စတော့ဈေးနှုန်းဂရပ် ဖတ်ရှုပိုင်းခြားနည်း
----------------------------------
ဟောလိဝုဒ်က စတော့ပွဲစားတွေအကြောင်း ရုပ်ရှင် ဇာတ်ကားတွေကို ကြည့်ဖူးသူတိုင်း မှတ်ပါလိမ့်မည်။ ထိုရုပ်ရှင်များထဲတွင် စတော့ပွဲစားများသည် တစ်နေကုန် ကွန်ပြူတာရှေ့မှာထိုင်ပြီး အရောင်စုံ ဘားဂရပ် မျဉ်းကြောင်းဂရပ်လေးတွေကို မျက်ချေမပြတ်ကြည့်နေကာ ဆယ်မိနစ် တစ်ကြိမ် လောက်တိုင်း ဖုန်းဖြင့် အရောင်းအဝယ် ပြုနေ တတ်ကြသည်။ စတော့အရောင်းအဝယ် လောကတွင် ၄င်းပွဲစားတွေကို ပုံစံကားချပ်ဖြင့် သုံးသပ်သူများ Chartists ဟုခေါ်ဆိုပြီး ၄င်းပွဲစားများသည် နည်းစနစ်ပိုင်းသုံးသပ်နည်း Technical Analysis ကို အသုံးချကာ ရှယ်ယာများကို အရောင်းအဝယ် ပြုလုပ်ကြသည်။
နည်းစနစ်ပိုင်းသုံးသပ်နည်း ဆိုတာဘာလဲ။
-----------------------
နည်းစနစ်ပိုင်းသုံးသပ်နည်း ဆိုသည်မှာ တကယ်တော့ အရောင်းအဝယ်မပြုခင် စမ်းစစ်နည်း တစ်မျိုးပင်ဖြစ်သည်။ နည်းစနစ်ပိုင်းသုံးသပ်နည်း သည် စတော့ဈေးကွက် အတွင်းရှိ ရှယ်ယာတို့၏ ရေတိုကာလ ဝယ်လိုအားနှင့် ရောင်းလိုအားကို လေ့လာပြီး ဖြစ်နိုင်ချေ ဈေးနှုန်းကို ခန့်မှန်း သတ်မှတ်သည်။ ထိုနည်းသည် ရှယ်ယာတစ်ခု၏ အစစ်အမှန် တန်ဖိုး၊ ရေရှည်တွင် ရရှိမည့် အကျိုးအမြတ် နှင့် ရှယ်ယာထုတ်ဝေသည့် ကုမ္ပဏီတို့၏ စွမ်းဆောင်ရည် စသည်တို့ကို ထည့်သွင်းတွက်ချက် သုံးသပ်ခြင်း မလုပ်ပေ။ ၄င်းအချက်အလက်များ၊ ကုမ္ပဏီ၏ အရည်အချင်း၊ ရှင်သန်ရသည့်ဈေးကွက် နှင့် ဆက်စပ်သတင်း စသည်တို့ကို အဓိက ထည့်သွင်းသုံးသပ်ပြီး ရင်းနှီးသင့်မသင့် ဆုံးဖြတ်သည့် အခြေခံပိုင်းသုံးသပ်နည်း Fundamental Analysis သည် ထို့ကြောင့် နည်းစနစ်ပိုင်းသုံးသပ်နည်းနှင့် မတူပဲကွဲပြားသည်။ နည်းစနစ်ပိုင်းသုံးသပ်နည်းကို အသုံးပြုသော စတော့ဝယ်ရောင်း ပြုလုပ်သူများသည် ဈေးကွက် အတွင်းရှိ အစုရှယ်ယာတစ်ခု၏ အချိန်တို အတွင်း ဈေးနှုန်း အတက်အကျများကိုသာ စိတ်ဝင်စားပြီး ၄င်း အစုရှယ်ယာ၏ အစစ်အမှန်တန်ဖိုးကို ဂရုမထားပါ။ စတော့ဝယ်ရောင်းပြုသူများ နှင့် ပွဲစားများ၏ ရည်ရွယ်ချက်မှာ ကုန်သည်တစ်ဦးကဲ့သို့ပင် ရေတို ရှယ်ယာရောင်းဝယ်မှု များများပြု၍ အကျိုးအမြတ် ရရှိရန် ဖြစ်ပြီး အဆိုပါရှယ်ယာတွင် ရေရှည် ရင်းနှီးမြှုပ်နှံရန် မရည်ရွယ်ပါ။
စတော့ရောင်းဝယ်သူများဟာ ဘာကြောင့် နည်းစနစ်ပိုင်းသုံးသပ်မှုကို ပြုလုပ်ပါသလဲ။
----------------------
စတော့ရှယ်ယာ အရောင်းအဝယ်မပြုခင် နည်းစနစ် ပိုင်းသုံးသပ်မှုပြုခြင်းသည် အချိန်ကုန် သက်သာ စေ၍ ဖြစ်သည်။ စတော့ရောင်းဝယ်မှု လုပ်သူသည် စတော့ရှယ်ယာတစ်ခု၏ ဈေးနှုန်းနှင့် အရောင်း အဝယ်ဖြစ်သည့် အရေအတွက် Volume ကို ချက်ချင်းကြည့်ရှုကာ ၄င်းရှယ်ယာ၏ တန်ကြေးကို သုံးသပ်နိုင်၍ ဖြစ်သည်။ အခြေခံပိုင်းသုံးသပ်မှုမှာ ကုမ္ပဏီ၏ အခြေအနေနှင့် သတင်းများပေါ် မူတည်ပြီး အချိန်ယူ သုံးသပ်ရမည်ဖြစ်၍ အရောင်းအဝယ်ပြုရာတွင် ချက်ချင်း တန်ကြေးကို ပိုင်းဖြတ်နိုင်မည်မဟုတ်ပါ။ သို့တည်းအပြင် နည်းစနစ်ပိုင်းသုံးသပ်သူ Technical Analysts တစ်ချို့ဟာ စတော့ရှယ်ယာ၏ လက်ရှိ ဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်နေသည့် အရေအတွက်ကိုသာ ကြည့်ခြင်းဖြင့် ၄င်းရှယ်ယာကို ထုတ်ဝေသည့် ကုမ္ပဏီ၏ အခြေခံသတင်း အချက်အလက်တွေကို ထည့်သွင်းစဉ်းစားပြီးသား ရောက်သည်လို့ ယုံကြည်ကြပါသည်။ ဤယုံကြည်ချက်ဟာ ဝါရင် ဘူဖတ် Warren Buffet လို အခြေခံပိုင်းသုံးသပ်မှု ဖြင့် ရေရှည် ရင်းနှီးမြှုပ်နှံသူများ အတွက် လက်ခံရ ခက်သည့် အယူအဆဖြစ်ပါသည်။
နည်းစနစ်ပိုင်းသုံးသပ်နည်းကို ဘယ်သူတွေ အသုံးပြုသလဲ။
----------------------
အမှန်တစ်ကယ်တွင် နည်းစနစ်ပိုင်းသုံးသပ်မှုသည် စတော့ဝယ်ရောင်းသမားနှင့် ပွဲစားတွေအတွက် သာမက ရေရှည်ရင်းနှီးမြှုပ်နှံလိုသူများအတွက်ပါ အသုံးဝင်သည့် စတော့အရောင်းအဝယ်မပြုခင် စတော့ဈေးနှုန်း သုံးသပ်နည်း တစ်ခုဖြစ်ပါသည်။ နည်းစနစ်ပိုင်း သုံးသပ်မှုသည် အစုရှယ်ယာတစ်ခု တွင် ရေရှည် ရင်းနှီးမြှုပ်နှံသင့်မသင့် ဆုံးဖြတ်သည့် ပညာတော့ မဟုတ်သည်ကို သိထားသင့်ပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာတွင် ငွေပမာဏ မည်မျှဖြင့် ရေရှည် ရင်းနှီးသင့်သည် မသင့်သည်ကို အခြေခံပိုင်း သုံးသပ်နည်းဖြင့် ဆုံးဖြတ်နိုင်မည်ဖြစ်ပြီး စတော့ ရှယ်ယာများကို ဘယ်အချိန်တွင် ရောင်းရမည် ဝယ်ရမည်ကိုတော့ နည်းစနစ်ပိုင်းသုံးသပ်နည်းဖြင့် ဆုံးဖြတ်ရပါမည်။ ထို့ကြောင့် စတော့ရှယ်ယာ အရောင်းအဝယ်ပြုသည့် ပညာတစ်ရပ်ဖြစ်သည့် နည်းစနစ်ပိုင်းသုံးသပ်နည်းသည် စတော့ အရောင်းအဝယ်သမားများ၊ ပွဲစားများနှင့် အကျိုး ဆောင်ကုမ္ပဏီများအတွက် အရေးပါသည့် အသိပညာဖြစ်ပါသည်။ စတော့အိပ်ချိန်းတွင်လည်း အချိန်စက္ကန့်ပိုင်းအတွင်း အရောင်းအဝယ်များစွာကို ပြုလုပ်ပေးခြင်း ဈေးနှုန်းခန့်မှန်းခြင်းတို့ကိုလည်း ပိုလက်တွေ့ကျသည့် ဤနည်းစနစ်ပိုင်း သုံးသပ်နည်း ဖြင့်သာ လုပ်ဆောင် နေပါသည်။
စတော့ဈေးနှုန်းဂရပ်ဖတ်ပြီး Technical Analysis ကို ဘယ်လိုလုပ်ရသလဲ။
--------------------
အောက်မှာ ရှုပ်တယ်လို့ ထင်ရသည့် ဈေးနှုန်း ဂရပ်ပုံတွေကို ပြထားပါတယ်။ မစိုးရိမ်ပါနှင့်။ ဤစာပိုဒ်ကို ဖတ်အပြီးတွင် လွယ်လွယ်ကူကူ ဖတ်ရှုနိုင်သွားမှာပါ။ ဂရပ်ဖတ်တတ်ရင် နည်းစနစ်ပိုင်းသုံးသပ်နည်းကိုပါ တတ်မြောက် လာပါမယ်။ အခု ဂရပ်တွေပုံကို ကြည့်လိုက်ပါ။
Candlestick Chart ဖယောင်းတိုင်ဈေးနှုန်းဂရပ်ပုံ
-----------------------------
ပုံ ၁။ ပုံ ၁ မှာ တွေ့ရတာကတော့ Candlestick ဂရပ်ပုံဖြစ်ပြီး စတော့ရှယ်ယာတစ်ခုရဲ့ ဈေးနှုန်း အတက်အကျများကို Candlestick များစွာဖြင့် ဖော်ပြထားပါတယ်။ ညာဘက်မှာ ရှိတဲ့ ဒေါင်လိုက်မျဉ်းဟာ ရှယ်ယာရဲ့ဈေးနှုန်းပြမျဉ်း ဖြစ်ပြီး အလျားလိုက်မျဉ်းဟာတော့ ထိုရှယ်ယာ အရောင်းအဝယ်ပြုခဲ့သည့် အချိန်နှင့် နေ့ရက်တွေ ပြသည့် ဝင်ရိုးမျဉ်းဖြစ်ပါတယ်။ ဒါကြောင့် Candlestick တစ်ခုတိုင်းဟာ ၅ မိနစ် သို့ ၁၀ မိနစ် သို့ တစ်နာရီ စသည့် အချိန်အပိုင်းအခြား တစ်ခုတွင်းရှိ စတော့ရှယ်ယာတစ်ခု၏ ဈေးနှုန်းများ ကို ညွှန်ပြနေပါတယ်။
Candlestick ပုံမှာပါတဲ့ ဈေးနှုန်းတွေကို ဘယ်လို ဖတ်ရသလဲ
--------------------
ပုံ ၂။ အခု ပုံ ၂ ကိုကြည့်လိုက်ပါ။ Candlestick Chart မှာပါတဲ့ ဖယောင်းတိုင်ပုံကို တွေ့ရပါမယ်။ Candlestick တစ်ခုတိုင်းမှာ စတော့ဈေးနှုန်းနှင့် ပတ်သက်လို့ ဈေးနှုန်းအကြောင်း ငါးမျိုး ပါဝင် ပါတယ်။ အခု ဖယောင်းတိုင်ပုံတွေကို တစ်နာရီ အချိန်အတွင်း ပေါ်ပေါက်ခဲ့သည့် ရလဒ်တွေလို့ မှတ်ယူပြီးဖြေကြာပေးပါမယ်။
High။ ပုံမှာ ဖော်ပြထားတဲ့ High ဆိုတဲ့ အရာဟာ အချိန်တစ်ခုအတွင်း အမြင့်ဆုံး အရောင်းအဝယ် ဖြစ်ခဲ့သည့် ဈေးနှုန်းတွေကို ဆိုလိုပါတယ်။ ၁၀နာရီ မှ ၁၁နာရီ မှာ အမြင့်ဆုံးဈေးနှုန်းက ၂၇၀၀ကျပ် ဖြစ်ပြီး ၁၁ မှ ၁၂နာရီမှာ High ဈေးက ၂၅၀၀ကျပ် ဖြစ်ပါတယ်။
Low။ Low ဆိုတဲ့ ဈေးနှုန်းတွေကတော့ အချိန်တစ်ခု အတွင်း အနိမ့်ဆုံး အရောင်း အဝယ်ဖြစ်ခဲ့တဲ့ ဈေးနှုန်းတွေ ဖြစ်ပါတယ်။ ၁၀နာရီမှ ၁၁နာရီမှာ အနိမ့်ဆုံးဈေးနှုန်းက ၂၁၀၀ကျပ်ဖြစ်ပြီး ၁၁ မှ ၁၂နာရီမှာ Low ဈေးနှုန်းက ၂၀၀၀ကျပ် ဖြစ်ပါတယ်။
Open။ Open ဆိုသည်မှာ အချိန်တစ်ခု စစခြင်း စတင် အရောင်းအဝယ်ဖြစ်ခဲ့သည့် စတော့၏ အဖွင့်ဈေးနှုန်းဖြစ်ပါတယ်။ ၁၀ နာရီမှ ၁၁နာရီ အတွင်း စတင် အရောင်းအဝယ်ဖြစ်ခဲ့သည့် အဖွင့်ဈေးနှုန်းမှာ ၂၃၀၀ ကျပ်ဖြစ်ပြီး ၁၁ မှ ၁၂နာရီမှာ အဖွင့်ဈေးက ၂၄၀၀ကျပ် ဖြစ်ပါတယ်။ ၁၁ မှ ၁၂နာရီအတွင်း Open ဈေးဟာ ၁၀ မှ ၁၂နာရီရှိ Open ဈေးလိုအောက်မှာ မဟုတ်ပဲ အပေါ်နေရာ ရောက်သွားတာကို တွေ့မှာပါ။ ဒါဟာ ၁၁ မှ ၁၂နာရီ ဈေးနှုန်းတွေဟာ အဖွင့်ဈေးက အပိတ်ဈေး Close ထက်များခဲ့၍ ဈေးနှုန်း အကျပြခဲ့လို့ပဲ ဖြစ်ပါတယ်။ ထို့ကြောင့် ဈေးနှုန်းအကျပြတဲ့ ဖယောင်းတိုင်မှာ အဖွင့်ဈေးက အပေါ်မှာ ရှိနေ တတ်ပြီး ဈေးနှုန်းအတက်ပြတဲ့ အချိန်မှာ အဖွင့်ဈေးကအောက်နေမှာ ရှိတတ်ခြင်း ကို မှတ်သားထားရပါမယ်။
Close။ အပိတ်ဈေး Close ဆိုတာ အချိန်တစ်ခု ကုန်ဆုံးချိန် နောက်ဆုံး အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ဈေးနှုန်း ဖြစ်ပါတယ်။ ၁၀ မှ ၁၁နာရီမှာ ပိတ်ခဲ့တဲ့ ဈေးနှုန်းဟာ ၂၅၀၀ကျပ်ဖြစ်ပြီး ၁၁ မှ ၁၂နာရီမှာ Close ဈေးနှုန်းက ၂၂၀၀ကျပ် ဖြစ်ပါတယ်။ Close အပိတ်ဈေးနှုန်းဟာလည်း အဖွင့်ဈေးနှုန်းလိုပဲ ဈေးနှုန်း အတက်အကျပေါ်မူတည်ပြီး တည်နေရာ ပြောင်းသွားမှာပါ။ ဈေးနှုန်းအတက်ပြတဲ့ ၁၀ မှ ၁၁ နာရီ Close ဈေးနှုန်းဟာ ဖယောင်းတိုင်ရဲ့ အပေါ်ဘက် မှာ ရှိပြီး ဈေးနှုန်းအကျပြတဲ့ ၁၁ မှ ၁၂နာရီ Close ဈေးနှုန်းဟာ အောက်နေရာမှာ ရှိပါတယ်။
အစိမ်းရောင်နှင့် အနီရောင်။ အချိန်တစ်ခု အတွင်းမှာ အပိတ်ဈေးက အဖွင့်ဈေးထက် ပိုများခဲ့လျှင် စတော့ဈေးနှုန်း အတက်ပြသည်ဟု ယူဆပြီး အစိမ်းရောင် ဖြင့် ဖယောင်းပုံကို ပြပါတယ်။ အချိန်တစ်ခု အတွင်းမှာ အပိတ်ဈေးက အဖွင့်ဈေးထက် ပိုနည်းခဲ့လျှင် စတော့ဈေးနှုန်း အကျပြသည်ဟု ယူဆပြီး အနီရောင် ဖယောင်းပုံ ကို ပြပါတယ်။ ထို့ကြောင့် ၁၀ မှ ၁၁နာရီ ပုံဟာ စိမ်းနေပြီး ၁၁ မှ ၁၂နာရီပုံဟာ နီနေပါတယ်။
ပုံ A နှင့် ပုံ B ။ ပုံ A မှာ ဖယောင်းပုံရဲ့ အလယ်တိုင် ပျောက်နေပြီး အတုံးလေးသာ ဖြစ်နေတာ တွေ့ရပါမယ်။ ဒါဟာ အဖွင့်ဈေးနှုန်း နှင့် အပိတ်ဈေးနှုန်း တူညီပြီး ဈေးအတက်အကျ မရှိတဲ့ Candlestick ပုံမျိုးဖြစ်ပါတယ်။ ပုံ B မှာ High ရဲ့ဈေးနှုန်းဟာ အပိတ်ဈေးနှင့် ကပ်နေတာ တွေ့ရပါမယ်။ ဒီလို ပုံမျိုးကို ကြည့်၍ စတော့ ဈေးနှုန်းက အမြင့်ဆုံးဈေးနား နီးကပ်စွာ ကပ်ပိတ်တယ်လို့ ပြောနိုင်ပါတယ်။
အခုဆိုရင် Candlestick Chart တွေကို ဖတ်ရှု နိုင်ပြီဖြစ်၍ ၄င်းတို့ကို အသုံးချပြီး နည်းစနစ်ပိုင်း သုံးသပ်နည်း တစ်ချို့ကို တင်ပြသွားပါမယ်။
Trend ခေါ်ဈေးနှုန်း ဦးတည်ရာလမ်းကြည့်နည်း
****************************
ပုံ ၃။ ပုံ ၃ မှာ ဝိုင်းထားသည့် နေရာကို ကြည့်လိုက်ပါ။ စတော့ဈေးနှုန်းများသည် အချိန် အနည်းငယ် အတွင်းဆက်တိုက် ကျဆင်းလာသည် ကို တွေ့ရပါမယ်။ ထိုကဲ့သို့ ဖယောင်းပုံများ၏ High ဈေးနှုန်းများနှင့် Low ဈေးနှုန်းများ နိမ့်ကာ နိမ့်ကာ ကျဆင်းလာသည့် ဦးတည်လာရာ လမ်းကြောင်းကို အကျဘက် ဦးတည်မှု Downward Trend ဟု ခေါ်ပါတယ်။ အဆိုပါ ပုံနှင့် ဆန့်ကျင်ဘက် အနေအထားတွင် ဖယောင်းပုံများ၏ High နှင့် Low ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက် လာပါက အတက်ဘက်ဦးတည်မှု Upward Trend ဟုခေါ်တယ်။
Trend တွေကို ဘယ်လိုအသုံးပြုသင့်သလဲ
-----------------------
Trend တွေသည် စတော့ဝယ်ရောင်းသူတွေ အကြား အချိန်တစ်ခု အတွင်း အစုရှယ်ယာကို ရောင်းထုတ်လိုလာခြင်း ဝယ်ယူလိုလာခြင်း ရေပန်းစားမှုတွေကို ဖော်ပြပါတယ်။ ကား အရောင်း အဝယ်ဈေးကွက် ထဲမှာလိုပင် မတ်တူးကားကို နေ့တစ်နေ့ အတွင်း ချက်ချင်း ဝယ်လိုသူတွေများ လာလို့ ထိုနေ့တွင် ဈေးတက်သွားသလို ဖြစ်ပါတယ်။ ဈေးအတက်ပြမယ့် Upward Trend အရိပ်အရောင်တွေ တွေ့လာလျှင် ၄င်းစတော့ကို ကြိုတင်ဝယ်ယူ ထားသင့်ပြီး ဈေးပြန်မကျမှီ ထုတ်ရောင်းသင့်ပါတယ်။ ဈေးအကျပြမယ့် Downward Trend အရိပ်အရောင်တွေ ပြလာပါက စတော့ကို ကြိုတင်ရောင်းချထားသင့်ပြီး ဈေးပြန်မတက်မှီမှာ ပြန်ဝယ်ယူသင့်ပါတယ်။
************************
ပုံ ၄။ စတော့ရှယ်ယာများ အချိန်ကာလ တစ်ခု အတွင်း အရောင်းအဝယ်ဖြစ်ခဲ့သည့် အရေအတွက်ဟာ Volume ဖြစ်ပါတယ်။ ပုံ ၄ မှာ ဝိုင်း၍ ပြထားသလို စတော့တစ်ခုရဲ့ အရောင်းအဝယ် အရေအတွက် ဂရပ်ကို စတော့ဈေးနှုန်းဂရပ် အောက်မှာ သပ်သပ် ပြထားလေ့ရှိပါတယ်။ စတော့အရောင်းအဝယ် Website တွေမှာ စတော့တစ်ခု၏ Volume ဂရပ်ကို အခုလိုဖော်ပြထားပါတယ်။ Volume ဟာ အရေးကြီးပါတယ်။ အကြောင်းမှာ အရောင်းအဝယ် အရေအတွက်များစွာ ဖြစ်ခဲ့တဲ့ စတော့ဈေးနှုန်းတွေ ဟာ ပိုခိုင်မာတဲ့ ဈေးနှုန်းအဖြစ် အတည်ပြုနိုင်၍ ဖြစ်ပါတယ်။ ထို့ကြောင့် Volume များစွာနဲ့ စတော့ဈေးနှုန်း အတက်ပြမှုဦးတည်ရာ Upward Trend တွေဟာ Volume အနည်းငယ်ပဲ အရောင်း အဝယ်ဖြစ်ကာ အတက်ပြခဲ့တဲ့ စတော့ဈေးနှုန်း အတက်ပြမှုတွေထက် ပိုမိုခိုင်မာသည်ဟု ယုံကြည်နိုင်ပါတယ်။ ဥပမာပေးရလျှင် အသစ်ဖွင့်သော စားသောက်ဆိုင်တစ်ခုမှာ လူအချို့ သုံးဆောင်နေတာကို တွေ့လျှင် ထိုလူတွေဟာ မြီးစမ်းသည့် သဘောနှင့် လာသုံးဆောင်သည်ဟု ကျွန်တော်တို့ဟာ ကောက်ချက်ချတတ်ပါတယ်။ ဒါမှ မဟုတ်ပဲ အသစ်ဖွင့်သော စားသောက်ဆိုင်တစ်ခု မှာ လူအများ အုတ်အော်သောင်းနင်း မှာယူ သုံးဆောင်နေပါက ထိုဆိုင်မှာ အစားအသောက် ကောင်းတစ်မျိုးမျိုး ရှိနေပြီလို့ ပြောနိုင်ပါတယ်။ ဤ ဥပမာအတိုင်း ရှယ်ယာ အရေအတွက်များစွာဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ စတော့ဈေးနှုန်းတွေဟာ ခိုင်မာထိုက်တန်သည့် ဈေးနှုန်းတန်ဖိုးတစ်ခု ဖြစ်ဖို့များပါတယ်။ ထို့ကြောင့် Volume ကို စတော့ဈေးနှုန်းတစ်ခု၏ အရှိန်အဟုန်ကို ဖော်ပြသည့် အရေအတွက်အဖြစ် မှတ်ယူရပါမယ်။
Volume ကို ဘယ်လိုအသုံးပြုသင့်သလဲ
-----------------------
စတော့ ဈေးနှုန်းအတက်အကျ မှန်သမျှကို ၄င်းတို့နှင့် ဆက်စပ်သည့် စတော့အရောင်းအဝယ် အရေအတွက်ကို ကြည့်၍ သုံးသပ်သင့်ပါတယ်။ ဥပမာပြရလျင် အတက်ဆက်တိုက်ပြခဲ့တဲ့ စတော့ ဈေးနှုန်းတစ်ခုဟာ အချိန်တစ်ခုမှာ ဈေးကျဆင်း သွားပါတယ်။ သို့သော် ကျဆင်းသွာတဲ့ ဈေးနှုန်းဖြင့် ရှယ်ယာ အရောင်းအဝယ်ဖြစ်သည့် အရေအတွက် Volume သည် အလွန်နည်းနေပါက ၄င်းကျဆင်းမှု ဟာ ခိုင်မာမှု မရှိတဲ့ ဈေးကျမှုပဲဖြစ်ပါတယ်။ ထို့ကြောင့် Volume အနည်းငယ်ဖြင့် စတော့ ဈေးကျဆင်းမှုဟာ မခိုင်မာ၍ စတော့ဈေး ပြန်တက်လာနိုင်သည့် အတွက် မိမိပိုင် စတော့တွေကို ချက်ချင်း ထုတ်မရောင်းသေးပဲ စောင့်ကြည့် အကဲခတ်နိုင်ပါသေးတယ်။ ထို့အပြင် အရောင်းအဝယ် အရေအတွက် နည်းသထက် နည်းနည်းလာခြင်း ဖြင့် အတက်ပြလာတဲ့ စတော့ဈေးနှုန်းတွေဟာ အတက်ပြမှု မကြာမှီ ပြီးဆုံးတော့မည့် အရိပ်အရောင်တွေဖြစ်ပြီး ဈေးမကျခင် ထုတ်ရောင်းဖို့ ပြောတဲ့ အချက်ပြမှု တွေပဲဖြစ်ပါတယ်။ ထို့အပြင် လက်ရှိအချိန်တွေမှာ ရှိနေတဲ့ Volume က အရင်က ပျှမ်းမျှ အရောင်းအဝယ်ဖြစ်မှု အရေအတွက်ထက် များနေပါက စတော့၏ အခြေခံဈေးနှုန်း ပြောင်းလဲသွားမှုကို အချက်ပြပါတယ်။
စတော့ ပျမ်းမျှဈေးနှုန်းမျဉ်း Moving Average
***********************
ပုံ ၅။ စတော့ရှယ်ယာတစ်ခု၏ ပျမ်းမျှဈေးနှုန်းမျဉ်း Moving Average ဆိုသည်မှာ အတိတ်ကာလရှိ စတော့ဈေးနှုန်းတွေရဲ့ ပျမ်းမျှဈေးနှုန်းများကို ချိတ်ဆက်ဆွဲသားထားသည့် မျဉ်းဖြစ်ပါတယ်။ ထို့ကြောင့် စတော့တစ်ခု၏ ပျမ်းမျှဈေးနှုန်းမျဉ်းဟာ အတိတ်ကာလမှ ဈေးနှုန်းအတက်အကျတွေကို ရှင်းလင်းစွာ အကျဉ်းချုံ့ဖော်ပြနိုင်ပါတယ်။ ပုံ ၅ မှာပြထားတဲ့အတိုင်း Moving Average ဟာ စတော့ဈေးနှုန်းများစွာကို အကျဉ်းချုံ့ကာ ဖော်ပြသည့် ပျမ်းမျှနှုန်းဖြစ်ပြီး စတော့ ဝယ်ရောင်းသူတွေအတွက် အလွယ်တကူ သုံးသပ်နိုင်ရန် ပျမ်းမျှအားဖြင့် အပြောင်းအလဲတွေ ဈေးအတက်ဘက် အကျဘက် ဦးတည်ရာ Trends တွေကို ရှင်းလင်းစွာဖော်ပြပေးပါတယ်။
ပျမ်းမျှဈေးနှုန်းမျဉ်းကို ဘယ်လိုအသုံးပြုသင့်သလဲ
-------------------------
စတော့တစ်ခု၏ ပျမ်းမျှဈေးနှုန်းမျဉ်းကို ကြည့်ခြင်းဖြင့် စတော့ဈေးနှုန်း၏ အကျဘက်ဦးတည်မှု Downward Trend အတက်ဘက်ဦးတည်မှု Upward Trend တွေကို ဖော်ထုတ်နိုင်ပါမယ်။ အချိန်ကာလတစ်ခု အတွင်းမှာ စတော့ဈေးနှုန်း Candlestick ဂရပ်ဟာ ပျမ်းမျှဈေးနှုန်းမျဉ်းကို အပေါ်ကနေ ချိုးဖောက် ဖြတ်သန်းခဲ့လျှင် စတော့ဈေးနှုန်းတွေဟာ အကျဘက်ကို ဦးတည်လာမှု Downward Trend ကို တွေ့ရပါမယ်။ Candlestick ဂရပ်ဟာ ပျမ်းမျှဈေးနှုန်းမျဉ်းကို အောက်ကနေ ချိုးဖောက်ဖြတ်သန်းခဲ့လျှင်တော့ ဈေးနှုန်း အတက်ဘက်ဦးတည်မှု Upward Trend တွေကို တွေ့ရပါမယ်။ ထို့အပြင် ပျမ်းမျှဈေးနှုန်းမျဉ်းကို အသုံးချပြီး Support နှင့် Resistance ဈေးနှုန်းမျဉ်းများကိုပါ ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။
ဈေးနှုန်းထောက်ပံ့မျဉ်း Support Line
**********************
ပုံ ၆။ ဈေးနှုန်းထောက်ပံ့မျဉ်း Support ဆိုတာ ဈေးနှုန်းနေရာပြမျဉ်း တစ်ခုပဲဖြစ်ပါတယ်။ စတော့ရှယ်ယာ တစ်ခုရဲ့ကျဆင်းနေတဲ့ ဈေးနှုန်းတွေဟာ ထိုမျဉ်းအနားရှိ ဈေးနှုန်းကို ရောက်လာရင် ဆက်မကျတော့ပဲ ပြန်လည် တက်လာတတ်ပါတယ်။ အကြောင်းမှာ အစုရှယ်ယာ တစ်ခု၏ ဈေးနှုန်းက ထောက်ပံ့မျဉ်းပေါ်ရှိ Support ဈေးနှုန်း အနီးသို့ ကျဆင်းလာချိန်တွင် စတော့ဝယ်ရောင်းသူများဟာ ၄င်းရှယ်ယာ၏ဈေး ပေါ်လွန်းနည်းလွန်းသည်ဟု ထင်ပြီး ပြန်လည် ဝယ်ယူမှုများကြောင့် ဈေးအတက် ပြန်လည် ပြလာနေလို့ပဲဖြစ်ပါတယ်။ ထို့အပြင် Support ဈေးနှုန်းသည် ရောင်းသူဝယ်သူများမှ ကိန်းပြည့် များဖြင့် ရောင်းဝယ်ရသည်ကို ပိုမိုနှစ်သက်၍ များသောအားဖြင့် ဒသမ ဂဏန်းမပါသော ကိန်းပြည့် ဈေးနှုန်းများ ဖြစ်နေတတ်ပါတယ်။ ဥပမာ ၅၉ကျပ်။ Support ဈေးနှုန်းကို စတော့ Candlestick ဂရပ်များတွင် သတ်မှတ်ဆွဲသား လိုပါက ကျနေသည့် ဈေးနှုန်း ပြန်တက်သွားသည့် အမှတ်များကို ဖြတ်၍ ရေးဆွဲရပါမယ်။ ပုံ ၆ တွင် အမေဇုန် အွန်လိုင်းကုမ္ပဏီ၏ စတော့ဈေးနှုန်းပြ ဂရပ်ကို ဖော်ပြထားပါတယ်။ ထိုဂရပ်တွင် ကျဆင်းလာသော စတော့ဈေးနှုန်းများဟာ ဒေါ်လာ ၅၉ ဈေးနှုန်း အရောက်တွင် သုံးကြိမ်တိုင်တိုင် ပြန်လည် အတက်ပြခဲ့၍ Support ဈေးနှုန်းမျဉ်းကို ၅၉ ဒေါ်လာ အပေါ်မှာဖြတ်သန်းရေးဆွဲရပါမယ်။ Support ဈေးနှုန်းဟာ အစုရှယ်ယာ၏ အခြေအနေ ပေါ်မူတည်၍ ပြောင်းလဲနိုင်ပါတယ်။
ဈေးနှုန်း ခုခံမျဉ်း Resistance Line
*****************************
ပုံ ၇။ ဈေးနှုန်းထောက်ပံ့မျဉ်း Support ၏ သဘောတရား နှင့် ပြောင်းပြန်ဖြစ်သော မျဉ်းမှာ ဈေးနှုန်းခုခံမျဉ်း Resistance ဖြစ်ပါတယ်။ Resistance မျဉ်းပေါ်ရှိ ဈေးနှုန်း အနီးသို့ အရောက်တွင် အစုရှယ်ယာတစ်ခု၏ အတက်ပြ နေသော ဈေးနှုန်းတွေဟာ ပြန်လာ ကျဆင်းလာ တတ်ပါတယ်။ ထိုသို့ဖြစ်ခြင်းမှာ စတော့ ဝယ်ရောင်းသူများဟာ အစုရှယ်ယာတစ်ခု၏ ဈေးနှုန်းက Resistance ဈေးနှုန်း အနီးသို့ အတက်ပြလာတိုင်း ၄င်းရှယ်ယာ၏နှုန်း ဈေးမြောက် လွန်းနေပြီဟု ထင်ပြီး ပြန်လည် ထုတ်ရောင်းမှုများ ကြောင့် စတော့ဈေးနှုန်းများ ဈေးအကျ ပြန်လည် ပြလာနေ၍ ဖြစ်ပါတယ်။ ပုံ ၇ မှာ Resistance မျဉ်း၏ ဥပမာကို တွေ့ရမှာ ဖြစ်ပါတယ်။
Support မျဉ်းနှင့် Resistance မျဉ်းအကြား ပုံစံ ပြောင်းပြန်ဖြစ်ခြင်း Role Reversal
*********************************
ပုံ ၈။ တစ်ချို့အချိန်တွေမှာ Support မျဉ်းကနေ Resistance မျဉ်းအဖြစ် ပြောင်းပြန်ဖြစ်သွားမှုမျိုး ရှိနိုင်ပါတယ်။ ဒီလို အခြေအနေကို Role Reversal လို့ ခေါ်ပါတယ်။ စတော့ဈေးကွက်အတွင်း Support မျဉ်းသို့ ကျဆင်းလာတဲ့ စတော့ဈေးနှုန်း ဟာ Support ဈေးနှုန်းအောက် ထပ်မံ ကျဆင်းသွားလျှင် ၄င်း Support မျဉ်းဟာ Resistance မျဉ်းဖြစ်သွားတတ်ပါတယ်။ ဒီလို အခြေအနေတွေဟာ စတော့ရှယ်ယာတစ်ခုကို ရောင်းလိုသူတွေ များလွန်းနေတဲ့ အချိန်တွေမှာ ဖြစ်ပေါ်တတ်ပြီး ထိုများပြားတဲ့ ရောင်းလိုသူတွေ ကြောင့် စတော့ဈေးနှုန်းဟာ Support မျဉ်း အောက်အတွန်းချခံသွား ရတတ်ပါတယ်။ ရောင်းလိုအားများလာ၍ စတော့ဈေးကွက်ဟာ အများစုဆုံးဖြတ်ချက်ကို လုပ်ဆောင်ရပါ တော့တယ်။ အလားတူပဲ Resistance မျဉ်းကနေ Support မျဉ်း အဖြစ်ပြောင်းလဲသွားပြီး စတော့ဈေးနှုန်းဟာ Resistance မျဉ်းကို အပေါ် ကျော်လွှားထိုးတက်သည့် အခြေအနေတွေလည်း ရှိနိုင်ပါတယ်။ Role Reversal သဘောတရားကို ပုံ ၈ ကို ကြည့်ရှုလျှင် ပိုမိုလွယ်ကူစွာ နားလည် သဘောပေါက်နိုင်ပါတယ်။
Support နှင့် Resistance ဈေးနှုန်းတွေကို ဘယ်လို အသုံးပြုသင့်သလဲ။
------------------------
ပုံ ၆နှင့် ပုံ ၇။ Support မျဉ်းနှင့် Resistance မျဉ်းတွေကို သတ်မှတ်နိုင်ခဲ့ပါက စတော့ရှယ်ယာ တစ်ခုကို ဘယ်အချိန်မှာ ဝယ်ယူသင့်သလဲ ထုတ်ရောင်းသင့်သလဲ ဆုံးဖြတ်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ထို့ကြောင့် Support နှင့် Resistance မျဉ်းတွေကို မိမိလိုအပ်သလို အခြေအနေမျိုးစုံမှာ အသုံးချနိုင်ပါတယ်။ Support မျဉ်းတစ်ခုအနီးကို ရောက်လာတိုင်း စတော့ဈေးနှုန်းက အကြိမ်များစွာ ပြန်အတက်ပြခဲ့ လျှင် အားကောင်းသည့် Support မျဉ်းလို့ ယူဆနိုင်ပြီး Support မျဉ်းအနီးရှိဈေးနှုန်းမှာ အဆိုပါ စတော့ကို ဝယ်ယူဖို့ ကြိုတင်အော်ဒါ Bid Order ပွဲစားကုမ္ပဏီကို မှာထားနိုင်ပါတယ်။ ဒီလိုဝယ်ယူနိုင်ခဲ့ပြီး စတော့ဈေးနှုန်းဟာ Support ဈေးနှုန်းအနား ရောက်အပြီး ပြန်တက်လာပါက ဈေးအချိုဆုံးနှုန်းထားဖြင့် စတော့ကို ဝယ်ယူလိုက် နိုင်မည်ဖြစ်ပြီး စတော့ဈေးအတက်ပြသည့် အကျိုးကို ခံစားနိုင်ပါတယ်။ ဒါ့အပြင် Support မျဉ်းကို အရှုံးမများအောင်လည်း ကိုးကား အသုံးပြုလို့ ရပါတယ်။ ပုံ ၆ မှာ ၅၉ ဒေါ်လာမှာ ရှိသည့် Support မျဉ်းရှိပါတယ်။ အကယ်၍ စတော့ဈေးနှုန်းဟာ Support ဈေးနှုန်း မှာ အတက်ပြန်လည် မပြပဲ ထိုးကျသွားခဲ့ရင် အရှုံမများစေဖို့ စတော့ကြိုတင် ရောင်းချရန် အမိန့်ပေးသည့် အော်ဒါဖြစ်တဲ့ Stop Order ကို ၅၈ သို့ ၅၉ဒေါ်လာမှာ ထုတ်ရောင်းရန် ပွဲစားကုမ္ပဏီကို အမိန့်ပေးထားနိုင်ပါတယ်။ အလားတူ ထိုသဘောတရားတွေရဲ့ ပြောင်းပြန်အတိုင်း Resistance မျဉ်း အနား စတော့ဈေးနှုန်း ရောက်လာလျှင် စတော့ကို ထုတ်ရောင်းဖို့ အချက်ပြခြင်းပဲ ဖြစ်ပါတယ်။ အကြောင်းမှာ Resistance ဈေးနှုန်း ရောက်အပြီးတွင် စတော့ဈေးနှုန်းများ ပြန်ကျလာတတ်၍ ဈေးကောင်းနေတုန်း ထုတ်ရောင်းရန် အမိန့်အော်ဒါကို ပေးထား သင့်ခြင်းပါပဲ။ အကယ်၍ Resistance ဈေးနှုန်းကို စတော့ဈေးနှုန်းက ဖြတ်ကျော်ပြီး တောက်လျှောက် အတက်ပြသည့် အခါမျိုးတွင်လည်း ဈေးအတက်ကို မလွတ်စေဖို့ ကြိုဝယ်အော်ဒါ Bid Order ကို ပွဲစားကုမ္ပဏီထံ မှာထားနိုင်ပါတယ်။ ဥပမာအားဖြင့် ပုံ ၇ အရ Resistance ဈေးနှုန်းကို ကျော်ပြီး စတော့ဈေးနှုန်း တက်သွားချိန်တွင် အကျိုးခံစားနိုင်ရန် Bid Order ကို ၃၉ ဒသမ၅ သို့ ၄၀ ဒေါ်လာခန့်မှာ ဝယ်ဖို့ ကြိုမှာထားလို့ရပါတယ်။
Support၊ Resistance နှင့် Role Reversal သဘောတရားတွေကို တသမတ်ထဲ မရှိပဲ အခြေအနေမျိုးစုံတွင် မိမိ လိုအပ်သလို အသုံးချနိုင်ပါတယ်။ ထို့ကြောင့် အသုံးပြုနည်း တစ်ချို့ကို ဥပမာအနေဖြင့် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။
စတော့ရှယ်ယာ အရောင်းအဝယ်ပြုလုပ်တော့မယ် ဆိုရင် စတော့ဈေးနှုန်းဂရပ်တွေကို စတော့ပွဲစား၊ အရောင်းအဝယ်သမားနှင့် ရင်းနှီးမြှုပ်နှံသူများဟာ နည်းစနစ်ပိုင်း သုံးသပ်မှုပြုလုပ်ကြပါတယ်။ ဒီလို သုံးသပ်ရာတွင် တစ်ချို့ဈေးနှုန်းဂရပ် ပုံသဏ္ဌာန် တွေကို မကြာခဏတွေ့ရတတ်၍ နည်းစနစ်ပိုင်း သုံးသပ်သူများဟာ ၄င်းတို့ကို နာမည်များ ပေးထား တတ်ပါတယ်။ ရှယ်ယာရောင်းဝယ်သူတွေဟာ ဒီပုံသဏ္ဌာန်တွေကို အတိတ်ကာလမှ စတော့ ဈေးနှုန်းများနှင့် နှိုင်းယှဉ်အသုံးချပြီး ဖြစ်နိုင်ချေ ရှိတဲ့ စတော့ဈေးနှုန်းတွေကို ခန့်မှန်း ရောင်းဝယ်လေ့ ရှိပါတယ်။ ပုံမှန်တွေ့ရဖန်များသည့် ပုံသဏ္ဌာန်တွေမှာ Head and Shoulder သဏ္ဌာန်၊ Multiple Tops သို့မဟုတ် Bottoms သဏ္ဌာန်နှင့် တြိဂံပုံသဏ္ဌာန်တွေပဲ ဖြစ်ပါတယ်။ အခုတင်ဆက်မှု မှာ ၄င်း သဏ္ဌာန်များအကြောင်း အကျဉ်းချုံ့ ရှင်းပြသွားပါမယ်။
Head and Shoulder ထိပ်ဦးနှင့် ပခုံးသဏ္ဌာန်
******************************
ပုံ ၉။ ပုံ ၉ တွင် တွေ့ရသလို Head and Shoulder သဏ္ဌာန်ဆိုသည်မှာ စတော့ဈေးနှုန်းများ အတက်အကျဖြစ်ထားသော ဈေးနှုန်းဂရပ် ပုံသဏ္ဌာန်ဖြစ်ပါတယ်။ ပုံ ၉ တွင် စတော့ ဈေးနှုန်းများသည် ဈေးအမြင့်ဆုံးအနေအထားသို့ သုံးခါမျှရောက်ခဲ့ပြီး အလယ်ထိပ်ဖူးရှိ ဈေးနှုန်းသည် အမြင့်ဆုံးဖြစ်နေခဲ့၍ ဘေးပခုံးနှစ်ဘက်ထိပ်ရှိ ဈေးနှုန်များသည် တူညီလုနီးပါးစီ ရှိနေပါတယ်။ ပထမ Shoulder ပခုံးထိပ်မှ ကျဆင်းလာသော ဈေးနှုန်းများသည် Neckline ဆိုသော မျဉ်းအနီး အရောက်တွင် ပြန်တက်သွားသည်ကိုလည်း တွေ့ရပါမယ်။ ထိုကဲ့သို့ ပုံသဏ္ဌာန်မျိုးဟာ ဈေးနှုန်းတွေဟာ နောက်တစ်ခါ ပြန်တက်မလာ တော့ပဲ ထိုး၍ ကျဆင်းတော့မဲ့ အရိပ်အရောင် တွေပဲဖြစ်ပါတယ်။ ပုံ ၉တွင် တွေ့ရသည့် အတိုင်း ဒုတိယ Shoulder ပခုံးထိပ်မှ ကျဆင်းလာသော စတော့ဈေးနှုန်းဟာ Neckline ဈေးနှုန်း အရောက်မှာ ပြန်တက်မလာတော့ပဲ ဆက်လက်၍ ကျဆင်းသွားတာကို တွေ့နိုင်ပါမယ်။
Multiple Tops/ Bottoms ထိပ်ဖူးအဆင့်ဆင့် နှင့် အောက်ခြေအဆင့်ဆင့် သဏ္ဌာန်များ
**********************************
ပုံ ၁၀။ စတော့ဈေးနှုန်းဂရပ်တွေမှာ ရှယ်ယာ ဈေးနှုန်းတွေဟာ တူညီလုနီးပါးရှိသည့် အမြင့်ဆုံးဈေးနှုန်းတွေကို မကြာခဏ ရောက်ရှိပြီး ပြန်ကျလာတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီလို သဏ္ဌာန်တွေကို ထိပ်ဖူး အဆင့်ဆင့် သဏ္ဌာန် Multiple Tops လို့ခေါ်ပါတယ်။ ထို့အတူ တူညီလုနီးပါးရှိသည့် အနိမ့်ဆုံးဈေးနှုန်းတွေကို မကြာခဏရောက်ရှိပြီးမှ ဈေးပြန်တက်လာတတ်တဲ့ ပုံသဏ္ဌာန်တွေကို အောက်ခြေအဆင့်ဆင့် သဏ္ဌာန် Multiple Bottoms လို့ခေါ်ပါတယ်။ ပုံ ၁၀ မှာ ဥပမာပြထားတာ ထိပ်ဖူးနှစ်ခု သဏ္ဌာန် Double Tops ဖြစ်ပြီး အဆိုပါ ပုံသဏ္ဌာန်တွေဟာ ဈေးအတက်ဘက် ကနေ အကျဘက်သို့ ပြောင်းသွားနိုင်တဲ့ အရိပ်အရောင်များ ပြနေ တတ်ပါတယ်။ ထိုသို့ဖြစ်ခြင်းမှာ အကြိမ်ကြိမ် ကြိုးစားရောင်းဝယ်ခဲ့သည့် စတော့ဝယ်ရောင်းသူ များဟာ စတော့၏ ဈေးနှုန်းဟာ ထိပ်ဖူးရှိ နှုန်းထား ရောက်လာတိုင်း ဈေးအမြင့်ဖြင့် အရောင်းအဝယ် မဖြစ်တော့၍ ၄င်းစတော့ကို ထပ်မံ ရောင်းဝယ် လိုခြင်းမရှိတော့ပဲ ထုတ်ရောင်းမှုများလာ၍ဖြစ်ပါတယ်။ ထိုအခါ စတော့ဈေးနှုန်းဟာ ထိပ်ဖူးသို့ ပြန်အတက် ပြခင်းမရှိတော့ပဲ ဆက်လက်ကျဆင်းသွားခြင်း ဖြစ်ပါတယ်။ ပုံ ၁၀ မှာ ထိုသဘောတရားကို ဥပမာအဖြစ် တွေ့မြင်နိုင်ပါမယ်။ Double Tops ကဲ့သို့ အောက်ခြေနှစ်ခု Double Bottoms များ လည်း စတော့ဈေးနှုန်းဂရပ်မှာဖြစ်ပေါ်နိုင်ပါတယ်။ Bottoms တွေဟာ သဘောတရားအားဖြင့် Tops တွေနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ Tops နှင့် Bottoms တွေဟာ နှစ်ခုသာမက သုံးခု Triple Tops/ Bottoms တွေအနေနဲ့လည်း တည်ရှိနေနိုင်ပါတယ်။
တြိဂံပုံသဏ္ဌာန်များ Triangles
*****************
စတော့ဈေးနှုန်းဂရပ်တွင် တွေ့ရလေ့ရှိသည့် ဈေးနှုန်းတြိဂံပုံသဏ္ဌာန် သုံးမျိုးမှာ ခေါက်ချိုးညီ တြိဂံသဏ္ဌာန် Symmetrical Triangles အတက်ပြတြိဂံသဏ္ဌာန် Ascending Triangles နှင့် အကျပြတြိဂံသဏ္ဌာန် Descending Triangles တို့ဖြစ်ပါတယ်။
ခေါက်ချိုးညီ တြိဂံသဏ္ဌာန် Symmetrical Triangles
-----------------------
ပုံ ၁၁၊ က။ ပုံ ၁၁ရှိ ပုံ က ကို ကြည့်လိုက်ပါ။ ခေါက်ချိုးညီတြိဂံ သဏ္ဌာန်အတွင်း စတော့ ဈေးနှုန်းများ အတက်အကျ ဖြစ်နေသည်ကို တွေ့ရပါမယ်။ တြိဂံကို ဖြစ်ပေါ်စေသော မျဉ်းတွေကို Trend မျဉ်းလို့ခေါ်ပါတယ်။ အပေါ်ဘက် Upper Trend မျဉ်းဟာ စတော့၏ ထိပ်ပိုင်းတွင် အရောင်းအဝယ်ဖြစ်နေသည့် အမြင့်ဈေးနှုန်းတို့ ကျဆင်းလာမှုကို ယေဘူယျ ဖော်ပြပါတယ်။ အောက်ဘက် Lower Trend မျဉ်းဟာ အောက်ပိုင်းတွင် အရောင်းအဝယ်ဖြစ် နေသည့် အနိမ့်ဈေးနှုန်းများ မြင့်တက်လာခြင်းကို ပြပါတယ်။ ခေါက်ချိုးညီ တြိဂံသဏ္ဌာန်ဟာ ဈေးကွက်ထဲမှာ စတော့ရောင်းသူနှင့်ဝယ်သူအကြား အမြင့်ဈေး နှင့် အနိမ့်ဈေး မည်သည့် ဈေးနှုန်းကို ပေးရမည် မသေချာပဲ အငြင်းပွားနေ၍ ဖြစ်ပေါ်လာ တတ်ပါတယ်။ ထို့ကြောင့် တစ်ချိန်ချိန်မှာ စတော့ ဈေးနှုန်းဟာ Trend မျဉ်းကို ချိုးဖောက်ပြီး အကျဘက် သို့မဟုတ် အတက်ဘက် ဈေးနှုန်းတွေ ဖြင့် အရောင်းအဝယ် ပြုသွားပါလိမ့်မယ်။ ပုံ က မှာ စတော့ဈေးနှုန်းဟာ အတက်ဘက်သို့ ချိုးဖောက် ဦးတည်သွားပြီဖြစ်၍ ထို စတော့ကို ဝယ်ယူသင့်ပြီဖြစ်ကြောင်း အချက်ပြပုံ ဥပမာကို တွေ့ရပါမယ်။
အတက်ပြတြိဂံသဏ္ဌာန် Ascending Triangles
--------------------
ပုံ ၁၁၊ ခ။ စတော့၏ အမြင့်ပိုင်းတွင် အရောင်းအဝယ်ဖြစ်နေသည့် ဈေးနှုန်းတို့ ပြောင်းလဲနှုန်း မရှိသလောက်ဖြစ်နေလျှင် Upper Trend မျဉ်းသည် တစ်ဖြောင့်တည်း ရှိနေတတ် ပါတယ်။ ထို Upper Trend မျဉ်းနှင့် အောက်ပိုင်းတွင် အရောင်းအဝယ်ဖြစ်နေသည့် အနိမ့်ဈေးနှုန်းများ မြင့်တက်လာမှုကို ပြသည့် Lower Trend မျဉ်းတို့ စုဆုံမှုကြောင့် အတက်ပြတြိဂံ သဏ္ဌာန် ဖြစ်ပေါ်လာပါတယ်။ အတက်ပြတြိဂံသည် အချိန်တစ်ခုခုတွင် စတော့ ဈေးနှုန်းများသည် Upper Trend မျဉ်းကို ချိုးဖောက်ပြီး ဈေးနှုန်း တက်တောက်လျောက် အတက်ပြသွားမည်ဖြစ်၍ စတော့ရှယ်ယာများကို ဝယ်ယူသင့်နေပြီဖြစ်ကြောင်း အချက်ပြခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ထိုသဘောကို ပုံ ခ တွင် ကြည့်ရှုနိုင်ပါတယ်။
အကျပြတြိဂံသဏ္ဌာန် Descending Triangle
------------------
ပုံ ၁၁၊ ဂ။ စတော့တစ်ခု၏ အနိမ့်ဈေးတွင် ရောင်းဝယ်မှုများ နှုန်းထား ပြောင်းလဲမှု မရှိလျှင် Lower Trend မျဉ်းသည် တစ်ဖြောင့်တည်း ရှိနေပါမယ်။ ထို Lower Trend မျဉ်းနှင့် စတော့၏ အမြင့်ဈေးများ ကျဆင်းလာမှုကို ပြသည့် Upper Trend မျဥ်းတို့ တွေဆုံရာမှ အကျပြတြိဂံသဏ္ဌာန် ဖြစ်ပေါ်လာပါတယ်။ အကျပြတြိဂံပုံစံ စတော့ ဈေးနှုန်းဂရပ်တွင် ဖြစ်ပေါ်လာပါက စတော့ဈေးနှုန်း များသည် တစ်ချိန်ချိန်တွင် Lower Trend အောက် တောက်လျောက် ကျဆင်းကာ အရောင်းအဝယ် ဖြစ်မည်ဖြစ်၍ စတော့ရှယ်ယာများကို ဈေးမကျခင် ထုတ်ရောင်းသင့်နေပြီ ဖြစ်ကြောင်း အချက်ပြခြင်း ပဲဖြစ်ပါတယ်။ ထိုသဘောကို ပုံ ဂ တွင် ကြည့်ရှုဆင်ခြင်နိုင်ပါမယ်။
အချုပ်ဆိုရလျှင် ယခု အစီအစဉ် ၆တွင် တင်ပြခဲ့သည့် သုံးသပ်နည်းများသည် နည်းစနစ်ပိုင်း သုံးသပ်မှုတွင် အသုံးချမှုများသည့် နည်းနာများကို အကျဉ်းချုံ့တင်ဆက်ထားခြင်း ဖြစ်ပါတယ်။
ဖတ်ရှုသူများအနေဖြစ် သတိပြုမိ နိုင်သည်မှာ ထိုနည်းနာများသည် အသုံးချရန် ခက်ခဲနေနိုင်ပြီး တစ်ခါတစ်ရံ မရေရာသော အချက်ပြမှုများလည်း ဖြစ်နေတတ်ပါတယ်။ ကျွမ်းကျင်သော နည်းစနစ်ပိုင်း သုံးသပ်သူများဟာ အခုဖော်ပြပါ နည်းလမ်းများနှင့် သူတို့၏ အတွေ့အကြုံတို့ကို ပေါင်းစပ်ပြီးမှ ဈေးနှုန်း ခန့်မှန်း ရောင်းဝယ်မှုများကို ပြုလုပ်ပါတယ်။ ထို့ကြောင့် မိမိကိုယ်တိုင် စတော့ရောင်းဝယ်မှု မပြုခင် ကြိမ်ဖန်များစွာ လေ့လာထားသင့်ပါတယ်။ ထိုမှသာ ဆုံးရှုံးမှုများကို ရှောင်လွဲနိုင်မှာဖြစ်ပါတယ်။ အခြား နည်းစနစ်ပိုင်း သုံးသပ်နည်းများကိုလည်း အခွင့်သင့်ရင် တင်ဆက်ပေးသွားပါမယ်။









