း Strike Price ကျပ် ၁၃၅၀၀ဖြင့် ဝယ်ယူပါကရှယ်ယာ တစ်စောင်လျှင် ၁၅၀၀ကျပ် မြတ်နေမည်ဖြစ်ပြီး ပရီမီယံကြေး နုတ်လိုက်ပါက အသားတင် တစ်စောင်လျှင် ကျပ် ၁၀၀၀ ဖြင့် စုစုပေါင်း ကျပ် ၁၀၀၀၀ မြတ်နေပါပြီ ။ မောင်လှ သည် ဝယ်ယူခွင့် ကိုအသုံးချနိုင်သလို အသုံးမချ နိုင်သေးပဲ လည်း ဆက်ထားနိုင်သည်။ အကယ်၍ လေးလကြာသောအခါ FMI ရှယ်ယာများသည် ကျပ်၁၂၀၀၀ သို့ကျဆင်းသွားပါလျှင်မောင်လှ သည်မိမိ၏ ဝယ်ယူခွင့်ကိုအသုံးချပါကတစ်စောင် ကျပ် ၁၅၀၀ ထပ်မံ ဆုံးရှုံးမည် ဖြစ်သည်။ ထို့ကြောင့် ဝယ်ယူခွင့်ကိုအသုံးမချတော့ပဲ ပရီမီယံကြေး ၁၀စောင်စာ ၅၀၀၀ကျပ် သာအဆုံးရှုံးခံဖို့ ရွေးချယ်နိုင်ပါသည်။ မောင်လှသည် FMI စတော့ကို ဝယ်ယူရာတွင်ဝယ်ယူပိုင်ခွင့် Call Option ဖြင့် မဝယ်ယူပဲ ကြိုဝယ်စာချုပ် Futures ဖြင့် ဝယ် ယူခဲ့ပါက အခုအချိန်တွင် ကျပ် ၁၅၀၀၀ခန့်အရှုံး ပြနေမည် ဖြစ်ပါသည်။
ဆုံးရှုံးနိုင်ချေပမာဏ အတိအကျတစ်ခုသာရှိပြီး အတိုင်းအဆမရှိမြတ်နိုင်သောအခွင့်အရေး ကြောင့် Options များသည် ရင်းနှီးမြှုပ်နှံ သူများ အကြားတွင် အသုံးဝင်သောစာချုပ်ဖြစ်ပါသည်။ Call Options များသည်ဝယ်ယူခွင့်များဖြစ်သဖြင့် ဝယ်ယူရန်သတ်မှတ်ထားသည့် ဈေးနှုန်း Strike Price ထက် ပိုမို ၍ စတော့ဈေးနှုန်းတက်သွားမှ အမြတ်ပေါ်ပါမည်။ Put Options များမှာ စတော့ ရှယ်ယာ တစ်ခုကိုသတ်မှတ်ထားသည့်ဈေးနှုန်း Strike Price ဖြင့်ရောင်းချခွင့်များ ဖြစ်သဖြင့် အဆိုပါရှယ်ယာဈေးနှုန်းသည် Strike Price အောက်ကျဆင်းသွားမှ အမြတ်ပေါ်မည်ဖြစ်ပါသည်။ ရွေးချယ်ခွင့်စာချုပ်များကို သက်တမ်း ကာလမကုန်မှီ တစ်ဦးမှတစ်ဦး သို့လွှဲပြောင်း ရောင်းချနိုင်ပါ သည်။ ရောင်းချခွင့်ဝယ်ယူခွင့်ကိုသက်တမ်းမကုန်မှီစိတ်ကြိုက် အချိန်တွင်အသုံးချနိုင်သည့် ရွေးချယ်ခွင့်စာချုပ်ကို American Option ဟုခေါ် ၍ သက်တမ်း ကုန်မှ အသုံးချနိုင်သည့်စာချုပ် ကို European Option ဟုခေါ်ပါသည်။ American Option သည် European Option ထက် ပရီမီယံ ဈေးနှုန်းပိုများပါသည်။ ၎င်းတို့အပြင် အခြား ရွေး ချယ်ရောင်းချခွင့် Options အမျိုးမျိုးကို နိုင်ငံတကာ အိပ်ချိန်းတိုင်းတွင် ရောင်းဝယ်နေကြ ပါသည်။
ရွေးချယ်ခွင့်စာချုပ်များသည် လည်းဈေးနှုန်းခန့်မှန်း ရောင်းဝယ်သည့် ကြိုရောင်းကြိုဝယ်စာချုပ်များကဲ့သို့ပင် ဖြစ်၍ ရင်းနှီး မြှုပ်နှံသူများသည်ဆုံးရှုံးမှု ကြီးကြီးမားမား မရှိစေရန် သတိထား ဆောင်ရွက်သင့်ပါသည်။
ဝရန့်ဆိုတာကကော ဘာလဲ။
-------------------
ဝရန့် Warrant ဆိုသည်မှာ ကာလရှည် ရွေးချယ် ခွင့် စာချုပ်တစ်မျိုးပင်ဖြစ်ပြီးအများပိုင်ကုမ္ပဏီများ မှ ၎င်းတို့၏ အစုရှယ်ယာရှင်များအတွက်ထုတ်ဝေ ပေးပါသည်။ ဝရန့်တစ်ခုသည် အဆိုပါကုမ္ပဏီ ၏ အစုရှယ်ယာအရေအတွက် တစ်ခုကိုကြိုတင် သတ်မှတ်ထားသော ဈေးနှုန်းဖြင့် သက်တမ်းကာ လ ၁၀နှစ် ၁၅နှစ် စသည့် အချိန် အတွင်း ဝယ် ယူ ပိုင်ခွင့်ရှိပါသည်။ ကုမ္ပဏီများသည် ၎င်းတို့၏ ငွေ ချေးစာချုပ်များ ကို ဝယ်ယူသည့် အစုရှယ်ယာရှင် များကို အပိုဆုအနေဖြင့်ဝရန့်များထပ်ဆောင်းပေး အပ် လေ့ ရှိပါသည်။
စတော့အိပ်ချိန်းတွင် ရောင်းဝယ်လေ့ရှိသည့် ငွေချေး သက်သေခံလက်မှတ်များအကြောင်းစာစဉ် ကို ဒီမှာပဲနိဂုံးချုပ် လိုက်ပါတယ်။ ငွေချေးသက်သေခံ လက်မှတ်အမျိုးမျိုးကို အကျဉ်းချုံ့ မိတ်ဆက်တင်ပြထားခြင်းသာဖြစ်ပါတယ်။ ထိုလက်မှတ်များ၏ အကြောင်းစုံကို နောက်အစီစဉ်များမှာခေါင်းစဉ်တစ်ခုစီတင်ဆက် သွားပါမယ်။ မိဘပြည်သူများအားလုံး လွတ်လပ် စွာမေးခွန်း များမေးရန်ဖိတ်ခေါ်လိုက်ပါတယ်။
စတော့ဈေးကွက်မိတ်ဆက် အစီအစဉ်စာစဉ် ၃။ စတော့ဈေးကွက် အကြောင်းဗဟုသုတရရှိရန် ဤ အစီစဉ်တွင် စာစဉ်များ ဗီဒီယိုတင်ဆက်မှုများဖြင့်မျှဝေ တင်ဆက်သွားပါမည်။

Stock Split

Stock Split အကြောင်း ရှင်းရှင်းလင်းလင်း ဖြစ်သွားစေရန် ရိုးစင်းလွယ်ကူသောဥပမာလေးတစ်ခု ပြကာ အများပြည်သူအားလုံးအတွက် ရေးသား တင်ဆက်လိုက်ပါသည်။
အစုရှယ်ယာခွဲခြမ်းခြင်းဆိုတာဘာလဲ။
--------------------------------
ဥပမာအလွယ်တစ်ခုဖြစ်စတင်ပါမည်။ ဦးအောင်တွင် ၂၀၁၄ခုနှစ်တွင် Apple ကုမ္ပဏီမှသူဝယ်ထားသော အစုရှယ်ယာ ၁၀ခုရှိသည်ဟုဆိုပါမည်။ ၂၀၁၄ခုနှစ် ဧပြီလ ၁၀ရက်တွင် ထိုအစုရှယ်ယာတစ်ခု၏ ဈေးနှုန်းသည် ဒေါ်လာ ၁၀၀၀ဖြစ်ပါသည်။ ထို့ကြောင့် ဦးအောင်သည် Apple ကုမ္ပဏီအပေါ်စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းမှာ ကန်ဒေါ်လာ ၁၀၀၀၀ဖြစ်ပြီး အစုရှယ်ယာအရေအတွက်မှာ ၁၀ခုဖြစ်ပါသည်။
ထိုနေ့တွင် Apple သည် ၄င်း၏ ဈေးနှုန်းမြင့်မားနေ သည့် အစုရှယ်ယာများကို အစုရှယ်ယာတစ်ခုတွင် ၁၀ခုအဖြစ်ခွဲထုတ်လိုက်ပါသည်။ အကျိုးဆက်အနေ ဖြင့် ဦးအောင်သည် အစုရှယ်ယာ ၁၀ခုပိုင်နေသည် မှ အခု၁၀၀ပိုင်သွားပြီဖြစ်သည်။ ကန်ဒေါ်လာ ၁၀၀၀ တန် အစုရှယ်ယာတစ်ခု ကို ၁၀ခုခွဲပစ်လိုက်၍ ကန်ဒေါ်လာ ၁၀၀တန်အစုရှယ်ယာ ၁၀ခုရရှိမည် ဖြစ်သည်။ ထိုကြောင့် ကန်ဒေါ်လာ ၁၀၀ တန် အစုရှယ်ယာအခု ၁၀၀ပိုင်သည့် ဦးအောင်၏ Apple စတော့ရင်းနှီးမှု စုစုပေါင်းသည် ကန်ဒေါ်လာ ၁၀၀၀၀ ရှိနေဆဲဖြစ်သည်။ သို့ဖြစ်၍ စတော့ခွဲခြမ်းမှုကြောင့် အစုရှယ်ယာအရေအတွက်တိုးလာသော်လည်း အစုရှယ်ယာစုစုပေါင်း၏ တန်ဖိုးမပြောင်းလဲပေ။
အစုရှယ်ယာခွဲခြမ်းအပြီး အစုရှယ်ယာဈေးတက်သွား လျှင်အစုရှယ်ယာစုစုပေါင်းတန်ဖိုးမြင့်တက်သွားမလား။
-----------------------------------
ဒီလိုဆိုလျှင် အစုရှယ်ယာစုစုပေါင်းတန်ဖိုးမြင့်တက် သွားပါမည်။ သို့သော်ထိုသို့မြင့်တက်သွားခြင်းမှာ Stock Split ကြောင့်မဟုတ်ပါ။ ဥပမာအားဖြင့် Apple ကုမ္ပဏီ၏ အစုရှယ်ယာများသည် အစုရှယ်ယာ ခွဲခြမ်းမှုပြုအပြီးနောက်တစ်ရက် ၂၀၁၄ဧပြီလ၁၁ရက် တွင် ၃၀ရာခိုင်နှုန်းခန့်ဈေးတက်သွားသည်ဟုဆို ပါမည်။ ထိုနေ့တွင် Apple သည် ကုန်ပ္စစည်းသစ် တစ်ခုကို မိတ်ဆက်ထုတ်ဖော်ခဲ့ပါသည်။ ထို့ကြောင့် ဦးအောင်၏ Apple စတော့ရင်းနှီးမှုစုစုပေါင်းတန်ဖိုး မှာ ကန်ဒေါ်လာ ၁၃၀၀၀ရောက်ရှိသွားပြီး အစုရှယ်ယာတစ်စောင်လျှင် ဒေါ်လာ၁၃၀ဖြစ်နေ ပါသည်။ အစုရှယ်ယာခွဲခြမ်းမှုပြုပြီးနောက် ရှယ်ယာဈေးနှုန်းတက်သွား၍ စုစုပေါင်းရှယ်ယာတန်ဖိုး မြင့်တက်သွားသော်လည်း မြင့်တက်သွားသည့် အကြောင်းအရင်းမှာ အစုရှယ်ယာခွဲခြမ်းမှုကြောင့် မဟုတ်ပါ။ Apple ကုမ္ပဏီ၏ ထုတ်ကုန်သစ် မိတ်ဆက်မှုကြောင့် ရှယ်ယာဈေးများတက်သွားခြင်း ဖြစ်သည်ကိုသတိပြုရပါမည်။ ထိုနေ့တွင် ကုန်ပ္စစည်း သစ် မိတ်ဆက်ခြင်းမပြုခဲ့ပါက အစုရှယ်ယာခွဲပစ်ထား သော်လည်းရှယ်ယာဈေးများတက်မည်မဟုတ်ပေ။ ထို့ကြောင့်ရှယ်ယာဈေးအတက်အကျများသည် ဈေးကွက်အတွင်းရှိ သက်ရောက်မှုများကြောင့်သာ ဖြစ်ပြီး အစုရှယ်ယာခွဲခြမ်းမှုကြောင့်မည်သို့မှ မရိုက်ခတ်နိုင်ပါပေ။
ထိုဥပမာပေးရှင်းလင်းချက်သည်လွယ်ကူသည်ဟု ယုံကြည်ပါသည်။ MIW ၏ စတော့ဈေးကွက် မိတ်ဆက်အစီအစဉ်ကို ဖတ်ရှုအားပေးသူအားလုံးကို အထူးကျေးဇူးတင်ပါသည်။ နောင်လာမည့် အစီအစဉ် များတွင် လည်းမရှင်းလင်းသည်များကိုပွင့်လင်းစွာ မေးမြန်းနိုင်ပါကြောင်းပြောကြားလိုက်ပါသည်။
MIW Originals

Stock Market (MIW 002)

စတော့ဈေးကွက်စိတ်ဝင်စားသူများ ရင်းနှီးမြှုပ်နှံသူ
များနှင့် မိဘပြည်သူများအားလုံးကို Myanmar Investment Watch၏ စတော့ဈေးကွက် မိတ်ဆက်အသိပညာဖြန့်ဝေခြင်း အစီအစဉ်မှပြန်
လည်ကြိုဆိုလိုက်ပါသည်။ အရင်အပတ်မှာ အစီအစဉ်၁ အနေဖြင့် စတော့ဈေးကွက်နှင့်ရန်ကုန်
စတော့အိပ်ချိန်းတို့အကြောင်း မျှဝေတင်ဆက်ခဲ့ပါ
သည်။ အခုအပတ်မှာ အစီအစဉ်၂အဖြစ် စတော့
ဈေးကွက်တွင် ရောင်းဝယ်မည့်စတော့ရှယ်ယာ နှင့်
ငွေချေးသက်သေခံလက်မှတ်အမျိုးမျိုး အကြောင်း
ရှင်းလင်းတင်ဆက်မည့် အမေးအဖြေစာစဉ်ကို မျှဝေလိုက်ပါသည်။ ဖတ်ရှုသူမိဘပြည်သူအားလုံး
နားလည်သဘောပေါက်လွယ်ကူစေရန် လွယ်ကူ
ရိုးရှင်းစွာအစဉ်အလာ အတိုင်းတင်ဆက်ထားပါ
သည်။ စတော့ဈေးကွက်ဗဟုသုတ ကြွယ်ဝလိုသူ
တိုင်း ဤအစီအစဉ်အပြီးတွင် စတော့ရင်းနှီးမြှုပ်နှံ
မှုဆိုင်ရာ အသိပညာများ အတိအလင်းတိုးပွားလာ
မည်ဟု MIW မှ ပြောကြားလိုပါသည်။
စတော့ဈေးကွက်နှင့် စတော့အိပ်ချိန်းမှာ ဘာတွေ
အဓိကရောင်းပြီး ဘာတွေဝယ်သလဲ။
………………………………………
ကုန်စည်များအရောင်းအဝယ်ပြုနေသည့် ကုန်စည်
ဈေးကွက်တွင် ကုန်စည်ဒိုင် Commodities Exchange တစ်ခုအတွင်းရှိပွဲရုံများသည် ဆန်ပဲ
ငရုတ် သကြား ပြောင်းစသည့်ကုန်စည် ပ္စစည်းအမျိုး
မျိုးကို ဖောက်သည်များထံ အရောင်းအဝယ်နေ့စဉ်
ပြုလုပ်ကြပါသည်။ ထိုနည်းတူစွာ စတော့ဈေးကွက်
အတွင်းရှိ စတော့အိပ်ချိန်းတစ်ခုတွင် အရောင်းအ
ဝယ်အကျိုးဆောင် ကုမ္ပဏီများ Brokerage Firms သည်ငွေချေးသက်သေခံ လက်မှတ်အမျိုး
မျိုးကို ရင်းနှီးမြှုပ်နှံသူများ ဖောက်သည်များထံ အရောင်းအဝယ်ဝန်ဆောင်မှုများ နေ့စဉ်ပြုလုပ်ပေး
ပါသည်။ ထိုငွေချေးသက်သေခံလက်မှတ်အမျိုးမျိုး
မှာ အများပိုင်ကုမ္ပဏီများမှထုတ်ဝေသည့် စတော့
့များရှယ်ယာများ ငွေချေးစာချုပ်များနှင့် အစိုးရငွေချေး
စာချုပ်များ ဖြစ်ပါသည်။ ထို့အပြင် ထိုစတော့
ရှယ်ယာများ ငွေချေးစာချုပ်များအပေါ် အခြေခံသည့်
ကြိုရောင်း ကြိုဝယ်ကတိစာချုပ်များ Futures နှင့်
အရောင်းအဝယ်ရွေးချယ်ခွင့်စာချုပ်များ Options
တို့လည်းပါဝင်ပါသည်။
စတော့ဆိုတာဘာလဲ။ စတော့နှင့်အစုရှယ်ယာ ဘာကွာခြားသလဲ။ စတော့ရှယ်ယာတွေကို ဘာကြောင့် အများပိုင်ကုမ္ပဏီတွေက ရောင်းတာလဲ။
………………………………………
ဥပမာပြ၍ ဤမေးခွန်းကိုဖြေကြားလိုပါသည်။ ကိုအောင်သည် အလွန်အောင်မြင်သော လက်ဖက်
ရည်ဆိုင်လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်သည့် လုပ်ငန်း
ရှင်တစ်ဦးဖြစ်သည်။ သူ၏လက်ဖက်ရည်ဆိုင် ခေတ်သစ်သည် အရသာကောင်းမွန်သောအစား
အစာရရှိမှုနှင့် ဝန်ဆောင်မှုပြည့်မှီ၍ အလွန်နာ
မည်ကြီးပါသည်။ အမျှော်အမြင်ရည်မှန်းချက်ကြီး
သောကိုအောင်သည် သူ၏လက်ဖက်ရည်ဆိုင်လုပ်
ငန်းကို မြန်မာပြည်အနှံ့ချဲ့ထွင်ရန် သူ့အပေါ်ယုံ
ကြည်သည့်မိတ်ဆွေ ၇ ဦးတို့၏ အရင်းအနှီးတို့ဖြင့်
အများပိုင်ကုမ္ပဏီသို့ ပြောင်းလဲဖွဲ့စည်းလိုက်သည်။
အစုရှယ်ယာဝင် ၇ဦးထက်ပိုလျှင် အများပိုင်ကုမ္ပဏီ
ဖွဲ့စည်းနိုင်ပြီဖြစ်၍ ကျန်သည့်အရင်းအနှီးလိုအပ်ချက်
ကို ဖြည့်စည်းရန်အများပြည်သူများအား စတော့
ရှယ်ယာများထုတ်ဝေရောင်းချရန် ဆုံးဖြတ်လိုက်
သည်။ မြန်မာပြည်တစ်ဝန်း မြို့ကြီး၅မြို့တွင် ဆိုင်များဖွင့်လှစ်မည်ဖြစ်၍ မတည်ရင်းနှီးငွေ ကျပ်
သန်းတစ်ထောင်ခန့်လိုမည်ကို သိသောကိုအောင်
သည် ကျပ်၁၀၀၀၀ဖိုးရှိ အစုရှယ်ယာစောင်ရေတစ်
သိန်းကို ခေတ်သစ်လက်ဖက်ရည်ဆိုင်လုပ်ငန်း ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့များမှသဘောတူညီချက်ဖြင့် ထုတ်ဝေရောင်းချပါတော့သည်။
ဤဥပမာကို ကြည့်ခြင်းအားဖြင့် စတော့ရှယ်ယာ များကို အများပိုင်ကုမ္ပဏီများမှထုတ်ဝေရောင်းချ သည်မှာ အရင်းအနှီးလိုအပ်ချက်ကြောင့်ဖြစ်သည်။
စတော့ရှယ်ယာဆိုသည်မှာလည်း အများပိုင်ကုမ္ပဏီ
တစ်ခု၏ တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ကြောင်း အာမခံသည့် စာချုပ်ဖြစ်သည်။ ထို့ကြောင့် စတော့ရှယ်ယာဝယ်ယူခြင်းဖြင့် ထိုအများပိုင်ကုမ္ပဏီ
အပေါ်တွင် ရင်းနှီးမြှုပ်နှံပြီးသားဖြစ်သွားသည်။ ထိုလုပ်ငန်းကုမ္ပဏီ၏ တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်မှုကို
စတော့ရှယ်ယာကအာမခံ၍ ထိုလုပ်ငန်းကုမ္ပဏီမှရ
ရှိသည့် အကျိုးအမြတ်တစ်စိတ်တစ်ပိုင်းကို အဆိုပါ
စတော့ရှယ်ယာပိုင်ဆိုင်သူထံ ခံစားစေရပါမည်။ အကျိုးအမြတ်ခံစားခွင့်နှင့်အတူ ရရှိမည်မှာ ကုမ္ပဏီ
၏ဘုတ်အဖွဲ့ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းရေးအတွက် မဲပေးခွင့်ဖြစ်သည်။ အစုရှယ်ယာများစွာပိုင်ဆိုင်လေ
မဲပေးခွင့်အရေအတွက်များလေဖြစ်သည်။ ထို့အပြင်
အစုရှယ်ယာပိုင်ရှင်များ ကိုယ်တိုင်လည်း ဒါရိုက်တာ
အဖွဲ့ စီမံခန့်ခွဲမှုအဖွဲ့တွင်လည်း ဝင်ရောက်ရွေးချယ်
ခံပိုင်ခွင့်ရှိပါမည်။ ဤနည်းများဖြင့်စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံသူသည် ကုမ္ပဏီ၏စီမံအုပ်ချုပ်မှုတွင် လည်းကောင်း အရေးကြီးဆုံးဖြတ်ချက်များချရာတွင်
လည်းကောင်း မဲပေးခြင်းဖြင့် ထိန်းချုပ်နိုင်ပါမည်။
စတော့နှင့် အစုရှယ်ယာသည် ဆိုလိုရင်းအတူတူ
ပင်ဖြစ်သည်။ ကုမ္ပဏီကအရင်းအနှီးစုရန် ရောင်းချ
သည့်အာမခံစာချုပ် ဥပမာအားဖြင့် ခေတ်သစ်
ကုမ္ပဏီ၏ ကျပ်၁၀၀၀၀တန် စာချုပ်သည် အစုရှယ်
ယာတစ်ခုဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူတစ်ဦးက ခေတ်သစ်ကုမ္ပဏီတွင် အစုရှယ်ယာ၁၀ခုပိုင်ဆိုင်
လျှင် သို့မဟုတ်၁၀၀ခုပိုင်ဆိုင်လျှင် ထိုသူသည် ခေတ်သစ်ကုမ္ပဏီစတော့ပိုင်သည်ဟု ဆိုနိုင်သည်။
သို့မဟုတ် ကုမ္ပဏီကအစုရှယ်ယာ ၅ခုဖြစ်စေ ၁၀ခုဖြစ်စေ အရေအတွက်တစ်ခုခုကို စတော့ဟု သတ်မှတ်ချင်လျှင် သတ်မှတ်နိုင်သည်။ ထို့ကြောင့်
ထိုအခေါ်အဝေါ်နှစ်ခုသည် အဓိပ္ပာယ်အားဖြင့် တူ
ညီပါသည်။ စတော့အိပ်ချိန်းတွင် ရောင်းဝယ်မည့်
စတော့ရှယ်ယာများသည် အပြည့်ထည့်ဝင်ထား
သည့်ရှယ်ယာများ fully paid shares များဖြစ်
ရပါမည်။ ကျပ်၁၀၀၀၀တန်ဖိုးဖွင့်လှစ်ထားသည့် အစုရှယ်ယာကို အနည်းဆုံးကျပ်၁၀၀၀၀ပေး၍ ဝယ်ယူရင်းနှီးထားခြင်းကို ဆိုလိုပါသည်။
စတော့ရှယ်ယာများမှ အကျိုးအမြတ်များ ဘယ်လို
ရရှိသလဲ။ စတော့ဈေးနှုန်းများ ဘာကြောင့်အတက်
အကျဖြစ်တာလဲ။
………………………………………
ရင်းနှီးမြှုပ်နှံသူများသည် စတော့ရှယ်ယာများကို ဝယ်ယူလိုသည်မှာ နောက်တစ်ချိန်တွင်အကျိုးအ
မြတ်များ ရရှိလို၍ဖြစ်သည်။ ထို့ကြောင့်အများပိုင်
ကုမ္ပဏီများသည် အစုရှယ်ယာများရောင်းချသည်
မှ ရရှိလာသည့်အရင်းအနှီးများကို အသုံးပြု၍ စတော့ရှယ်ယာပိုင်ရှင်များ၏ အကျိုးအမြတ်အများ
ဆုံးရရှိအောင် ကြိုးစားလုပ်ဆောင်သွားရမည်ဖြစ်
သည်။ ထို့အပြင်စတော့ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့်
သူများသည် အကျိုးအမြတ်အများဆုံးရရှိသည့် လုပ်ငန်းတို့တွင်သာ ရင်နှီးမြှုပ်နှံလိုသည်ဖြစ်၍ အများပိုင်ကုမ္ပဏီတို့သည် အနာဂတ်တွင် ရင်းနှီး
မြှုပ်နှံသူများကို ဆွဲဆောင်ရန်စဉ်ဆက်မပြတ် ကြိုး
ပမ်းလုပ်ဆောင်သွားရန် လိုအပ်ပါသည်။
ဤသို့ကြိုးပမ်းရင်းဖြင့် ရရှိလာသည့်အကျိုးအမြတ်
များကို စတော့ရှယ်ယာများ အရေအတွက်အတိုင်း
ရှယ်ယာပိုင်ရှင်များကို ပြန်လည်ခွဲဝေပေးရပါမည်။
ထိုအများပိုင်ကုမ္ပဏီ၏ အမြတ်ဝင်ငွေမှ စတော့ရှယ်
ယာတစ်ခုထံ ခွဲဝေပေးသည့် ခွဲတမ်းကိုအမြတ်ဝေစု
Dividendsလို့ ခေါ်ပါသည်။ ထိုအမြတ်ဝေစုကို
တစ်ချို့ကုမ္ပဏီများက သုံးလတစ်ကြိမ်ခွဲဝေပေး၍ တစ်ချို့ကတစ်နှစ် တစ်ကြိမ်ခွဲဝေပေးပါသည်။ သတိပြုရမည်မှာ အများပိုင်ကုမ္ပဏီများသည် ရရှိလာသည့် အမြတ်ဝင်ငွေ Profitsများ အားလုံး
ကို အမြတ်ဝေစုအဖြစ်ခွဲမပေးပဲ အချို့ကို ကုမ္ပဏီ၏
အနာဂတ်စီမံကိန်းများတွင် ထပ်မံရင်းနှီးမြှုပ်နှံရန် သိမ်းဆည်းထားတတ်ပါသည်။ သို့မှသာကုမ္ပဏီ
သည် ဈေးကွက်ဆက်လက်ချဲ့ထွင်ရန် ကုန်ပ္စစည်း
အသစ်များ ထပ်မံတီထွင်ရန်လိုအပ်သည့် အရင်းအနှီး
ရရှိနိုင်မည်ဖြစ်သည်။ အကျိုးအမြတ်အားလုံးကို အမြတ်ဝေစုအဖြစ်ခွဲဝေပေးသော ကုမ္ပဏီသည် ကြီးထွားတိုးတက်မှု Growthရနိုင်မည်မဟုတ်ပဲ
ပြိုင်ဘက်ကုမ္ပဏီများ၏ ကျော်တက်ခြင်းကို ခံရမည်
ဖြစ်သည်။ ထို့ကြောင့် အမြတ်ဝေစုDividends
သည် စတော့ရှယ်ယာများမှ အကျိုးအမြတ်ရရှိရန်
လမ်းကြောင်းတစ်ခု ဖြစ်ပါသည်။
စတော့ရှယ်ယာများမှ အမြတ်ရရှိရန် အခြားလမ်း
ကြောင်းတစ်ခုကို ဆက်လက်တင်ပြပါမည်။ ကမ္ဘာ့
နာမည်ကျော် တန်ဖိုးအကြီးဆုံးဖြစ်သည့် Apple
ကုမ္ပဏီသည် အမြတ်ဝေစုလုံးဝခွဲဝေမပေးခဲ့သည့်
ကုမ္ပဏီဖြစ်ပါသည်။ Apple ကုမ္ပဏီ၏ ရရှိလာ
သည့် အမြတ်ဝင်ငွေအားလုံးကို ရင်းနှီးမြှုပ်နှံမှုများ
ထပ်မံပြုလုပ်ရန်အတွက်သာ သိမ်းဆည်းထားပါ
သည်။ အမြတ်ဝေစုလုံးဝခွဲဝေမပေးသော်လည်း Apple ကုမ္ပဏီသည် အကျိုးအမြတ်များစွာ နှစ်စဉ်
ရရှိနေသည်ကို ရင်းနှီးမြှုပ်နှံသူတိုင်းသိပါသည်။ အကျိုးဆက်အနေဖြင့် Apple ကုမ္ပဏီ၏ စတော့
ရှယ်ယာများ ဈေးတက်လာပါသည်။ ၂၀၀၄ခုနှစ်တွင်
၃၅ ဒေါ်လာရှိသည့်အစုရှယ်ယာ ဈေနှုန်းမှာ ၂၀၁၄
ခုနှစ် ဇွန်လအတွင်း အစုရှယ်ယာတစ်စုလျှင် ကန်ဒေါ်လာ ၇၀၀ အထိတန်ဖိုးမြင့်တက်သွား
ပါသည်။ လွန်ခဲ့သည့်၁၀ နှစ်ကထက် အဆ၂၀မြင့်
တက်သွားခြင်း ဖြစ်ပြီး Apple စတော့ရင်းနှီးမြှုပ်နှံ
သူများသည် ၂၀၀၄ခုနှစ်ကတည်းက ရင်းနှီးခဲ့လျှင်
အစုရှယ်ယာတစ်စုလျှင် အကျိုးအမြတ်ကန်ဒေါ်လာ
၆၆၅ ရရှိနေမည်ဖြစ်သည်။ ထိုသို့စတော့ရှယ်ယာ
များတန်ဖိုး တက်ခြင်းဖြင့် ရရှိသောအကျိုးအမြတ်
Capital Gainသည် စတော့ရင်းနှီးမြှုပ်နှံခြင်းမှ အမြတ်ရရှိရန် အခြားနည်းလမ်းတစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် မြေကွက်ဝယ်၍ ရင်းနှီးမြှုပ်နှံသူများ
သည်လည်း ထိုနည်းတူအကျိုးအမြတ်ရရှိခြင်းဖြစ်
သည်။
့ကမ္ဘာ့စတော့ဈေးကွက်များတွင် စတော့ရှယ်ယာများ
တန်ဖိုးတက်လာခြင်းမှ ရရှိသည့် အကျိုးအမြတ်များ
ကို နှစ်စဉ်အမြတ်ဝေစုမှ ရသည့်အကျိုးအမြတ်
များထက် ရင်းနှီးမြှုပ်နှံသူအများစုမှ ပိုမိုအားထား
တတ်ပါသည်။ စတော့တန်ဖိုးအလွန်အမင်းတက်
်လာလျှင် အများပိုင်ကုမ္ပဏီများသည် လက်ရှိအစု
ရှယ်ယာတစ်စောင်ကို အစုရှယ်ယာ၅စောင် သို့မဟုတ်၁၀ စောင် ခွဲပစ်လေ့ရှိသည်။ ထိုသို့စတော့ရှယ်ယာတစ်စောင်ကို အရေအတွက်
များစွာ ခွဲပစ်သည့် Stock Split အတွက်စုစု
ပေါင်းစတော့ရှယ်ယာတန်ဖိုး လျော့ကျသွားမည်
မဟုတ်ပဲ အများပြည်သူဝယ်ယူရန် ပိုမိုအဆင်ပြေ
စေပါသည်။ Appleသည်လည်း ၂၀၁၄ ခုနှစ် ဇွန်
လ၉ရက် နေ့တွင် ၄င်း၏ကန်ဒေါ်လာ ၇၀၀ တန်ဖိုး
ရှိအစုရှယ်ယာတစ်စောင်တိုင်းကို ကန်ဒေါ်လာ ၁၀၀တန်ဖိုးရှိ အစုရှယ်ယာ ၇စောင်အဖြစ် အစုရှယ်
ယာခွဲခြမ်းခြင်း Stock Split လုပ်ခဲ့ပါသည်။
အထက်ပါရှင်းလင်းချက်များကို ကြည့်လျှင် စတော့
ဈေးကွက်ရှိ စတော့ရှယ်ယာများ အဘယ်ကြောင့်
ဈေးနှုန်းအတက်အကျဖြစ်သည်ကို အကြမ်းဖျင်း သိ
ရှိနိုင်ပါသည်။ စတော့ဈေးနှုန်းအတက်အကျသည် အဓိကအားဖြင့် အများပိုင်ကုမ္ပဏီများ၏ အကျိုး
အမြတ်ဖြစ်ထွန်းနိုင်မှု ရှိမရှိ ပေါ်တွင်မူတည်ပါ
သည်။ ပုံမှန်အားဖြင့် အကျိုးအမြတ်နှစ်စဉ် ဖြစ်ထွန်း
နေသည့် ကုမ္ပဏီ၏စတော့ဈေးနှုန်းများသည် အတက်ပြနေမည်သာ ဖြစ်သည်။ အကျိုးအမြတ်ဝင်
ငွေရရှိသည်ထက်ပို၍ကို စတော့ဈေးနှုန်းများတက်
သွားနိုင်ပါသည်။ ထိုသို့ဖြစ်ခြင်းမှာ စတော့ရင်းနှီးမြှုပ်
နှံသူများသည် ထိုကုမ္ပဏီ၏စွမ်းဆောင်ရည် အပေါ်
ပိုမိုယုံကြည်လာ၍ဖြစ်သည်။ သို့သော်အရှုံးပေါ်
သည့်ကုမ္ပဏီများ၏ စတော့ရှယ်ယာဈေးနှုန်းများ
သည်လည်း ဆုံးရှုံးမှုပမာဏထက်ပို၍ ဈေးကျသွား
နိုင်ပါသည်။ စတော့ရင်းနှီးမြှုပ်နှံသူများ၏ ကုမ္ပဏီ
စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုနည်းလာခြင်း
ကြောင့်ဖြစ်ပါသည်။ အချို့အရှုံးပေါ်နေသည့် ကုမ္ပဏီများမှာမူ နှစ်စဉ်စတော့ဈေးကျခြင်းမရှိဘဲ အတက်ပြနေသည်များလည်း ရှိပါသည်။ အကြောင်းမှာ ထိုကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံထား
သည့် စီမံကိန်းသစ် ကုန်ပ္စစည်းသစ်များမှ ထွက်ပေါ်လာမည့် အနာဂတ်အကျိုးအမြတ်များအပေါ် ရင်းနှီးမြှုပ်နှံသူများက အကောင်းမြင်နေပြီး လက်ရှိအနည်းငယ်အရှုံးပေါ်မှုကို ဂရုမစိုက်၍ပဲဖြစ်ပါသည်။ ဥပမာအားဖြင့် iPod များမထုတ်လုပ်မီ ဆက်တိုက်အရှုံး
ပေါ်နေသော်လည်း ၄င်း၏စတော့ဈေးနှုန်းများ အတက်ပြနေခဲ့သည့် Appleကုမ္ပဏီဖြစ်သည်။
စတော့ဈေးနှုန်းများကို အတက်အကျ ဖြစ်စေနိုင်
်သည့်အကြောင်းအရင်းများစွာရှိပါသည်။ ကုမ္ပဏီတစ်ခု၏ စတော့ရှယ်ယာသည် ရောင်းလိုအားဝယ်လိုအားကြောင့်လည်း ဈေးနှုန်း
အတက်အကျဖြစ်နိုင်ပါသည်။ ထို့အပြင် ဥပဒေအပြောင်းအလဲ နိုင်ငံရေး အခြေအနေ
သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုရှိမရှိ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထား ပြောင်းလဲမှုနှင့်
နိုင်ငံခြားဈေးကွက်တို့မှ သက်ရောက်ရိုက်ခတ်မှုများ
ကြောင့် လုပ်ငန်းကုမ္ပဏီတို့၏ စတော့ရှယ်ယာဈေး
နှုန်းများ နေ့စဉ်နှင့်အမျှအတက်အကျ ဖြစ်ပေါ်နေရ
ပါသည်။ အမျှော်အမြင်ရှိသော ရင်းနှီးမြှုပ်နှံသူတိုင်း
လုပ်ဆောင်ရမည်မှာ အပြောင်းအလဲများသော စတော့ဈေးကွက် အတွင်းမှ အနာဂတ်တွင်အကျိုး
အမြတ်အများဆုံးရရှိနိုင်မည့် စတော့ရှယ်ယာများကို စတော့ဈေးနှုန်းတန်ဖိုး ထိုက်တန်သည့် အချိန်
်များတွင် ဝယ်ယူကာရေရှည်ရင်းနှီးမြှုပ်နှံရန် ဖြစ်သည်။ ထို့ကြောင့်စတော့ဈေးကွက်အတွင်းရှိ
အရောင်းအဝယ်များသည် နိုင်ငံ၏ စီးပွားရေးပုံရိပ်
ကိုကြေးမုံ မှန်သဖွယ်ထင်ဟပ်စေပါသည်။
စတော့ရှယ်ယာအမျိုးအစားဘယ်နှမျိုးရှိသလဲ။ စတော့ရှယ်ယာအမျိုးမျိုးကို ဘယ်လိုခွဲခြားသလဲ။
………………………………………
အမြတ်ဝေစုခွဲဝေမှုအပေါ်မူတည်၍ စတော့ရှယ်ယာ
အမျိုးအစားနှစ်မျိုးရှိပါသည်။ သာမန်ရှယ်ယာများ
Common Shares နှင့် ဦးစားပေးရှယ်ယာ
များ Preferred Shares တို့ဖြစ်ပါသည်။ သာမန်ရှယ်ယာများသည် အထက်ပါဖော်ပြခဲ့သည့်
အစုရှယ်ယာများပင်ဖြစ်ပြီး ကုမ္ပဏီရှုံးလျှင် အရှုံးပေါ်
၍ မြတ်လျှင်မြတ်သလောက်အကျိုးအမြတ်ဝေစု ရရှိပါသည်။ ဦးစားပေးရှယ်ယာများသည် အများပိုင်
ကုမ္ပဏီတစ်ခု၏ဆုံးရှုံးမှု အကျိုးအမြတ်ရရှိမှုအပေါ်
တွင် မမူတည်ပဲ နှစ်စဉ်ပုံသေအတိုးနှုန်းထားတစ်
မျိုးရရှိမည့် ရှယ်ယာများဖြစ်သည်။ ဥပမာ
ကျပ်၁၀၀၀၀တန်ဦးစားပေးရှယ်ယာသည် နှစ်စဉ် အကျိုးအမြတ်၇၀၀ကျပ်ပုံသေရရှိမည်ဆို တာမျိုး
ဖြစ်သည်။ ဦးစားပေးရှယ်ယာသည် မဲပေးပိုင်ခွင့်မရှိ
သည့်အပြင် ကုမ္ပဏီများမှ အချိန်ကာလတစ်ခု
အကြာတွင် ပြန်လည်အမ်းထုတ်ပိုင်ခွင့်ရှိပါသည်။
ထို့ကြောင့်ဦးစားပေးစတော့များ၏ ဈေးနှုန်းသည် ကုမ္ပဏီ၏အကျိုးအမြတ်ရရှိမှုနှင့် စတော့ဈေးနှုန်း
အတက်အကျပေါ်တွင် မမှီခိုပဲများသောအားဖြင့်
တည်ငြိမ်ပါသည်။ ဦးစားပေးစတော့ရှယ်ယာများ၏ အားသာချက်မှာ အများပိုင်ကုမ္ပဏီတစ်ခုဖျက်သိမ်း
ဒေဝါလီခံသည့်အခါတွင် သာမန်စတော့
့ရှယ်ယာများထက် အရင်ရင်းနှီးထည့် ဝင်ငွေများ ပြန်လည်ရရှိသည်ဖြစ်၍ ဆုံးရှုံးနိုင်ချေ
အလွန်နည်းပါးသည်။ သို့သော်ဦးစားပေးရှယ်ယာ
များသည် ကမ္ဘာ့ဈေးကွက်တွင် ပုံသေနှုန်းထားရရှိ
မှုများစွာနည်းပါးလာသည့်အတွက် ရင်းနှီးမြှုပ်နှံ
သူများအကြား ဝယ်ယူရင်းနှီးမြှုပ်နှံမှုနည်းပါးသွားပါ
ပြီ။ မြန်မာနိုင်ငံရှိ FMI ကုမ္ပဏီသည်လည်း ၂၀၁၄ခုနှစ် စာရင်းထုတ်ပြန်ချက်အရ ကျပ်သန်း၂၂၇ ခန့် ဦးစားပေးရှယ်ယာများ ထုတ်ဝေ
ထားသည့် အများပိုင်ကုမ္ပဏီဖြစ်ပါသည်။
နိုင်ငံတကာရှိ အများပိုင်ကုမ္ပဏီများတွင် Class A ရှယ်ယာနှင့် Class B ရှယ်ယာဟူ၍ ရှယ်ယာ
အတန်းအစားနှစ်မျိုးခွဲထားပါသေးသည်။ Class A ရှယ်ယာများသည် အများပြည်သူသို့ ရောင်းချ
သည့်သာမန်ရှယ်ယာနှင့် ဦးစားပေးရှယ်ယာတို့ဖြစ်
ပြီး အမြတ်ဝေစုများရင်းနှီးမြှူပ်နှံလိုက်သည်နှင့် ရရှိပါမည်။ Class B ရှယ်ယာများသည် အများပိုင်ကုမ္ပဏီကို စတင်တည်ထောင်သူတို့၏ ရှယ်ယာများ ဖြစ်ပါသည်။ Class B ရှယ်ယာများ
သည် ကုမ္ပဏီစတင်တည်ထောင်ချိန်မှ စ၍ သတ်မှတ်သည့်ကာလ သုံးနှစ်လေးနှစ်သို့မဟုတ်
ကြိုတင်သတ်မှတ်ထားသည့် အကျိုးအမြတ်ပမာဏ
တစ်ခုမရမချင်း ၄င်းရှယ်ယာတို့၏အကျိုးအမြတ်ဝေ
စုများကို ထုတ်ယူခွင့်မရှိသလိုပြန်လည်ရောင်းချ
ခွင့်မရှိပါ။ ထိုကန့်သတ်ချက်များအတွက် တည်ထောင်သူများသည် အချိန်ကာလတစ်ခုထိ ကုမ္ပဏီအပေါ်အစုရှယ်ယာရှင်များ၏ မဲဆန္ဒမပါဘဲ
အလုံးစုံစီမံခွင့်ရမည်ဖြစ်သည်။ ထိုသို့ခွဲခြား
သတ်မှတ်ထားခြင်းသည် အများပိုင်ကုမ္ပဏီ၏ အစောပိုင်းကာလများတွင် အရေးကြီးသည့်ထိန်းချုပ်
မှုများဖြင့် ပဲ့ကိုင်ရန် တည်ထောင်သူများအား အခွင့်အာဏာပေးအပ်ခြင်းဖြစ်ပြီး တစ်ချိန်ထဲမှာပင်
တည်ထောင်သူတို့၏ ရင်းနှီးမြှုပ်နှံမှုများ ၄င်းကုမ္ပဏီ
အတွင်းမှ ရုတ်တရက်ရောင်းထုတ်ခြင်း မပြုစေရန်
ဖြစ်သည်။
စတော့ရှယ်ယာများကို ကုမ္ပဏီတို့၏ ခိုင်မာမှု အကျိုး
အမြတ်ဖြစ်ထွန်းနိုင်မှုပေါ် မူတည်၍လည်း အမျိုးမျိုး
သတ်မှတ်ထားပါသည်။ ငွေကြေးအဖွဲ့အစည်း ခိုင်မာသောနှစ်ပေါင်းကြာရှည်စွာ လုပ်ကိုင်
်လာခဲ့သောအများပိုင်ကုမ္ပဏီတို့၏ စတော့ရှယ်ယာ
များကို အပြာတန်း Blue Chips လို့ခေါ်ပါသည်။
အခုမှအသစ်တည်ထောင်သည့် အမြတ်အစွန်း
နည်းပါးနေဦးမည့်ကုမ္ပဏီတို့၏စတော့များကို New issues အသစ်ထုတ်ဝေမှုများဟုလည်း ခေါ်ပါသည်။ မြန်မာနိုင်ငံရှိ FMI ကုမ္ပဏီ၏စတော့ရှယ်ယာများသည် အပြာတန်းဝင်သည်ဟု ဤနိုင်ငံအနေအထားအရ ဆိုနိုင်ပါသည်။
စတော့ရှယ်ယာဝယ်ယူသည့်အခါ စာချုပ်ပါစံနှုန်း
တန်ဖိုးထက်ဘာကြောင့် ပိုပေးရသလဲ။ ထိုရှယ်ယာ
များဝယ်ယူစဉ် ပေးချေသည့်ငွေကြေးများ ဘယ်သူ့
ထံရောက်ရှိသွားသလဲ။
………………………………………
စတော့ရှယ်ယာများကို အများပိုင်ကုမ္ပဏီများက စတင်ရောင်းချရာတွင် စံနှုန်းတန်ဖိုး par value
ထက်ပိုများသည့် ဈေးနှုန်းအဖြစ်သာ ရောင်းချလေ့
ရှိပါသည်။ ဥပမာအားဖြင့် FMI ကုမ္ပဏီ၏ စတော့ရှယ်ယာပါ စံနှုန်းတန်ဖိုးမှာ ၁၀၀၀ကျပ်ဖြစ်ပြီး
ကုမ္ပဏီမှ တိုက်ရိုက်ရောင်းချခဲ့သည့် အစုရှယ်ယာ
ဈေးနှုန်းမှာ ၂၀၁၄ခုနှစ်တွင် ၁၁၀၀၀ကျပ်ဖြစ်
ပါသည်။ ကုမ္ပဏီများမှ အခုလို ၄င်းတို့၏အစုရှယ်
ယာများကို ရောင်းချရခြင်းမှာ အရင်းအနှီးပိုလျှံလုံ
လောက်စွာ ရလို၍ ဖြစ်ပြီးအများပြည်သူသို့ စတင်ရောင်းချသည့် ရှယ်ယာများစံနှုန်းတန်ဖိုး အောက်မရောက်ရှိရန် ဖြစ်သည်။ စံနှုန်းတန်ဖိုးအထိ
အနည်းဆုံး ပေးချေပြီးသော ရှယ်ယာများသည် အပြည့်ထည့်ဝင်ပြီး ရှယ်ယာများ ဖြစ်သွားပြီဖြစ်၍
စတော့အိပ်ချိန်းတွင် လွတ်လပ်စွာ အရောင်းအဝယ်
လုပ်နိုင်ပြီဖြစ်သည်။ စံနှုန်းတန်ဖိုးထက်ပို၍ ပေးချေခဲ့
သည့် ငွေကြေးများသည် ကုမ္ပဏီထံသို့ ပရီမီယံ
အရင်းအနှီးအဖြစ် ရောက်ရှိသွားပြီး ကုမ္ပဏီကထို
အရင်းအနှီးများကို ထည့်ဝင်ပြီး အရင်းအနှီးများ
အတိုင်း စီမံကိန်းများ ထုတ်လုပ်မှုများတွင် သုံးစွဲ
ရင်းနှီးမည်ဖြစ်၍ တစ်ဦးတစ်ယောက်အိတ်ထဲသို့
ရောက်ရှိသွားခြင်းမဟုတ်ပဲ ရင်းနှီးမြှုပ်နှံမှုအဖြစ်
ပြောင်းလဲသွားခြင်းသာဖြစ်သည်။ ထို့ကြောင့် ကျပ်
၁၁၀၀၀တန်ဖိုး ရှိအစုရှယ်ယာသည် တန်ဖိုးလျော့
့ကျပြောင်းလဲသွားမည်မဟုတ်ပါ။ သို့သော်စတော့
အိပ်ချိန်းတွင် အရောင်းအဝယ်ပြုသည့် စတော့ရှယ်
ယာများမှ အကျိုးအမြတ် Capital Gainရရှိမှုများ
သည် ရင်းနှီးမြှုပ်နှံသူများအကြား အချင်းချင်း ပေးချေ
ရရှိသွားခြင်းဖြစ်ပြီး အများပိုင်ကုမ္ပဏီမှ အဆိုပါ
အကျိုးအမြတ်များကို လုံးဝရရှိခွင့် မရှိတော့ပါချေ။
္ဏစတော့ရှယ်ယာအကြောင်းသိလိုသမျှ မေးခွန်းများ
စာစဉ်ကို ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။ ကျန်ရှိနေသေးသည့် ငွေချေးစာချုပ်များ အစိုးရငွေ
တိုက်စာချုပ်များနှင့် ကြိုရောင်းကြိုဝယ်ဈေးကွက်များ
အကြောင်းကို နောင်လာမည့်စာစဉ်တွင် ဆက်လက်တင်ပြသွားပါမယ်။ မိဘပြည်သူများအားလုံးလွတ်လပ်စွာ မေးခွန်းများ
မေးမြန်းရန် ဖိတ်ခေါ်လိုက်ပါတယ်။
စတော့ဈေးကွက်မိတ်ဆက် အစီအစဉ်စာစဉ်၂ ။ စတော့ဈေးကွက်အကြောင်း ဗဟုသုတရရှိရန် ဤအစီအစဉ်တွင် စာစဉ်များ ဗီဒီယိုတင်ဆက်မှု
များဖြင့် မျှဝေတင်ဆက်သွားပါမည်။
MIW Originals

Auto market

ကမ္ဘာ့ကားဈေးကွက်ကိုခြယ်လှယ်နေသော ကားကုမ္ပဏီကြီး၁၄ခု
--------------------------
မော်တော်ယဉ်ထုတ်လုပ်မှုစက်မှုကဏ္ဍဟာ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းအံ့မခန်းတိုးတက်ကြီးထွားလာ ခဲ့ပါတယ်။ အမေရိကန်တစ်နိုင်ငံအတွင်းမှာပဲ ကားထုတ်လုပ်ရေးကုမ္ပဏီကြီးအခု ၃၀လောက်က တစ်နှစ်ကို ကားအရေအတွက်၁၇သန်းရောင်းနေရတဲ့ ဈေးကွက်မှာ ဈေးကွက်ဝေစုရဖို့ ၄င်းတို့ Brand နာမည်ကျော်ကြိုက်များဖို့ကြိုးစားနေပါတယ်။
ကမ္ဘာတစ်ဝန်းမှာလည်းများစွာသော ကားကုမ္ပဏီများ ဟာ ဈေးနှုန်းချိုသာတဲ့ကားတွေကအစ စူပါဇောတိက တွေကို ရည်ရွယ်သည့် ဇိမ်ခံကားတွေအဆုံး မရပ် မနားထုတ်လုပ်နေကြပါတယ်။ ဒါပေမယ့် ကားဈေးကွက်တွင်နာမည်ကျော် Brandတွေဟာ ဈေးကွက်ဝေစုအခိုင်အမာရရှိထားတဲ့ လက်တစ်စုပ်စာ ကုမ္ပဏီကြီးအနည်းငယ်ရဲ့အစွယ်အပွား လက်အောက်ခံ လုပ်ငန်းများသာဖြစ်ပါတယ်။ ဒါကြောင့်ကမ္ဘာ့လွှမ်းမိုးမှုအကြီးမားဆုံးကားကုမ္ပဏီတို့နှင့် ၄င်းတို့၏ လက်အောက်ခံကုမ္ပဏီတွေကိုဖော်ပြထားတဲ့ ဂရပ်ပုံလေးကိုမျှဝေလိုက်ပါတယ်။
Source: Business Insider


YSX (MIW 001)

စတော့ဈေးကွက်ဆိုတာကို သိလိုသူတိုင်းအတွက်
ရန်ကုန်စတော့အိပ်ချိန်းအကြောင်း သိလိုသမျှ မေးလိုသမျှ
………………………………………
ရန်ကုန်စတော့အိပ်ချိန်းသည် ၂၀၁၅ခုနှစ်အောက်
တိုဘာလတွင်ပဲ ဖွင့်လှစ်တော့မည်ဖြစ်သည်။
ထို့ကြောင့် အများပြည်သူများနှင့် ရင်းနှီးမြှုပ်နှံသူများ
သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ဖြင့်ပေါ်
ပေါက်လာမည့် စတော့ဈေးကွက် အပေါ်တွင် အထူးစိတ်ဝင်စားလျက်ရှိကြသည်။ ဤအနာဂတ်ကို
ရှုမျှော်၍ အများပြည်သူများ စတော့ဈေးကွက်ဆိုင်ရာ
အသိပညာများတိုးပွားရန် ယခုလိုတင်ပြလိုက်ရပါ
သည်။ ယခုအမေးအဖြေစာစဉ်သည် ကျွန်တော်တို့
Myanmar Investment Watch ၏ စတော့ဈေးကွက်မိတ်ဆက်အသိပညာ ဖြန့်ဝေခြင်း
အစီအစဉ်မှ ပထမဦးဆုံးအစီအစဉ်ဖြစ်ပါသည်။ စတော့ဈေးကွက်မိတ်ဆက်အစီအစဉ်တွင် စာစဉ်
များ ဆောင်းပါးများ ဗီဒီယိုတင်ဆက်မှုများ အပတ်
စဉ်ပြုလုပ်၍ စတော့ဈေးကွက်ဆိုင်ရာသိရှိရန် လိုအပ်သမျှ အကြောင်းအရာများအား မိဘပြည်သူ
များထံ လွယ်ကူရိုးရှင်းစွာ ရှင်းလင်းတင်ဆက်သွား
ပါမည်။ ဤအစီအစဉ်အပြီးတွင် စတော့ဈေးကွက် ဗဟုသုတအတိအလင်း ကြွယ်ဝလာမည်ဟု MIWမှပြောကြားလိုပါသည်။
စတော့ဈေးကွက်ဆိုတာဘာလဲ။ စတော့အိပ်ချိန်းဆို
တာဘာလဲ။
………………………………………
စတော့ဈေးကွက်တစ်နည်းအားဖြင့် ငွေချေးသက်
သေခံလက်မှတ်ဈေးကွက်ဆိုသည်မှာ နိုင်ငံတစ်နိုင်
ငံရှိ စတော့များ Stocks ငွေချေးစာချုပ်များ Bonds ပုံမှန်အရောင်းအဝယ်လုပ်နေသည့်ဈေး
ကွက်ကိုဆိုသည်။ ကားအရောင်းအဝယ် ပြုလုပ်
သည့်အခါ ကားဈေးကွက်ကျောက်မျက်အရောင်း
အဝယ်ပြုလုပ်၍ ကျောက်ဈေးကွက်ဟုဆိုကြသလို
စတော့များအခြားငွေချေးသက်သေခံ လက်မှတ်များ
အရောင်းအဝယ်ပုံမှန် ရှိသည့်နေရာသို့ စနစ်သည် စတော့ဈေးကွက်ပင်ဖြစ်သည်။ နိုင်ငံတကာတွင် ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်စတော့
့ဈေးကွက် ကျဆင်းနေပြီဟေ့ The US Stock
market is going down ဟုပြောဆိုလေ့ရှိ
ကြသည်။ ထိုသို့ မှတ်ချက်ပြုတိုင်းသိရမည်မှာ အမေ
ရိကန်စတော့ဈေးကွက်ရှိ စတော့ဈေးနှုန်းများ ပျမ်းမျှ
အားဖြင့် ကျဆင်းသွားသည်ကိုဆိုလို ခြင်းပင်ဖြစ်
သည်။ ရှင်းရှင်းဆိုသော် စတော့ဈေးကွက်သည် တစ်နိုင်ငံလုံးရှိ စတော့များ အရောင်းအဝယ်ပြုမှု
အခြေအနေပင်ဖြစ်သည်။
စတော့အိပ်ချိန်းသည် စတော့ဈေးကွက်တွင်ရှိသည့်
ဈေးတစ်ခုပင်ဖြစ်သည်။ စတော့အိပ်ချိန်းတွင် အရည်အချင်း ပြည့်မှီသော ကုမ္ပဏီလုပ်ငန်းများ၏
စတော့များ သက်သေခံလက်မှတ်များ ရောင်းဝယ်
မှုပြုလုပ်နိုင်သည်။ ထို့အပြင် စတော့အိပ်ချိန်းသည်
ကုမ္ပဏီလုပ်ငန်းများ၏ အစုရှယ်ယာစတော့များ ထုတ်ဝေရောင်းချခြင်းပြန်လည်ရုတ်သိမ်းခြင်းတို့
အပြင် အစုရှယ်ယာအကျိုးအမြတ်Dividends များပေးဝေခြင်းကိုလည်း ပံ့ပိုးဆောင်ရွက်ပေး
သည်။ ထို့ကြောင့်စတော့အိပ်ချိန်းသည် ကုန်စည်
ဒိုင်တစ်ခုကဲ့သို့ပင်ဖြစ်သည်။ ကုန်စည်ဒိုင်တစ်ခုတွင်
အရည်အသွေးမှီကောက်ပဲသီးနှံများသာ ရောင်းဝယ်
သကဲ့သို့ စတော့အိပ်ချိန်းတွင်လည်း စတော့ဈေး
ကွက်တစ်ဝန်းလုံးရှိ စတော့များထဲမှ အရည်အချင်း
ပြည့်မှီသောအများပိုင်ကုမ္ပဏီ လုပ်ငန်းများ၏ စတော့များကိုသာ လဲလှယ်ရောင်းဝယ်ခြင်းဖြစ်
သည်။ ကုန်စည်ဒိုင်တွင် ကုန်စည်ဈေးနှုန်းများ နေ့စဉ်ထုတ်ပြန်သကဲ့သို့ စတော့အိပ်ချိန်းတွင်လည်း
လုပ်ငန်းကုမ္ပဏီအမျိုးမျိုး၏ စတော့ဈေးနှုန်းများအား
စက္ကန့် နှင့်အမျှ တိုက်ရိုက်ထုတ်ပြန်သည်။ ထို့ကြောင့်စတော့အိပ်ချိန်း Stock Exchange အား ကုန်စည်ဒိုင်Commodities Exchange နှင့် နှိုင်းယှဉ်ပါက သဘောပေါက်ရန် လွယ်သည်။
ကောင်တာဈေးကွက်ဆိုသည်ကိုလည်းဆက်လက်
ရှင်းပြလိုပါသည် ။ ကုန်စည်ဈေးကွက်တွင် ပွဲရုံများ
သည် ကုန်စည်များကိုကုန်စည်ဒိုင်ပြင်ပတွင်လည်း
အရောင်းအဝယ်ပြုလုပ်လေ့ရှိသည်။ အလားတူ စတော့အိပ်ချိန်းတွင် စာရင်းမဝင်သည့် ကုမ္ပဏီလုပ်
ငန်းများ၏ စတော့များ ရောင်းဝယ်ခြင်းကိုစုစည်း
ဆောင်ရွက်သည့် ဈေးကွက်သည်ကောင်တာဈေး
ကွက်ဖြစ်သည်။ ထိုအိပ်ချိန်းပြင်ပကောင်တာဈေး
ကွက်တွင် အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီ၏ စတော့များ
ကိုလည်း အရောင်းအဝယ်ပြုလုပ်နိုင်သည်။ သို့သော် ကောင်တာဈေးကွက်တွင် ရောင်းဝယ်
သည့် စတော့များ၏ ဈေးနှုန်းနှင့်အရေအတွက် ကို
စတော့အိပ်ချိန်းတွင်ကဲ့သို့ ထုတ်ပြန်ကြေငြာရန် မလိုသဖြင့် ရောင်းသူဝယ်သူမှ အပမသိရှိနိုင်ပါ။ ထို့ကြောင့် စတော့အိပ်ချိန်းနှင့် ကောင်တာဈေး
ကွက် များသည် မြန်မာနိုင်ငံစတော့ဈေးကွက်၏ အစိတ်အပိုင်းများ ဖြစ်သည်ဟုဆိုနိုင်ပါသည်။
ရန်ကုန်စတော့အိပ်ချိန်း၏ အရောင်းအဝယ်လုပ်
ဆောင်မှုများ အွန်လိုင်းပလက်ဖောင်းပေါ်တွင်ပဲ
ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသည်။ ရင်းနှီးမြှုပ်နှံ
သူများသည် အင်တာနက်မှတစ်ဆင့် စတော့နှင့် အခြားငွေချေးသက်သေခံလက်မှတ်များကို ရောင်း
ဝယ်မှုပြုလုပ်နိုင်မည်ဖြစ်သည်။ ရန်ကုန်စတော့အိပ်
ချိန်းသည် အများပိုင်ကုမ္ပဏီ၏စတော့များ စတင်ဖြန့်
ဖြူးရောင်းချခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများအား အစုရှယ်ယာ အကျိုးအမြတ်များ ခွဲဝေပေးအပ်ခြင်း
တို့ကိုလည်း လက်ခံဆောင်ရွက်မည်ဖြစ်သည်။
ရန်ကုန်အိပ်ချိန်းတွင် ရောင်းဝယ်နိုင်မည့် စတော့များ
ငွေချေးသက်သေခံလက်မှတ်များကို ဘယ်သူ
ထုတ်ဝေသလဲ။
………………………………………
ရန်ကုန်အိပ်ချိန်းရှိ စတော့များသည် အိပ်ချိန်းဝင်ရန်
အရည်အချင်းပြည့်မှီသည့် အများပိုင်ကုမ္ပဏီ များမှ
အရင်းအနှီးစုဆောင်းရန် ထုတ်ဝေထားခြင်းဖြစ်ပါ
သည်။ အရင်းအနှီးလိုအပ်ချက်ကြောင့် အောင်မြင်
သည့်ကုမ္ပဏီတစ်ခုသည် အများပိုင်ကုမ္ပဏီ ပြောင်းလဲကာ ၄င်း၏စတော့များကို အများပြည်သူ
သို့ကနဦး ဖြန့်ဖြူးရောင်းချခြင်း Initial Public
Offering ပြှုလုပ်ရပါသည်။ ထို့ကြောင့် IPO သည်ကုမ္ပဏီတစ်ခု၏ စတော့များအများပြည်သူထံ
သို့ ပထမဆုံးအကြိမ်ဖြင့် ရောင်းချခြင်းဖြစ်သည်။ ထို IPO ကြောင့် ၄င်းကုမ္ပဏီ၏ စတော့နှင့် ငွေချေး
သက်သေခံလက်မှတ်များ စတော့ဈေးကွက် အတွင်းသို့ ရောက်ရှိလာပြီး ရင်းနှီးမြှုပ်နှံသူများသည်
ဤစတော့များကို စတော့အိပ်ချိန်းတွင် အရောင်း
အဝယ်ပြုလုပ်နိုင်ပြီဖြစ်သည်။
ယခုအချိန်တွင် ကုမ္ပဏီအချို့သည် ရန်ကုန်အိပ်ချိန်း
မဖွင့်မှီပင် ယင်းတို့၏ စတော့များအား IPO ပြုလုပ်၍ စိတ်ဝင်စားသူရင်းနှီးမြှုပ်နှံ သူများထံ ရောင်းချရန် ပြင်ဆင်နေကြပြီး ဖြစ်သည်။ လောလောဆယ်တွင် ကုမ္ပဏီခြောက်ခုသည် အများပြည်သူသို့ စတော့များ ကနဦးဖြန့်ဖြူးရောင်းချ
ခြင်းကို ရန်ကုန်စတော့အိပ်ချိန်းမဖွင့်မှီ ဆောင်ရွက်
်ရန် စာရင်းပေးလျှောက်ထားပါသည်။
IPOစတော့ရောင်းချမှုတွင် လူတိုင်းဝယ်ယူ
ူနိုင်ပါသလား။
………………………………………
လူတန်းစားအလွှာအသီးသီးမှ ရင်းနှီးမြှုပ်နှံလိုသူ
တိုင်း ဝယ်ယူနိုင်ပါသည်။ IPOပြုလုပ်သည့် ကုမ္ပဏီ
သည် မိမိစိတ်ဝင်စားရင်းနှီးမြှုပ်နှံလိုသည့် ကုမ္ပဏီလုပ်ငန်းဖြစ်ပြီး ထုတ်ဝေသည့်စတော့၏ ဈေးနှုန်းသည်လည်း အဖိုးထိုက်တန်သည်ဟု ယူဆပါက ထုတ်ဝေသည့်စတော့ အရေအတွက် မကုန်မချင်းဝယ်ယူနိုင်ပါသည်။
အွန်လိုင်းစတော့အိပ်ချိန်းက ဘယ်လို
ဆောင်ရွက်တာလဲ။
………………………………………
ရန်ကုန်စတော့အိပ်ချိန်းYSE သည် အွန်လိုင်းအိပ်
ချိန်းဖြစ်သည့်အတွက် လူကိုယ်တိုင်သွားရန်မလိုပဲ
အင်တာနက်မှတစ်ဆင့်သာ ငွေချေးသက်သေခံ လက်မှတ်ရောင်းဝယ်မှုတွေ ဆောင်ရွက်နိုင်မည့်
အိပ်ချိန်းဖြစ်ပါသည်။ ကုန်စည်များရောင်းဝယ်ရန် ဘုရင့်နောင်ကုန်စည်ဒိုင်သွားရသလို FMIကုမ္ပဏီ
၏စတော့ကိုဝယ်ယူရန် စတော့အိပ်ချိန်းဝက်ဘ်ဆိုဒ်
တစ်ခုထံ သွားရောက်ဝယ်ယူရုံပင် ဟုဥပမာပြရပါ
မည်။ စတော့ဝယ်ယူသည့်အခါ အရောင်းအဝယ်စာ
ချုပ်ကို ရောင်းသူဝယ်သူအကြား အွန်လိုင်းပလက်
ဖောင်း တွင်သာချုပ်ဆိုပေးနိုင်မည့်စနစ်ဖြစ်သည်။
ဝယ်သူ၏ ဘဏ်မှငွေပမာဏကို ရောင်းသူထံလွှဲ
ပြောင်းပေးပြီးအခါတွင် စတော့ပိုင်ဆိုင်မှု စာချုပ်တွင်
ဝယ်ယူသူအမည်ပေါက်ရန် အလိုအလျောက်ပြောင်းလဲ
ပေးသွားမည်ဖြစ်သည်။
စတော့များကို ဘယ်လိုဝယ်ယူရမှာလဲ။
………………………………………
ရန်ကုန်စတော့အိပ်ချိန်းမှ စတော့များကို တိုက်ရိုက်
မိမိကိုယ်တိုင်ဝယ်ယူလိုပါက စတော့အိပ်ချိန်းတွင် အသင်းဝင်ရပါမည်။ အသင်းဝင်ခြင်းနှင့် အတူ
လစဉ်သို့ နှစ်စဉ်အသင်းဝင်ကြေးများကြီးမြင့်စွာ ပေးရရန်ရှိပါသည်။ ထို့ကြောင့် အရင်းအနှီးပမာဏ
များစွာဖြင့် စတော့များဝယ်ယူရန်မဟုတ်ပါက အသင်းဝင်ရန်မလိုအပ်ပါ။ အကြောင်းမှာ ရင်းနှီးမြှုပ်နှံလိုသူများသည် မိမိတို့ဝယ်ယူလိုသည့်
စတော့များကို ငွေချေးသက်သေခံလက်မှတ် အကျိုး
ဆောင်လုပ်ငန်းများBrakerage Firm မှတစ်ဆင့် ဝယ်ယူနိုင်၍ဖြစ်သည်။ ထိုငွေချေးသက်
သေခံလက်မှတ် အကျိုးဆောင်ကုမ္ပဏီသည် ရင်းနှီး
မြှုပ်နှံသူများကိုယ်စား စတော့များ အခြားငွေချေး
သက်သေခံလက်မှတ်များအား ဝယ်ယူခြင်း ရောင်း
ချခြင်း ပြုလုပ်ပေးသည့် စတော့အကျိုးဆောင်လုပ်
ငန်းဖြစ်သည်။ စတော့အကျိုးဆောင်ကုမ္ပဏီသည်
ရင်းနှီးမြှုပ်နှံသူများ ပိုင်ဆိုင်သောစတော့များကို မှတ်ပုံတင်ပေးမည်ဖြစ်ကာ စတော့ပိုင်ဆိုင်မှု
ထောက်ခံချက်များ Ownership Statement လည်းရင်းနှီးမြှုပ်နှံသူများ အလိုရှိလျှင် ထုတ်ပေးမည်ဖြစ်သည်။ ထိုဝန်ဆောင်
မှုများအတွက် အကျိုးဆောင်ကုမ္ပဏီသည် ရင်းနှီး
မြှုပ်နှံသူများထံ စတော့ဝယ်ယူရောင်းချမှုပြုတိုင်း
ကော်မရှင် အခကြေးငွေရယူသွားမည်ဖြစ်သည်။
စတော့အကျိုးဆောင်ကုမ္ပဏီသည် ကုန်စည်ဒိုင်ရှိ
ပွဲရုံများသဖွယ်ဖြစ်ပေသည်။
စတော့ဈေးကွက်တွင် ပါဝင်ခြင်းဖြင့် အမြတ်ငွေများ
စွာရရှိနိုင်ပါသလား။
………………………………………
ဤမေးခွန်းကို ဖြေဆိုရန် အရင်ဆုံးစတော့ဈေးကွက်
တွင်ပါဝင်မည့် စတော့ရင်းနှီးမြှုပ်နှံသူနှင့် စတော့
ဝယ်ရောင်းသူတို့နှစ်ဦးအကြားကွာခြားချက်ကို သိရပါမည်။ စတော့ရင်းနှီးမြှုပ်နှံသူသည် ရေရှည်အ
ကျိုးစီးပွား တိုးပွားရန်အတွက် စတော့များကို အဓိက
ဝယ်ယူရင်းနှီးခြင်းဖြစ်ပြီး ၄င်းစတော့များမှ နှစ်စဉ် ရ
ရှိမည့်အကျိုးအမြတ်များနှင့် ရေရှည်တွင် မြင့်မား
လာမည့်စတော့တန်ဖိုး များအပေါ်မျှော်ကိုးခြင်း
ဖြစ်သည်။ စတော့ဝယ်ရောင်းသူသည် ရေတိုကာလ
စတော့ဈေးနှုန်း အပြောင်းအလဲဖြစ်မှုများပေါ်တွင်
အကျိုးအမြတ် ရရှိရန် စတော့များ ရောင်းခြင်းဝယ်
ခြင်းပြုလုပ်သူဖြစ်သည်။
စတော့ရင်းနှီးမြှုပ်နှံသူသည် မိမိစိတ်ပါဝင်စားသည့်
စီးပွားရေးကဏ္ဍရှိ ရင်းနှီးမြှုပ်နှံလိုသည့် ကုမ္ပဏီလုပ်
ငန်းများ လည်ပတ်ပုံကို ကောင်းစွာနားလည်ရမည်။
မိမိရင်းနှီးမြှုပ်နှံလိုသည့် ကုမ္ပဏီလုပ်ငန်းမှ ထုတ်ပြန်
သည့်ငွေစာရင်း ရှင်းတမ်းအမြတ်ငွေ ထုတ်ပြန်ချက်
အစရှိသည့် ဘဏ္ဍာရေးအခြေအနေများကို သိရှိနားလည်ပြီး ယင်းကုမ္ပဏီလုပ်ငန်း၏ အနာဂတ်
တွင် ဖြစ်နိုင်မည့် ကြီးထွားမှုနှုန်း Growth အပေါ်
သုံးသပ်နိုင်ရမည်။ စတော့ရင်းနှီးမြှုပ်နှံသူသည် အိမ်ခြံမြေဈေးကွက်တွင် ရေရှည်ရင်းနှီးမြှုပ်နှံသူတစ်
ဦးနှင့်တူသည်။ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူသည် မြေ
ကွက်တစ်ကွက် မဝယ်ယူမှီ မြို့ရွာပတ်ဝန်းကျင်၏ အနာဂတ်တိုးတက်မှု ရှိနိုင်မရှိနိုင် ခန့်မှန်းရသကဲ့သို့
စတော့ရင်းနှီးမြှုပ်နှံသူသည်လည်း မိမိနှစ်သက်
သည့်ရင်းနှီးမြှုပ်နှံမှုအပေါ် စုံစမ်းစစ်ဆေးရမည်ဖြစ်
သည်။ စတော့ရင်းနှီးမြှုပ်နှံသူအဖို့ ရေရှည်ကာလ
တွင် မိမိ၏ရင်းနှီးမြှုပ်နှံမှုများမှ အနည်းဆုံးအနေဖြင့်
လက်ရှိဘဏ်တိုးနှုန်းနှင့် ရွှေဈေးအတက်နှုန်း ထက်
၅ရာခိုင်နှုန်း ခန့်ပိုမိုအကျိုးအမြတ်ရရှိရန်မခက်ပါ။
ရေရှည်ဟုဆိုရာတွင်လည်း ၁၀နှစ်နှင့်အထက်ကို
ဆိုလိုပါသည်။ မှန်ကန်သောရင်းနှီးမြှုပ်နှံမှုကို ရေရှည်ပြုလုပ်ခဲ့ပါက ကြွယ်ဝသောဓနများ အတိုင်းထက်အလွန်ရရှိမည်မှာသေအချာပင်ဖြစ်ပါသည်
စတော့ဝယ်ရောင်းသူမှာ အိမ်ခြံမြေဈေးကွက်တွင် ရေတိုကာလအတွင်း မြေဈေးတက်ကျမည်ကို ခန့်
မှန်းကာ အရောင်းအဝယ်ပြုလုပ်သူတစ်ဦးနှင့် တူသည်။ စတော့ဝယ်ရောင်းသူသည် နေ့စဉ်နှင်အမျှ ရရှိမည့် စတော့ဈေးကွက် သတင်း
များအပေါ်အခြေခံ၍ သုံးသပ်ခန့်မှန်းမှုများ ပြုလုပ်ရ
မည်ဖြစ်သည်။ အချိန်ပြည့်ပိုင်းခြားသုံးသပ်မှုများ လုပ်ရန်လိုအပ်ပြီး စတော့ရင်းနှီးမြှုပ်နှံသူထက် စတော့ဈေးကွက်ကို ပိုမိုနားလည်ရမည်ဖြစ်သည်။
စတော့ဝယ်ရောင်းတစ်ဦး၏အကျိုးအမြတ်သည် ဈေးကွက်အပေါ်ပိုင်းခြားသုံးသပ်နိုင်မှုအပေါ် မူတည်သည်။ စတော့ရွေးချယ်မှု အပေါ်မူတည်၍ အရှုံးများနိုင်သလို အမြတ်အစွန်းလည်းများစွာရ
ရှိနိုင်သည်။
အချုပ်အားဖြင့်ဆိုသော် စတော့ဈေးကွက်သည်
ကျပ်တစ်သိန်းခန့်ရင်းရုံဖြင့် ကျပ်သန်းပေါင်းများစွာ
အချိန်တိုအတွင်း ရရှိနိုင်ရန်တော့ မစွမ်းဆောင်နိုင်
သည်ကိုသတိချပ်စေလိုပါသည်။ မိဘပြည်သူများ
စတော့ဈေးကွက်နှင့်ပတ်သက်၍ လွတ်လပ်စွာ မေးခွန်းများထပ်မံမေးမြန်းနိုင်ပါသည်။
စတော့ဈေးကွက် မိတ်ဆက်အစီအစဉ် ၁။
စတော့ဈေးကွက်အကြောင်း ဗဟုသုတရရှိရန် ဤအစီအစဉ်တွင် စာစဉ်များ ဗီဒီယိုတင်ဆက်မှုများ ဖြင့် မျှဝေတင်ဆက်သွားပါမည်။
MIW Originals