Monday, April 27, 2015

ဝန်ထမ်းနိုင်ငံနှင့်ပိုင်ရှင်နိုင်ငံ

ဝန်ထမ်းနိုင်ငံနှင့်ပိုင်ရှင်နိုင်ငံ
အောင်ဆန်းရာပြည့်နှင့်မြန်မာနိုင်ငံသားတို့၏ရင်းနှီမြှုပ်နှံမှုအခွင့်အရေး
----------------------------------
ဤနေ့ဖေဖော်ဝါရီ၁၃ မှာမြန်မာနိုင်ငံလွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏နှစ်၁၀၀သက်တမ်းပြည့်သည့်နေ့ ဖြစ်ပါသည်။ အသက်၃၂နှစ်အရွယ်တွင်တိုင်းပြည် အတွက်အသက်ကိုစတေးကာကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်မည့်အခွင့်အရေးကောင်းမွေကိုဗိုလ်ချုပ် ပေးခဲ့လေသည်။ နယ်ချဲ့စနစ်ကိုမုန်းတီးသူဗိုလ်ချုပ် မြန်မာနိုင်ငံသားတို့သည်သာမြန်မာနိုင်ငံ၏အရှင်သခင် ဖြစ်သည်ကိုယုံကြည်၍သခင်ဘွဲ့ခံယူခဲ့သူဗိုလ်ချုပ် ယခုကွယ်လွန်ပြီး၆၈နှစ်အကြာတွင်မြန်မာနိုင်ငံသားတစ်ဦးချင်း၏ မိမိနိုင်ငံပိုင်သယံဇာတ စီးပွားရေးအခွင့်အလမ်းတွေအပေါ် အစိုးမရ လွတ်လပ်စွာစီမံခွင့်မရှိသည်ကိုမြင်လျှင်စိတ်မကောင်း ဖြစ်မည်မှာမလွဲပေ။ အမှန်ဆိုလျှင်ဗိုလ်ချုပ်အောင်ဆန်း သည် တိုင်းတစ်ပါးလူမျိုးနှင့်နိုင်ငံတို့၏အကျိုးစီပွားကို သယ်ပိုးဆောင်ရွက်မည့်အရာထမ်းအမှုထမ်းဝန်ထမ်းတို့၏ ဝန်ထမ်းနိုင်ငံ Nation of Employees and Servants အတွက်အသက်ပေးခဲ့ခြင်းမဟုတ်ဘဲ မိမိနိုင်ငံ၏စီးပွားရေးအခွင့်အလမ်းတွေကိုနိုင်ငံသားတိုင်း ကိုယ်တိုင်ညီမျှစွာဖန်တီးခြယ်လှယ်နိုင်မည့် ပိုင်ရှင်လုပ်ငန်းရှင်စွန့်ဦးဖန်တီးရှင်အနုပညာရှင်တို့၏ လွတ်လပ်သော ပိုင်ရှင်နိုင်ငံ Nation of Independent Proprietors အတွက်သာ အသက်စွန့်ခဲ့ခြင်းဖြစ်သည်။ ယခုမြန်မာနိုင်ငံမှာ နိုင်ငံရေးစီးပွားရေးပြောင်းလဲမှုဖြစ်စဉ်များစွာဟာ အကောင်းဘက်ဦးတည်နေသော်လည်း နိုင်ငံမှာဝန်ထမ်းနိုင်ငံအဖြစ်သာရှိနေသေးသည်။ ဗိုလ်ချုပ်အားမလိုအားမရဖြစ်မည်မှာအသေအချာ။
ပိုင်ရှင်နိုင်ငံဖြစ်ဖို့အရေးအကြီးဆုံးတစ်ချက်သာ လိုပါသည်။ လူတိုင်းလွတ်လပ်စွာ ညီမျှစွာ စီးပွားရေးလုပ်ခွင့် စွန့်ဦးတီထွင်ခွင့် ရင်းနှီးမြှုပ်နှံခွင့် အမှန်တကယ်ရရှိရန်ပင်ဖြစ်သည်။ ထိုအခွင့်အရေးကိုတည်ဆောက်ရန် မြန်မာနိုင်ငံသားတိုင်းကို ရင်းနှီးမြှုပ်နှံသူတွေအဖြစ် ကြည့်မြင်ရန်လိုပေသည်။ လူတန်းစားမရွေး ရင်းနှီးမြှုပ်နှံသူတွေဖြစ်သည်ဟုမြင်နိုင်ရမည်။ အလုပ်သမား ဝန်ထမ်းတွေအနေနှင့်လည်း ရရှိသည့်လုပ်ခလစာကိုပြန်လည်ရင်းနှီးမြှုပ်နှံဖို့ အခွင့်အရေးတွေရှိရမည်။ နိုင်ငံသား လုပ်ငန်းရှင်တွေအတွက်လည်း စီးပွားရေးတိုးချဲ့ရန် အခွင့်အလမ်း အခြားလုပ်ငန်းများအပေါ်တွင်လည်း ရင်နှီးမြှုပ်နှံရန်အခွင့်အလမ်းတွေရှိနေရမည်။ ဥပဒေကထိုအခွင့်အလမ်းတွေကိုရှေ့ဆောင် လမ်းဖောက်ပြီးလူတိုင်းရရှိအောင်ဆောင်ရွက်ရန် တံတားဖြစ်သည်။ အခွင့်အလမ်းတွေပိတ်ဖို့ သံသယကြီးစွာလုပ်ငန်းများအားနည်းဥပဒေတို့ဖြင့် ခြေချုပ်ရန်ဘလောက်တုံးမဟုတ်ပဲ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများအားအကာအကွယ်ပေးရန်သာ ဖြစ်သင့်သည်။ ယခုရင်းနှီးမြှုပ်နှံမှုဥပဒေ နည်းဥပဒေများကမြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူတွေ ကိုအကာအကွယ်ပေးသည်ထက် qualifications များစွာသတ်မှတ်ပြီး ငွေကြေးတတ်နိုင်မှုအဆင့်ခွဲခြား၍ ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးတွေအပေါ်ပါဝင်နိုင်မှု ကန့်သတ်ထားလေသည်။ စာရေးကိုင်ဝန်ထမ်းတစ်ဦး သည်မိမိစုငွေကျပ်၁၀သိန်းဖြင့် မိမိဆန္ဒအရ ရေနံသဘာဝဓာတ်ငွေ့လုပ်ကွက်တစ်ခုတွင် ရင်းနှီးလိုလျှင် မိမိနိုင်ငံပိုင်သယံဇာတအပေါ်ရင်းနှီးခွင့် နှင့်ရင်းနှီးဖို့အခွင့်အလမ်းရှိရမည်။ ယခုကားနှစ်မျိုးလုံး မရှိ။ လုပ်ငန်းတည်ထောင်လုပ်ကိုင်သူတစ်ဦးအနေ နှင့်လည်းမည်မျှပင်အရင်းအနှီးပိုင်ဆိုင်မှုပမာဏနည်းပါး စေကာမူထိုသူ၏အရည်အချင်းအတွေ့အကြုံပေါ် မူတည်၍သာ လုပ်ငန်းလုပ်ပိုင်ခွင့်ရရှိရမည်။ ယခုကား ငွေအရင်းအနှီးများမှလုပ်ငန်းလုပ်ခွင့်ရသည်။ ကျပ်သိန်းတစ်ရာမျှစုမိပြီး ဆောက်လုပ်ရေးလုပ်ငန်း တစ်ပိုင်တစ်နိုင်လုပ်လိုသော အရည်အချင်းတစ်ကယ် ရှိသည့် အင်ဂျင်နီယာတစ်ဦးထို့ကြောင့် လုပ်ငန်းရှင်ဖြစ်ဖို့ဝေးသွားလေသည်။ ထိုသူအဖို့ ငွေကြေးတတ်နိုင်သူအောက်တွင်သာဝန်ထမ်းရန်သာ ရှိ၍ဆောက်လုပ်ရေးအကြောင်းတစ်လုံးမျှမသိသည့် ငွေရှင်တွေသာလုပ်ကိုင်ခွင့်ရှိသွားလေသည်။ ထိုနည်းတိုင်းသာသွားလျှင် ငွေကြေးအလွန်ရှိသူတစ်စု နှင့်နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေသာ စီးပွားရေးအခွင့်အလမ်းအများစုရရှိသွားမည်သာ ဖြစ်ပြီးအချိန်ကြာလာသည်နှင့်အမျှ မြန်မာနိုင်ငံလည်း ဗိုလ်ချုပ်မနှစ်မျို့သည့် ဝန်ထမ်းနိုင်ငံသာဖြစ်သွား ပေမည်။
ထိုသို့ဆိုသည့်အတွက်နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အားမကြိုဆို မလိုလားချင်းမဟုတ်ပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဗိုလ်ချုပ်အနေနှင့် လုံးဝမလိုလားသည်မှာမှန်သော်လည်း ယခုခေတ်စီးပွားရေး အခြေအနေအရ အခြေခံအဆောက်အအုံများ လျင်မြန်စွာဖွံ့ဖြိုးရန် အတွက်လိုပါသည်။ သို့သော်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေဝင်ရောက်လာတိုင်း ထိုရင်းနှီးမြှုပ်နှံမှုများအပေါ် နိုင်ငံသားတိုင်းတစ်စိတ်တစ်ပိုင်းဝင်ရောက်ရင်းနှီးခွင့် ရှိရပါမည်။ အထူးသဖြင့်သဘာဝသယံဇာတ တူးဖော်ထုတ်ယူမှုလုပ်ငန်းများတွင် နိုင်ငံခြားကုမ္ပဏီ တစ်ခုနှင့် ငွေကြေးအလွန်အမင်းတတ်နိုင်သူတစ်စု သာလုပ်ကိုင်ရင်းနှီးခွင့်ရရှိပြီး ပြည်သူများနှင့် ဒေသခံများမှပါဝင်ရင်းနှီးခွင့်မရလျှင် နိုင်ငံရေးပြဿနာ ဖြစ်သွားနိုင်ကာ အားလုံးအတွက်အကျိုးမရှိနိုင်ပါ။ ယခုဤပြဿနာများပေါ်ပေါက်နေခြင်းမှာ နိုင်ငံသားများအားရင်းနှီးပါဝင်ခွင့်မပေးသည့် အပြင်လျော်ကြေးပေးပြီး ရင်းနှီးမြှုပ်နှံကြီးပွားဖို့ အခွင့်အရေးကို ဗိုလ်ကျလုယူသလိုဖြစ်နေ၍ပင်ဟု မြင်ပါသည်။ သယံဇာတတူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများသည် အခြားလုပ်ငန်းများနှင့်မတူဘဲ အရမ်းအကဲဆတ်ပါသည်။ ထို့ကြောင့်ထိုလုပ်ငန်းများ ကို လုပ်ကိုင်ခွင့်ပေးတိုင်းအများပိုင်ကုမ္ပဏီအဖြစ်သာ လုပ်ကိုင်ခွင့်ပေးသင့်ပြီးပြည်သူအနေဖြင့်ပါဝင် ရင်းနှီးနိုင်ဖို့ အစုရှယ်ယာ၂၀ရာခိုင်နှုန်းအောက်မနည်း သည့်ပမာဏကိုအများတတ်နိုင်သည့်နှုန်းထားဖြင့် ရောင်းချပေးရန်အစိုးရအနေဖြင့်စီစဉ်သင့်ပါသည်။ ယခင်စတော့ဈေးကွက်မရှိ၍ဟု အကြောင်းပြစရာရှိ သော်လည်းယခုရှိလာတော့မည့်အချိန်တွင် သယံဇာတတူးဖော်မှုနှင့်ပတ်သတ်သည့်လုပ်ငန်းများ ကိုအများပိုင်လုပ်ငန်းများမပြောင်းမနေရပြောင်းလဲကာ စိတ်ဝင်စားသူနိုင်ငံသားတိုင်းတတ်စွမ်းသမျှပါဝင် ရင်းနှီးခွင့် ရအောင်ဖန်တီးပေးသင့်ပါသည်။ ထိုသို့မဆောင်ရွက်ပဲ ရှိလျှင်သော်လည်းကောင်း ဝင်ရောက်လာသည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံပမာဏနှင့် ပမာဏတူရှိသည့်အခြားရင်းနှီးမြှုပ်နှံမှုအခွင့်အရေးများ အများပြည်သူရင်းနှီးရန်အတွက်မရှိလျှင်သော် လည်းကောင်း ထိုသယံဇာတလုပ်ကွက်များကို အောက်ဈေးဖြင့်လူတစ်စုနှင့်နိုင်ငံခြားရင်းနှီးသူတစ်စု ထံသို့ရောင်းချဝကွက်အပ်သလိုသာဖြစ်မည်ဖြစ်ပြီး နိုင်ငံတော်အစိုးရကောပြည်သူပါ ရေရှည်တွင်အကျိုး ဖြစ်ထွန်းမည်မဟုတ်ပဲနိုင်ငံရေးပြဿနာများသာတိုးပွား လာနိုင်မည်။ ရေရှည်တွင်ပြည်သူအနေနှင့်လည်း မိမိနိုင်ငံပိုင်သယံဇာတကိုအနည်းနှင့်အများခြယ်လှယ် ခွင့်ဆုံးရှုံး၍ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်လွတ်လပ်မှု တဖြေးဖြေးဆုံးရှုံးလာမည်ဖြစ်သည်။ ဗိုလ်ချုပ်လည်းစိတ်ကောင်းနိုင်မည်မဟုတ်ပါ။
လွတ်လပ်စွာညီမျှစွာရင်းနှီးမြှုပ်နှံပိုင်ခွင့်နှင့်ပတ်သက်၍ အရေးပါသည့်နောက်တစ်ချက်မှာ လွတ်လပ်စွာ စွန့်ဦးတီထွင်လုပ်ငန်းလုပ်ကိုင်ခွင့်ဖြစ်သည်။ နိုင်ငံတိုင်းတွင် စွန့်ဦးတီထွင်သူနှင့် စွန့်စားရင်းနှီးသူ Entrepreneurs and Venture Capitalists များသည် တိုင်းပြည်စီးပွားရေး၏အသဲကျော်မျာဖြစ်သည်။ သူတို့သည်တစ်ခါမှမရှိဘူးသေး သည့်စီးပွားရေးကဏ္ဍတစ်ခု ဈေးကွက်တစ်ခုကို စတင်တည်ထောင်သူ ထိုကဏ္ဍနှင့်ဆက်စပ်၍ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်များ အများပြည်သူအတွက်အလုပ်အကိုင်အခွင့်အလမ်းသစ် များဖော်ဆောင်ပေးပြီးတိုင်းပြည်စီးပွားရေးကိုချဲ့ထွင်ပေး သူများဖြစ်သည်။ ဥပမာပြပါဆိုလျှင် လျှပ်စစ်ဓာတ်အား ပေးလုပ်ငန်းကဏ္ဍကိုစတင်ခဲ့သည့် Edisonနှင့် Tesla ကားထုတ်လုပ်မှုကဏ္ဍကိုပုံဖော်ခဲ့သည့် Henry Ford တစ်ကိုယ်ရေသုံးကွန်ပြူတာဈေးကွက်ကို ဦးစောင်ခဲ့သည့် Steve Jobs နှင့် Bill Gatesတို့ ကိုပြရမည်ဖြစ်ပြီးအားလုံးသိကြမည်သာဖြစ်သည်။ ထိုလူရည်ချွန်တို့ပေါ်ထွက်ရန် နိုင်ငံတော်ကအဓိက ဆောင်ရွက်အာမခံရမည်မှာ ဥာဏ်ပ္စစည်းပိုင်ဆိုင်မှုနှင့် အသုံးချခွင့်ဥပဒေ Intellectual Property and Patent Law တစ်ခုသာဖြစ်သည်။ တစ်ခြားမည်သည့် ဥပဒေ နည်းဥပဒေမှမလို။ အကြောင်းမှာ ကားဈေးကွက်ကောင်းကောင်းတောင် မပေါ်ပေါက်ခင် လေထုညစ်ညမ်းမှုဆိုင်ရာထိန်းချုပ်ဖို့ဥပဒေနှင့် ယှဉ်စည်းကမ်းဥပဒေများရေးစွဲရန်မလိုသေးသည့်အပြင် ထိုမရှိသေးသည့်လေထုညစ်ညမ်းမှုကိုအကြောင်းပြ၍ ဖြစ်ထွန်းလာမည့်ကားထုတ်လုပ်မှုလုပ်ငန်းအပေါ် စွန့်စားရင်းနှီးမည့်လုပ်ငန်းရှင်ကိုပမာဏအရမ်းများသည့် တရားဝင်ရင်းနှီးမြှုပ်နှံမည့်ငွေကြေးတောင်းခံရန် ပို၍မလိုအပ်သောကြောင့်ဖြစ်သည်။ အလားတူပင် ပေါ်ထွန်းစကွန်ပြူတာထုတ်လုပ်မှုကဏ္ဍရှိလုပ်ငန်းများ ကိုလည်း ဆိုက်ဘာပြစ်မှုပြဿနာများရှိလာနိုင်မှုကို ငဲ့ပြီးအရင်းအနှီးပိုမိုဆိုက်ထုပ်ရန်မလိုအပ်ပါ။ တီထွင်မှုများဖြင့်ပြည့်နေသည့်ပေါ်ထွန်းစဈေးကွက်များ ကြီးထွားလာပြီးလည်ပတ်နေမှသာပိုမိုကောင်းမွန်စေရန် ရင်းနှီးမြှုပ်နှံသူနှင့်စားသုံးသူအကျိုးကိုငဲ့ပြီး ဥပဒေ နည်းဥပဒေများထုတ်ပြန်ကာ ထိန်းကျောင်းပေးသည်မှာ တိုးတက်သည့်နိုင်ငံတိုင်းရှိ အစိုးရတိုင်း၏ပဲ့ကိုင်မှုစနစ်ဖြစ်သည်။ စီးပွားရေးကဏ္ဍ တစ်ခုပင်ကောင်းမွန်စွာမပေါ်ပေါက်သေးခင် ဥပဒေ နည်းဥပဒေတို့ဖြင့် စတင်တည်ထောင်မှုအရင်းအနှီး လိုအပ်ချက်မြင့်မားစွာသတ်မှတ်ထားလျှင် စွန့်ဦးတီထွင်သူအတွက်လုပ်ငန်းပိုင်ဆိုင်ရန်မက်လုံး မရှိတော့သလို စွန့်စားရင်းနှီးသူအတွက် အရင်းအနှီး ပမာဏများစွာရင်းပြီးအမြတ်အစွန်းမရှိတော့သလောက် ဖြစ်သွားပေမည်။ ပေါ်ထွန်းစဈေးကွက်ရှိ လုပ်ငန်းများ အတွက်လုပ်ငန်းလိုင်စင်မလို အခွန်ပေးဆောင်ရန်သာ လိုသည်ကို တိုးတက်သည့်နိုင်ငံတိုင်းသိရှိကြပါသည်။
မြန်မာနိုင်ငံတွင်ထိုနိယာမသည်ပြောင်းပြန်အလုပ် ဖြစ်နေသည်။ ဆောက်လုပ်ရေးလုပ်ငန်းများစွာ လိုအပ်ချက်ရှိနေသည့်လွန်ခဲ့သည့်နှစ်၂၀ကာလတွင် ပင် ပေါ်ထွန်းစဆောက်လုပ်ရေးကဏ္ဍရှိလုပ်ငန်းများ အဖို့ လုပ်ငန်းလိုင်စင်ရရန် ကနဦးရင်းနှီးမြှုပ်နှံမှု သိန်းထောင်ချီလိုအပ်သလို နောက်ကြောင်းစစ်ဆေးမှု နှစ်နှစ်ခန့်ပြုလုပ်သည့်အစဉ်အလာရှိသည်။ ငွေကြေးအလွန်အမင်းတတ်နိုင်သူများသာ လိုင်စင်ရ၍ တတ်ကျွမ်းသူတွေကလုပ်ငန်းရှင်မဖြစ်ပဲဝန်ထမ်းတွေ ဖြစ်ကုန်သည်။ ဈေးကွက်ရှိအကျိုးစီးပွားအများစုကို ထိုလုပ်ငန်းရှင်များရရှိပြီးမှ အခြားအရင်းအနှီးအတော် အတန်ရှိသူများအားလိုင်စင်ချပေးလေသည်။ ကားတင်သွင်းမှုနှင့်ထုတ်လုပ်မှုလုပ်ငန်းများလည်း ဤအစဉ်အလာအတိုင်းလိုက်သည်။ ယခုအာမခံလုပ်ငန်းနှင့်ဘဏ်လုပ်ငန်းများတည်ထောင် ရန်အတွက်လည်းဤအတိုင်းပင်။ ကနဦးရင်းနှီးမြှုပ်နှံမှု အရင်းအနှီးလိုအပ်ချက်သိန်း၆သောင်းအနည်းဆုံး ဆောင်ပြ ရန်လိုအပ်သည်။ လက်တလောငွေကြေးသက်သေခံ လက်မှတ်အရောင်းအဝယ်လုပ်ငန်းများလည်းအလားတူ။ မည်သည့်နိုင်ငံတွင်မှမရှိသည့် ကနဦးရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များဖြစ်သည့် ကျပ်ဘီလီယံ၁၅ခန့်ရှိရန် လိုသည်။ အမေရိကားတွင်ပင်စတော့ဝယ်ရောင်း ဝန်ဆောင်မှုအတွက် ကျပ်သိန်း၅၀၀၀ခန့်အလွန်ဆုံး ရှိရင်လုပ်ငန်းစနိုင်ပြီဖြစ်သည်။ စတော့အိတ်ချိန်းစတင် ခင်ကအရင်းအနှီးမလို အရည်အချင်းစစ်စာမေးပွဲသာအောင်ဖို့လိုသည်။ ဟိုကအရည်အချင်းကိုကြည့်သည် မြန်မာပြည်စနစ်က အရင်းအနှီးကိုသာကြည့်ပြီးအလွယ်လမ်းလိုက်သည်။ ထိုကနဦးရင်းနှီးမှုလိုအပ်ချက်မြင့်မားရခြင်း၏ ထာဝရဆင်ခြေမှာစားသုံးသူအကျိုးစီးပွားကိုကာကွယ် ရန်နှင့်ဈေးကွက်တွင်မလိုလားအပ်သည့်ပြဿနာများကို ရှောင်ရှားရန်ပဲဖြစ်သည်။ ထိုစေတနာတလွဲကြောင့် စွန့်ဦးတီထွင်သူများမိမိတီထွင်ဖော်ဆောင်မည့် လုပ်ငန်း၏လုပ်ငန်းရှင်ဖြစ်မလာတော့ပဲ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူနှင့်အလွန်အမင်းငွေကြေးတတ်နိုင်သူ တစ်စုလက်အောက်ခံဝန်ထမ်းသာဖြစ်သွားသည်။ အခြားရင်းနှီးမြှုပ်နှံသူများလည်း အရင်းအနှီးကုန်ကျ စရိတ်ကြီးမြင့်လာ၍အကျိုးအမြတ်နည်းပါးလာကာ ဆုံးရှုံးနိုင်ချေသာများလာ၍ပေါ်ထွန်းစဈေးကွက်ရှိ လုပ်ငန်းများအပေါ်ရင်းနှီးမြှုပ်နှံမလိုတော့ချေ။ ထိုစနစ်အရပေါ်ထွန်းစဈေးကွက်ရှိရင်းနှီးမြှုပ်နှံမှု အခွင့်အရေးအားလုံးလူတစ်စုလက်ထဲသို့သာရောက်ရှိ သွားမည်ဖြစ်သည်။ အစိုးရအနေနှင့်နိုင်ငံတိုင်းရှိ အောင်မြင်သည့်လုပ်ငန်းတိုင်းသည် အရင်းအနှီးထက် အရည်အချင်းအတွေ့အကြုံပေါ်အခြေခံတည်ထောင်ခဲ့ သည် ကိုသတိချပ်၍ပေါ်ထွန်းစစီးပွားရေးနယ်ပယ်များ ရှိလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေများကိုဖြေလျော့ပေးသင့် သည်။ သို့မှသာစွန့်ဦးတီထွင်သူလုပ်ငန်းရှင်များလည်း ကိုယ့်လုပ်ငန်းအပေါ်ကိုယ်ပိုင်ဆိုင်ခွင့်ရရှိပြီး စွန့်စားရင်းနှီးလိုသူများအတွက်လည်း ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးများရှိလာနိုင်မည်။ နိုင်ငံတော်အစိုးရအနေနှင့် ပေါ်ထွန်းစစီးပွားရေးကဏ္ဍ များတွင်နည်းဥပဒေများဖြင့်ကနဦးအရင်းအနှီးလိုအပ် ချက်သတ်မှတ်သည်ထက် အဆိုပါရေခံမြေခံကောင်း များရေရှည်အကျိုးမျှော်ကိုး၍ပျိုးထောင်သင့်ပေသည်။ မြန်မာနိုင်ငံသားများမြန်မာနိုင်ငံရှိရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို တီထွင်ဖော်ဆောင်ခွင့် ပါဝင်ရင်းနှီးခွင့်ရရှိပါကတိုင်းပြည်ကံကြမ္မာအပေါ် အနည်းနှင့်အများသက်ရောက်ခွင့်ရှိလာမည်။ ဗိုလ်ချုပ်အသက်ပေးခဲ့သည့်မြန်မာနိုင်ငံသည် ပိုင်ရှင်နိုင်ငံမဝေးသောအချိန်တွင်ဖြစ်လာမည်မှာ မလွဲပေ။