ကမ္ဘာ့ဘီလျံနာများဖြစ်ကြတဲ့ ဝါရင်ဘူဖတ်၊ စတိဗ် ဂျော့နှင့် ဘီလ်ဂိတ်တို့
အားလုံးဟာ သူတို့၏ လျှမ်းလျှမ်းတောက် အောင်မြင်မှုများအတွက် ပဓာနကျတဲ့
အရာတစ်ခုကိုသာ တူညီစွာ ရည်ညွှန်း ကြပါတယ်။ တကယ်တော့ သူတို့ ရည်ညွှန်းတဲ့
အရာဟာ အလေ့အထတစ်ခုဖြစ်ပြီး သာမန်လူတွေ ထက် သောက်သောက်လဲ
ပိုမိုအောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ ရှိနေတတ်ပါတယ်။ ထိုအလေ့အထ ဟာ
ဘာလဲ၊ ထိုအလေ့အထကို မိမိဘဝမှာ တွေ့ကြုံလာမည့် စီးပွားရေးလုပ်ခြင်းနှင့်
ရင်းနှီးမြှုပ်နှံခြင်းကိစ္စရပ်တွေမှာ ဘယ်လိုလက်တွေ့ အသုံးချသွားရမှာလဲ
ဆိုတာတွေကို သိရှိနိုင်ရန် ဖော်ပြလိုက်ပါတယ်။
အောင်မြင်မှုအတွက် အဓိကအကျဆုံးသော့ချက်
------------------------
၁၉၉၁ခုနှစ်မှာ ဘီလ်ဂိတ်ရဲ့အဖေဟာ အခုအချိန်မှာ ပ နှင့် ဒု
အချမ်းသာဆုံးသူဋ္ဌေးကြီးတွေဖြစ်လာမယ့် ဘီလ်ဂိတ်နှင့် ဝါရင်ဘူဖတ်ကို သူတို့၏
အောင်မြင်မှုအတွက် အဓိကအကျဆုံး အရာဟာ ဘာလဲလို့ မေးမြန်းခဲ့ပါတယ်။
နှစ်ယောက်စလုံးက တစ်ညီထဲဖြေကြားခဲ့သည်ကတော့ အာရုံစူးစိုက်မှု Focus
ပဲဖြစ်ပါတယ်။
ဘီလ်ဂိတ်ရဲ့ အာရုံစူးစိုက်မှုကို Walter Issac ရေးတဲ့ The Innovators စာအုပ်မှာ ဒီလို ဖော်ပြထားပါတယ်။
မိုက်ကရိုဆော့ဖ်ကိုတည်ထောင်ခဲ့တဲ့ ဘီလ်ဂိတ်နဲ့
ပေါ်လ်အဲလ်လန်တို့နှစ်ဦးကြားက ကွာခြားကို ပြရင်တော့
အာရုံစူးစိုက်မှုပဲဖြစ်တယ်။ အဲလ်လန်ရဲ့ စိတ်ဟာ အိုင်ဒီယာပေါင်းများစွာ
စွဲလမ်းမှုပေါင်း များစွာ ထဲမှာ ဟိုရောက်လိုက် ဒီရောက်လိုက် ဖြစ်နေတတ်တယ်။
ဒါပေမဲ့ ဘီလ်ဂိတ်ကတော့ တစ်ခုထဲကိုပဲ တစ်စိုက်မတ်မတ် အစွဲအလမ်းတကြီး
ပြုလုပ်သူဖြစ်တယ်။
ဘီလ်ဂိတ်ရဲ့ သူငယ်ချင်း စီးပွားဖက်ကြီး အဲလ်လန် ကလည်း ဒီလိုပြောပြခဲ့ပါတယ်။
ကျွန်တော်က မြင်မြင်သမျှကို သိချင် စူးစမ်းချင်နေတဲ့ အချိန်မှာ
ဘီလ်ဂိတ်ကတော့ အလုပ်တစ်ခုကို တစ်ချိန်ချင်းစီ အေးဆေး တည်ငြိမ်စွာ
စူးစိုက်လုပ်ဆောင်ပါတယ်။ သူ ပရိုဂရမ်ရေးရင်ပဲ ကြည့်လေ။ ဘီလ်ဂိတ်က မှင်တံ
marker လေးကို ပါးစပ်မှာကိုက်၊ ခြေထောက်ကလေး လှုပ်ကာလှုပ်ကာနဲ့ တခြား
ဘာအနှောင့်အယှက်ကိုမှ အာရုံမရပဲ မှင်သက်ပြီး ဈာန်ဝင်စားလုပ်ဆောင်ပါတယ်။
ပေါလ်အဲလန်ကထိုသို့ပြောဆိုပြီး ကမ္ဘာ့နံပါတ်တစ် အချမ်းသာဆုံးဖြစ်သွားတဲ့ သူငယ်ချင်း ဘီလ်ဂိတ်ရဲ့ အရည်အချင်းကို ရည်ညွှန်းပါတယ်။
ဘီလ်ဂိတ်ရဲ့စီးပွားပြိုင်ဘက်ကြီး စတိဗ်ဂျော့ကလည်း အလားတူ
အရည်အချင်းရှိပါတယ်။ စတိဗ်ဂျော့ဟာ ပြဿနာတိုင်း၏
အကောင်းဆုံးအဖြေကိုရှာဖွေတိုင်း လက်ဖျားခါလောက်အောင် အာရုံစူးစိုက်လေ့
ရှိပါတယ်။ စတိဗ်ဂျော့တည်ထောင်ခဲ့တဲ့ Apple ကုမ္ပဏီ၏ အဓိက Marketing
ဒဿနသုံးခုထဲမှာ အာရုံစူးစိုက်မှု Focus ဟာ ဒုတိယအချက် အဖြစ် ဖော်ပြထားတဲ့
သဘောတရားဖြစ်ပြီး အောက်ပါ ဆောင်ပုဒ်ကိုကြည့်လျှင် ထင်ရှားစွာတွေ့မြင်
နိုင်ပါမယ်။
ကျွန်တော်တို့လုပ်ဆောင်မယ်လို့ ဆုံးဖြတ်ထားတဲ့
ကိစ္စတွေကို အကောင်းဆုံးဆောင်ရွက်နိုင်ရန် အရေးမကြီးတဲ့ အခွင့်အရေးတွေကို
လစ်လျူရှု ရပါမယ်။
In order to do a good job of those things we decide to do, we must eliminate all of unimportant opportunities.
အခွင့်အရေးဆိုတာ နှစ်ခါမရရိုးမှန်ပေမဲ့ အခွင့် အရေးတိုင်းကို
လက်စုပ်လက်ကိုင်ရယူရန် မလိုပဲ အရေးမကြီးတဲ့ အခွင့်အရေးတွေကို ပစ်ပယ်ပြီး
အဓိကကျတာတွေကိုသာ အာရုံစူးစိုက်လုပ်ဆောင် သင့်ကြောင်းပြောပြထားခြင်း
ဖြစ်ပါတယ်။
အာရုံစူးစိုက်မှု Focus ဟာ ဝါရင်ဘူဖတ်အတွက် လည်း
အဓိကသော့ချက်ဖြစ်ပါတယ်။ ဘူဖတ်ဟာ စီးပွားရေးကိုသာ
အာရုံစူးစိုက်လုပ်ဆောင်လို၍ အနုပညာ၊ စာပေ၊ သိပ္ပံပညာ၊ ခရီးသွားခြင်းနှင့်
ဗိသုကာစတဲ့ နယ်ပယ်တွေမှာ အာရုံမများဖို့ စိတ်ပိုင်းဖြတ်ခဲ့ဖူးပါတယ်။
ဘာကြောင့် အာရုံစူးစိုက်မှုဟာ အရေးအရမ်းကြီး ပါသလဲ။
အကြောင်းမှာ စီးပွားရေးတွင်သော်လည်းကောင်း
ရင်းနှီးမြှုပ်နှံရာတွင်သော်လည်းကောင်း ဘဝတွင် သော်လည်းကောင်း
ကျွန်တော်တို့အားလုံးဟာ သာမန်ရလဒ်တွေထက် ပိုကောင်းတဲ့ အောင်မြင်မှု
တွေရလိုလျှင် ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်တွေ အပေါ် အတိုင်းထက်အလွန်
အာရုံစူးစိုက်ရန်လိုအပ်၍ပဲဖြစ်ပါတယ်။
သာမန်အညတရမှ ကွဲပြားထွက်ခြင်း
---------------------------
သာမန်၊ ပုံမှန် စတဲ့ နာမဝိသေသနတွေမှ ခွဲထွက်ပြီး အောင်မြင်မှုကို ရယူရန်
ကျွန်တော်တို့ ဟာ တစ်ခုခုမှာ အားလုံးထက် ပိုကောင်းအောင်
ကြိုးစားဆောင်ရွက်ရပါမယ်။ ဘာကိုပိုကောင်းရမည် ကို
အတိအကျသတ်မှတ်ထားခြင်းတော့မရှိပါ။ McDonald's ဟာ ဈေးနှုန်းချိုသာခြင်း
နှင့် အလွယ် တကူ ကားဖြင့် ဝင်ရောက်၍ ပါဆယ်ဆွဲသွားနိုင်ခြင်းတို့တွင်
ပိုကောင်းအောင် အာရုံစူးစိုက်ပါတယ်။ ချပါတီထမင်းလိပ် Burrito ရောင်းသည့်
ကုမ္ပဏီ Chipotle ကတော့ ထမင်းလိပ်များစွာကို မြန်ဆန်စွာ ရရှိစေရန်
ဝန်ဆောင်မှုအပေါ်မှာ အာရုံစူးစိုက်ပါတယ်။ အားသာချက်ခြင်းမတူညီသော်လည်း
ထိုကုမ္ပဏီ နှစ်ခုစလုံးဟာ တစ်ခုထဲတွင်သာ စူးစိုက်လုပ်ဆောင် ၍
လျှမ်းလျှမ်းတောက်အောင်မြင်နေပါတယ်။
လက်တွေ့တွင်လည်း
ကုမ္ပဏီများနှင့် လူအများကို ကျရှုံးခန်း၏ နိဒါန်းသို့
အရောက်ပို့ဆောင်ပေးသည့် အချိန်မှာတော့ တစ်ခုထဲကို စူးစိုက်မလုပ်ဆောင်ပဲ
အခြားအရာများကိုပါ လုပ်ဆောင်ရန်ကြိုးပမ်းလိုက် သော အခါတွင်ပဲဖြစ်ပါတယ်။
ထိုအခါတွင် မိမိတို့၏ ပဓာနအကျဆုံးရည်မှန်းချက်များပါ စူးစိုက်မှု အားနည်းလာ၍
သာမန်အညတရအဆင့်သို့ လျောကျသွားနိုင်ပါတယ်။ ဒီအချိန်မှာ အောင်မြင်မှု
အတော်အတန် ရရှိပြီးသူတွေက ပိုမို သတိထားပြီး ရည်မှန်းချက်အစစ်အမှန်ကိုသာ
အာရုံစိုက်သင့် ပါတယ်။
McDonald ကိုပဲကြည့်ပါ။ Hamburger ကောင်းလို့
နာမည်ကျော်ခဲ့တဲ့ ကုမ္ပဏီဟာ အခြားဖောက်သည် များကိုပါ ဆွဲဆောင်ဖို့
၎င်းဆိုင်တွေရဲ့ Menu မှာ ရရှိနိုင်တဲ့ အစားအသောက်များကို အမျိုးအစား
တိုးမြှင့်ထည့်သွင်းခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ မှာစရာများလွန်းတဲ့ Menu
ကိုကြည့်ပြီး Customer တွေက ဘာသုံးဆောင်ရမလဲ တွေဝေစဉ်းစား ရတော့သလို
အစားအစာအမျိုးအစားများလွန်း၍ ပြင်ဆင်ရန် အချိန်ကြာမြင့်လာပြီး
စောင့်ဆိုင်းရချိန် တွေများလာပါတယ်။ အရေးမပါသည့် အရာများတွင် ထွေပြားမိ၍
နဂိုအားသာချက်များကိုပါ မစူးစိုက် နိုင်တော့ပဲ ဝန်ဆောင်မှုကျဆင်းလာတတ်ပါတယ်။
Apple ကုမ္ပဏီဆိုရင်လည်း စတိဗ်ဂျော့ ပြန်မလာခင်က
ကုန်ပစ္စည်းအမျိုးအစားပေါင်း ၃၅၀ ကျော်နဲ့ ပြာယာခပ်နေခဲ့ပါတယ်။ စတိဗ်ဂျော့က
တစ်ဖန်ရောက်ရှိလာတဲ့နောက်ပိုင်းမှာ Customer တွေကို
အရိုးရှင်းဆုံးနဲ့အကောင်းဆုံး အတွေ့အကြုံ တွေပေးမည့် ရည်မှန်းချက်အပေါ်သာ
ပြန်လည် စူးစိုက်ခဲ့ပြီး Apple ကုမ္ပဏီ၏ ကုန်ပစ္စည်း ၁၀မျိုး ကိုသာ
ဦးတည်ထုတ်လုပ်ရန်လုပ်ဆောင်ခဲ့ ပါတယ်။ ထိုသို့ပြောင်းလဲခဲ့အပြီးမှာ Apple
ဟာ ကမ္ဘာ့ တန်ဖိုးအရှိဆုံး ကုမ္ပဏီဖြစ်လာခဲ့တာ လူတိုင်း သိပါတယ်။
အောင်မြင်သော ရင်းနှီးမြှုပ်နှံခြင်းမျိုး
----------------------------
ဘဝအောင်မြင်မှုနှင့် စီးပွားရေးအောင်မြင်မှုမျိုး သကဲ့သို့
ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင်လည်း အောင်မြင်နိုင်ရန်
သာမန်ရင်းနှီးမြှုပ်နှံသူများထက် ပို၍အမြတ်အစွန်းရရန် ကျွန်တော်တို့ဟာ
အချိန်အခါသိမှုနှင့် အာရုံစူးစိုက်မှုတို့ကို အထူးလိုအပ်ပါတယ်။
အောင်မြင်သော ရင်းနှီးမြှုပ်နှံခြင်းမျိုးဆိုတာ အချိန်အခါရယ်၊ စည်းကမ်းရယ်
စိတ်ရှည်ဖို့ရယ် လိုပါတယ်။ ဘယ်လောက်ပဲ ပါရမီပါသော် ကြိုးစားသော်လည်း
အချို့အရာတွေဟာ အချိန်အခါ ရောက်မှ ဖြစ်ထွန်းလာတတ်ပါတယ်။ ဥပမာ အမျိုးသမီး
ကိုးဦးကို ကိုယ်ဝန်ဆောင်ခိုင်ပြီး တစ်လ အတွင်း
ကလေးတစ်ဦးမွေးဖွားအောင်လုပ်ဖို့ မဖြစ်နိုင်သလိုမျိုးပါပဲ ဟု ဟာသနှော၍
ဝါရင်ဘူဖတ်က ရှင်းပြခဲ့ဖူးပါတယ်။
လက်တွေ့မှာ
သာမန်ပျှမ်းမျှအမြတ်အစွန်းကိုပဲ ပုံမှန် ရရှိဖို့
ရင်းနှီးမြှုပ်နှံသူတိုင်းအတွက် အလွန်ခက်ခဲ ပါတယ်။ ဒါကြောင့် မိမိဟာ
အတွေ့အကြုံများတဲ့ ဉာဏ်ကြီးရှင် ရင်းနှီးမြှုပ်နှံသူတစ်ယောက် မဟုတ်သေးလျှင်
ပထမဦးဆုံး ရင်းနှီးမြှုပ်နှံမှု ဈေးကွက်တွေမှာ ပျှမ်းမျှအမြတ်အစွန်းကိုပဲ
ရဖို့ အားထုတ်ကြိုးစားရပါမယ်။ ရင်းနှီးမြှုပ်နှံမှု လောက ဆိုသည်မှာ
ဉာဏ်ကြီးရှင်တွေတောင်မှ ဗျာများရင် ပါသွားတတ်ပါတယ်။
အောင်မြင်သော
ရင်းနှီးမြှုပ်နှံခြင်းပြုလုပ်နိုင်ဖို့ ပထမ အချက်အနေနဲ့ မရှုံးအောင်ဂရုထား
စူးစိုက်ရမှာ ဖြစ်ပြီး အခြာသူများအား ဆုံးရှုံးမှုတွေ ဖြစ်စေတဲ့ အမှားတွေကို
နားလည်သိထားရမည်ဖြစ်ကာ ၄င်း အမှားတွေကို ရှောင်ရှားနိုင်ရပါမယ်။
ရင်းနှီးမြှုပ်နှံသူ များသိသင့်တဲ့ အဆိုပါအမှားတွေဟာ အရောင်း
အဝယ်ကိုသွက်လက်လွန်းစွာ ဆုံးဖြတ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုအပေါ်
ယုံကြည်ချက် မြင့်မားလွန်းနေခြင်း၊ အရှုံးကို မကြောက်ခြင်း၊ အလွန်အမင်း
ချေးငှား၍ ရင်းနှီးမြှုပ်နှံခြင်းနှင့် နေ့စဉ်ဈေးအတက်အကျတွေ ကိုသာ ကြည့်၍
ဆုံးဖြတ်ချက်များ အလွယ်တကူ ပြုလုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒုတိယသိရမည့် အချက်မှာ မိမိ၏ ရင်းနှီးမြှုပ်နှံရခြင်း၏ အဓိက ရည်ရွယ်ချက်ကို
သိရှိရန်ဖြစ်ပြီး ထိုရည်ရွယ်ချက်ရရှိရန် အမြဲတစေ သင်ယူနေခြင်း၊ လွတ်လပ်စွာ
စဉ်းစားဆင်ခြင်ခြင်း နှင့် မှားယွင်းသော ဆုံးဖြတ်ချက်များချမိချိန်တွင်
လျင်မြန်စွာ သုံးသပ်ပြင်ဆင်နိုင်ရန် လုပ်ဆောင်ခြင်း တို့ကို
စူးစိုက်လုပ်ဆောင်နေရမည်ပဲ ဖြစ်ပါတယ်။ ထို့အပြင် ကျွန်တော်တို့ဟာ
ရင်းနှီးမြှုပ်နှံမှုပြုလုပ်မဲ့ အခွင့်အလမ်းတွေနှင့်
စီးပွားရေးလုပ်ငန်းတွေကို နှံ့စပ်စွာ သိအောင် စူးစိုက်၍ကြိုးစားရပါမယ်။
မိမိ နှံ့စပ်ကျွမ်းကျင်တဲ့ ဒေသ၊ စက်မှုကဏ္ဍ နှင့် စီးပွားရေးလုပ်ငန်းတွေမှာ
ရင်းနှီးမြှုပ်နှံမယ်ဆိုပါက ကျွန်တော်တို့ အားလုံး စိတ်ချယုံကြည်စွာ
ရင်းနှီးသင့် မသင့် ကို သိနိုင်ပါတယ်။ ထို့အတူ မည်သည့်
ရင်းနှီးမြှုပ်နှံမှုမျိုးကို မဆို ထိုအတိုင်း ကျွမ်းကျင်နှံ့စပ်စွာ
သိရန်ဦးစွာ စူးစိုက်လုပ်ဆောင် ရပါမယ်။ ထိုသို့နှံ့စပ်ရန်
စူးစိုက်နိုင်မှသာ ကျွန်တော်တို့ဟာ ဈေးကွက်အတွင်းမှာ အခြားသူတွေမမြင်တဲ့
ရင်းနှီးမြှုပ်နှံမှုအခွင့်ထူးတွေကို ရှာဖွေတွေ့ရှိနိုင်ပြီး သာမန်ထက်ပိုတဲ့
အမြတ်အစွန်း တွေကို ရရှိပါမယ်။
နေ့တိုင်းနေ့တိုင်း စာမျက်နှာ
၅၀၀ကျော် လောက်ရှိတဲ့ အများပိုင်ကုမ္ပဏီတွေရဲ့ နှစ်စဉ် စာရင်းရှင်းတမ်းတွေ
ကုန်သွယ်ရေးစာစောင်တွေ ဈေးကွက်သုတေသန သုံးသပ်ချက်တွေကို
တစိုက်မတ်မတ်ဖတ်ရှုပါ။ ဒီလိုလုပ်မှ စီးပွားရေး အသိပညာတွေ
အတွေ့အကြုံတွေတိုးပွားလာမှာပါ။ အသိပညာဆိုတာ အတိုးနှုန်းတိုးသွားသလိုပဲ
စူးစိုက် လေ့ကျင့်လေ အဆများစွာ ပွားများလာလေပါ။ အခု ပြောတာတွေကို
လူတိုင်းလုပ်နိုင်ပါတယ်။ ဒါပေမဲ့ အများစုကတော့ လုပ်မှာမဟုတ်ဘူးဆိုတာကို
ကျွန်တော်အာမခံပါတယ်ဟူ၍ လည်း ဘူဖတ်က အကြံပေးထားပါသည်။
ဘူဖတ်ပြောတာကို လူတိုင်းအလွယ်တကူ လုပ်နိုင် ပါတယ်။ ပြဿနာက အများစုက
မလုပ်ကြတာပါ။ အောင်မြင်သော ရင်းနှီးမြှုပ်နှံခြင်း၏ အဓိက သော့ချက်ဟာ
တကယ်တော့ ရင်းနှီးမြှုပ်နှံခြင်းနှင့် ပတ်သက်တဲ့ မိမိ၏ အသိပညာ
အတွေ့အကြုံတွေ ရဲ့အတိုင်းအတာကို ရှင်းလင်းစွာ သိရှိဖို့ပါ။ ဒါမှ မသိသေး
မရှင်းလင်းသေးတဲ့ အရာတွေကို စူးစိုက် လေ့လာနိုင်မှာပါ။ ဒါကြောင့်
လေ့လာသုံးသပ်ဖို့ လုံလောက်တဲ့ အချိန်နဲ့ လိုအပ်တဲ့ အာရုံစူးစိုက်မှု
မပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံသူများဟာ စတော့ဈေးကွက်ကပေးတဲ့
ပျှမ်းမျှအမြတ်အစွန်း ထက်ပိုရဖို့အတွက် အခြားကိုယ်မသိတဲ့ အစုရှယ်ယာတွေမှာ
စူးစမ်းရင်းနှီးခြင်း မပြုသင့်ပါဘူး။
သို့သော်လည်း
ဘယ်လိုရင်းနှီးမြှုပ်နှံရမလဲဆိုတာကို တစူးတစိုက်
ကြိုးစားလေ့လာခြင်းအားဖြင့် ကျွန်တော်တို့ဟာ ရင်းနှီးမြှုပ်နှံမှု
အခွင့်အလမ်းတစ်ခု ကို တန်ဖိုးဖြတ်နိုင်မဲ့ ပညာ၊ ရင်းနှီးမြှုပ်နှံမည့်
စီးပွားရေးလုပ်ငန်းကဏ္ဍကို နားလည်သဘောပေါက် နိုင်မဲ့ ပညာကို
နေ့စဉ်တည်ဆောက်နိုင်လာမှာ ဖြစ်ပါတယ်။ ဘူဖတ်အောက်မှာပြောထားသလိုပါပဲ။
ကျွန်တော်ဟာ ပိုတော်တဲ့ ရင်းနှီးမြှုပ်နှံသူ တစ်ဦးဖြစ်တာဟာ ကျွန်တော်က
စီးပွားရေးသမားတစ်ဦးဖြစ်လို့ ဖြစ်ပါတယ်၊ ကျွန်တော်ဟာ ပိုအောင်မြင်တဲ့
စီးပွားရေးသမားဖြစ်တာဟာတော့ ကျွန်တော်က
ရင်းနှီးမြှုပ်နှံသူတစ်ဦးလည်းဖြစ်လို့ပါ။
I am a better investor because I am a businessman and I am a better businessman because I am an investor.
စီးပွားရေးမှာ နှံ့စပ်ကျွမ်းကျင်ပါမှ ပိုတော်ပိုမြတ်တဲ့
ရင်းနှီးမြှုပ်နှံသူဖြစ်မှာပါ။ နှံ့စပ်ကျွမ်းကျင်အောင် မိမိ ဘက်မှ
စူးစိုက်စွာ လေ့လာလိုက်စားနေရပါမယ်။
ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဟာ ဘဝတစ်လျှောက်လုံး စူးစိုက်စွာ
တစိုက်မတ်မတ် ပြုလုပ်သွားရမည့် အရာပါ။ တာတိုပြေးတာမျိုးမဟုတ်ပါ။ အကယ်၍
ကျွန်တော်တို့ဟာ အချိန်နှင့် အာရုံစူးစိုက်မှုကို မပျက်မကွက်
ပေးစွမ်းနိုင်ပါက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းကို စွဲမြဲသင်ယူခြင်းဟာ
ကျွန်တော်တို့ ဘဝတစ်လျှောက်လုံးတွင် အမြတ်ဝေစုများကို ရရှိစေမှာပါ။
Motley Fools မှာ ဖော်ပြခဲ့တဲ့ Dan Dzombak ရေးသားတဲ့ အကြံပေးဆောင်းပါးကို
ဘာသာပြန် တင်ဆက်ထားခြင်းဖြစ်သည်။ အတွေးအမြင်အစုံ အလင်ကို
ရင်းနှီးမြှုပ်နှံသူအများ ဖတ်ရှုဆင်ခြင် နိုင်ရန်ရည်ရွယ်၍သာ
တင်ဆက်လိုက်ပါသည်